သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟောင်ကောင်ရဲကို ဗုံးခွဲဖို့ကြံစည်သူ ၇ ဦးထဲက ၆ ဦးကို တရားသေလွှတ်ပေး


ဟောင်ကောင်ကျွန်းက ဟောင်ကောင်တရားရုံးချုပ်
ဟောင်ကောင်ကျွန်းက ဟောင်ကောင်တရားရုံးချုပ်

၂၀၁၉ ခုနှစ်က ဟောင်ကောင်မှာ ရဲတွေကို ဗုံးခွဲတိုက်ခိုက်ဖို့ ကြံစည်မှု နဲ့ ပတ်သက်ပြီး ဖမ်းဆီးထားတဲ့သူ ၇ ယောက်ထဲက ၆ ယောက်ကို တရားသေ လွှတ်ပေးလိုက်ပြီး ၁ ယောက်ကို အပြစ်ရှိတယ်လို့ ဟောင်ကောင်က ဂျူရီအဖွဲ့က ဒီနေ့မှာ ဆုံးဖြတ်လိုက်ပါတယ်။ ဟောင်ကောင်မှာ ဒီမိုကရေစီရေးထောက်ခံတဲ့ ဆန္ဒပြပွဲတွေ အကြီးအကျယ်ဖြစ်နေတဲ့အချိန်အတွင်း ရဲတွေကို ဗုံးခွဲတိုက်ခိုက်ဖို့ ကြံစည်ခဲ့တာဖြစ်ပါတယ်။

အဲဒီလူ ၇ ယောက်ဟာ အစွန်းရောက်အဖွဲ့ ၂ ခုက ဖြစ်ပြီး၊ အဲဒီထဲက တဖွဲ့ကတော့ Dragon Slayers ဆိုတဲ့အဖွဲ့ဖြစ်ပြီး၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ လူထုဆန္ဒပြချီတက်ပွဲမှာ ရဲတပ်ဖွဲ့ဝင်တွေကို ဗုံးခွဲတိုက်ခိုက်ဖို့ ကြံစည်ခဲ့တာဖြစ်တယ်လို့ အစိုးရရှေ့နေတွေက ပြောပါတယ်။ အဲဒီလူတွေကို ၂၀၁၉ ဒီဇင်ဘာ ၁၀ ရက်နေ့က လူထုဆန္ဒပြချီတက်တဲ့လမ်းတလျှောက် ဗုံး ၂ လုံး ထောင်ဖို့ ပူးပေါင်းကြံစည်တယ်ဆိုပြီး အကြမ်းဖက်ဝါဒတန်ပြန်နှိမ်နှင်းရေး အက်ဥပဒေတွေနဲ့ စွဲချက်တင်ခဲ့တာဖြစ်ပါတယ်။ ဒါဟာ ၂၀၀၂ ခုနှစ်က အဲဒီဥပဒေကို စတင်ပြဌာန်း လိုက်ချိန်ကစပြီး ပထမဆုံးအကြိမ် အသုံးပြုခဲ့တာဖြစ်ပါတယ်။

ဟောင်ကောင်သတင်းမီဒီယာတွေကတော့ တရားစွဲခံထားရတဲ့သူတွေထဲက ၆ ယောက်ကို အပြစ်မရှိကြောင်း ဆုံးဖြတ်လိုက်ပြီး၊ အသက် ၂၉ နှစ်အရွယ် Lai Chun-pong ကိုတော့ လူတွေရဲ့ အသက်တွေ အန္တရာယ်ဖြစ်အောင် ဒါမှမဟုတ် အများပိုင်ပစ္စည်းတွေကို ထိခိုက်ပျက်စီးတဲ့အထိ ဖောက်ခွဲတိုက်ခိုက်ဖို့ ကြံစည်မှုနဲ့ အပြစ်ရှိတယ်လို့ ဒီနေ့မှာ ဆုံးဖြတ်ခဲ့ကြောင်း ဖော်ပြပါတယ်။ ဒီဥပဒေပုဒ်မအရတော့ ပြစ်ဒဏ်အနေနဲ့ ထောင်ဒဏ် အနှစ် ၂၀ အထိ ချမှတ်နိုင်တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG