သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းလုပ်ငန်းခွင်မှာ မြန်မာ ၆ ယောက်သေဆုံး


ထိုင်းနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုမှာ ကရိန်းပြုတ်ကျလို့ မြန်မာ ၆ ယောက်သေဆုံး
ထိုင်းနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုမှာ ကရိန်းပြုတ်ကျလို့ မြန်မာ ၆ ယောက်သေဆုံး

ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်၊ ရယောင်မြို့နယ်ထဲက ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုမှာ ကရိန်းပြိုကျလို့ မြန်မာလုပ်သား ၆ ယောက် သေဆုံးခဲ့ပါတယ်။ သေဆုံးခဲ့သူတွေအတွက် နစ်နာကြေးရနိုင်ဖို့ ကျန်အလုပ်သမားထောင်ချီ တောင်းဆိုကြတဲ့အတွက် ရဲက ဝင်ရောက်ဖြေရှင်းခဲ့ရပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ် ။

ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်၊ ရယောင်မြို့နယ် ဘိုတဲမြို့မှာ အလုပ်သမား ၃ ထောင်ကျော် အလုပ်လုပ်နေတဲ့ သံထည်ပစ္စည်း ထုတ်လုပ်တဲ့ စက်ရုံဝန်းထဲက ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုမှာ မတ်လ ၂၉ ရက် သောကြာနေ့က ကရိန်းပြုတ်ကျလို့ မြန်မာအလုပ်သမားတွေ သေဆုံးခဲ့ပါတယ်။ စုစုပေါင်း ၇ ယောက်မှာ ၆ ယောက်က မြန်မာအလုပ်သမားတွေ ဖြစ်တယ်လို့ အလုပ်သမားတွေကို အကူညီပေးနေတဲ့ MHAC (Myanmar Humanitarian Action Centre) က တာဝန်ခံ ကိုရဲမင်းက အခုလို ပြောပြပါတယ်။

"ထိုင်းနိုင်ငံ ရယောင်ခရိုင်မှာရှိတဲ့ သံစက်ရုံ ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုမှာ ကရိန်းအမြင့်အကြီးစားတခု ပြိုကျပြီး မြန်မာလုပ်သား ၆ ယောက် သေဆုံးသွားပါတယ်။ အားလုံး ၇ ယောက် သေဆုံးသွားတဲ့ဖြစ်စဉ်မှာ မနေ့တုန်းက ရဲတွေရောက်လာတယ်။ ကယ်ဆယ်ရေးကားတွေ၊ လူမှုရေးကားတွေက အလောင်းတွေသယ်ဖို့ ရောက်လာတယ်။ အဲဒီအချိန်မှာ အလုပ်သမားတွေက ကျေနပ်မှု မရှိကြဘူး၊ အရင်တုန်းကလည်း အဲဒီလိုဖြစ်စဉ်တွေ ဖြစ်တိုင်းမှာ အလုပ်ရှင်က တာဝန်ယူမှု အားနည်းတယ်။ အလောင်းသယ်မယ့် ကားတွေကို ပိတ်ထားတယ်၊ ဒီသေဆုံးတဲ့သူတွေအတွက် ဘယ်လောက် နစ်နာကြေးပေးမလဲဆိုတာကို တောင်းဆိုကြတယ်။ အလုပ်သမားတွေက ထောင်နဲ့ချီပြီး အလုပ်ရှင်ကို တောင်းဆိုကြတယ်။ ရဲတွေလည်း ရောက်လာကြတယ်။

သေဆုံးခဲ့သူတွေအတွက် တယောက်ကို ဘတ်ငွေ ၁၆ သိန်းစီ နစ်နာကြေးပေးဖို့ တောင်းဆိုကြတာ ဖြစ်ပါတယ်။ အလုပ်ရှင်တွေဘက်က ဘတ် ၅ သိန်း အရင်ပေးပြီးမှ နောက်ထပ် ၃ လကြာမှ ကျန်နစ်နာကြေးပေးမယ်လို့ သဘောတူထားပေမဲ့ အမှန်တကယ်ရနိုင်ဖို့ တောင်းဆိုနေကြတာ ဖြစ်ပါတယ်။

ပထမ သဘောတူညီချက် စာရွက်က ပြည်စုံမူ့ မရှိတာကြောင့် အလုပ်သမားတွေဘက်က ထပ်မံတောင်းဆိုမူ့ လုပ်ခဲ့တာ ဖြစ်တယ်လို့လည်း MHAC အဖွဲ့ မဖြူသဇင်ဦးက ပြောပါတယ်။

ကျန်တဲ့ ပိုက်ဆံဘတ် ၁၁ သိန်းကို ပြန်ပေးမယ်။ ဒါပေမဲ့ ပြန်ပေးမယ်ပဲ ရေးထားတာ။ ၅ သိန်း လက်ခံတဲ့ အလုပ်သမားကို လက်မှတ်ထိုးခိုင်းတယ်။ လက်မှတ်ထိုးခိုင်းတယ်။ လက်ဗွေနှိပ်ခိုင်းတယ်။ နောက်ထပ် ၃ လအတွင်းမှာ ပြန်ပေးမယ်ဆိုတဲ့ စက်ရုံက နံမည်မပါဘူး။ တံဆိပ်မပါဘူး။ စက်ရို့လိုဂို မပါဘူး။ စက်ရုံသူဌေး လက်မှတ်မပါဘူး။ အသိသက်သေတွေရဲ့ လက်မှတ်မပါဘူး။ ထိုင်းအာဏာပိုင်တွေရဲ့ လက်မှတ်မပါဘူး။ အဲဒါကိုနောက် ၃ လမှာ စက်ရုံပိုင်ရှင်က ပြန်မပေးဘူးဆိုရင် တိုင်တဲ့နေရာ မရှိဘူး ဖြစ်နေတယ်။

ချွန်ဘူရီခရိုင်ထဲက အလုပ်သမား ၃ ထောင်ကျော် အလုပ်လုပ်နေတဲ့ သံထည်ပစ္စည်း ထုတ်လုပ်တဲ့ စက်ရုံမှာ နောက်ထပ် စက်ရုံအဆောက်အဦးတခု ဆောက်လုပ်စဉ်မှာ ကရိန်းပြိုကျခဲ့တာ ဖြစ်ပါတယ်။ သေဆုံးသွားတဲ့ မြန်မာအလုပ်သမားတွေ နစ်နာကြေး အပြည့်အဝ ရရှိရေးသေချာတဲ့ အာမခံချက် စာချုပ်ပေးဖို့ ကျန်တဲ့ အလုပ်သမားတွေက တောင်းဆိုနေကြပါတယ်။

Forum

XS
SM
MD
LG