သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၆ ပွင့်ဆိုင် ထိပ်သီးဆွေးနွေးပွဲ ကျင်းပမည်


ပြည်ထောင်စုလွှတ်တော်က တောင်းဆိုထားတဲ့ ခြောက်ပွင့်ဆိုင်ဆွေးနွေးပွဲကို လာမယ့် သောကြာနေ့ ဧပြီလ ၁၀ ရက်နေ့မှာ ပြုလုပ်သွားဖို့ ရှိတယ်လို့ ဒီကနေ့ ပြုလုပ်တဲ့ သမ္မတနဲ့ နိုင်ငံရေးခေါင်းဆောင်များ၊ တိုင်းရင်းသားခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပွဲမှာ ဆုံးဖြတ်လိုက်ပါတယ်။

ဆွေးနွေးပွဲမှာ ပြည်တွင်းငြိမ်းချမ်းရေးအတွက် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်ကို အမြန်ဆုံး လတ်မှတ်ရေးထိုးနိုင်ဖို့ကိုလည်း ထည့်သွင်းဆွေးနွေးခဲ့တာအပြင် လာမယ့် ၂၀၁၅ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အချက်တွေ ပါဝင်ပါတယ်။ အပြည့်အစုံကို နေပြည်တော်မှာ ကိုယ်တိုင်သတင်းယူနေတဲ့ ကိုစည်သူက သတင်းပေးပို့လိုက်ပါတယ်။

သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်၊ ဒေါ်အောင်ဆန်းစုကြည်၊ လွှတ်တော်ဥက္ကဋ္ဌ နှစ်ဦးနဲ့ တိုင်းရင်းသားကိုယ်စားလှယ်တဦးတို့ ပါဝင်တဲ့ ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးကို လာမယ့် သောကြာနေ့ ဧပြီလ ၁၀ ရက်နေ့မှာ ပြုလုပ်သွားဖို့ သမ္မတနဲ့ နိုင်ငံရေးခေါင်းဆောင်တွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေက ဒီကနေ့မှာ သဘောတူ အတည်ပြုကြောင်း ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ဆွေးနွေးပွဲအပြီးမှာ သတင်းမီဒီယာတွေကို ပြောခဲ့တာပါ။

“ပြည်ထောင်စု လွှတ်တော်ကနေပြီးတော့မှ အရေးကြီးအဆိုအဖြစ် တင်သွင်းပြီး ဆုံးဖြတ်ထားတဲ့ ခင်ဗျားတို့ ၆ ပွင့်ဆိုင် ဆွေးနွေးပွဲလို့ ခေါ်နေတဲ့ လူကြီး ၆ ယောက်ရဲ့ နိုင်ငံ့ရေးရာ ဆွေးနွေးပွဲကို ကျနော်တို့ ၁၀ ရက်နေ့မှာ လုပ်ပါမယ်။ နိုင်ငံတော်သမ္မတ အိမ်တော်မှာ လုပ်ပါမယ်။”

ပြည်ထောင်စုလွှတ်တော်ရဲ့ တောင်းဆိုချက်အရ တိုင်းရင်းသားကိုယ်စားလှယ်အဖြစ် ဒေါက်တာအေးမောင်တဦးတည်းနဲ့ မလုံလောက်နိုင်ဘူးလို့ ဝေဖန်သံတွေ ထွက်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီကနေ့ အစည်းအဝေးကို တက်ရောက်လာတဲ့ တိုင်းရင်းသားကိုယ်စားလှယ်အားလုံးက သဘောတူခဲ့ကြတယ်လို့ ဦးရဲထွဋ်က ပြောပါတယ်။ ဒီကနေ့ ဆွေးနွေးပွဲအတွင်း တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအတွက် ဆွေးနွေးတာတွေ၊ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲပြင်ဆင်မှုနဲ့ ရွေးကောက်ပွဲအပြီး နိုင်ငံရေးအခြေအနေတွေကို ဆွေးနွေးခဲ့တယ်လို့ ပြန်ကြားရေးဝန်ကြီးက ပြောပါတယ်။

“ပြီးရင် ဒီ NCA ကို အားလုံး သဘောတူနိုင်ဖို့ တိုင်းရင်းသားတွေဖက်က သဘောတူနိုင်ဖို့အတွက် အားလုံးဝိုင်းဝန်း ပါဝင်ပူးပေါင်းပြီးတော့မှ တိုက်တွန်းကြဖို့၊ ပူးပေါင်းဆောင်ရွက်ကြဖို့ ဆိုတဲ့ဟာကို ကျနော်တို့ ဆွေးနွေးတာ ရှိပါတယ်။ နောက်တခုကတော့ နိုင်ငံရေး ဆွေးနွေးပွဲတွေ လုပ်တဲ့အခါမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ခေါင်းဆောင်တွေတင် မကဘဲနဲ့ ကျန်တခြား တိုင်းရင်းသား ခေါင်းဆောင်တွေ ပါဝင်နိုင်ဖို့၊ ပါဝင်မယ်၊ နောက်တခါ တခြားနိုင်ငံရေး ပါတီတွေအပြင်၊ တခြားပါဝင်သင့် ပါဝင်ထိုက်တဲ့ အဖွဲ့အစည်းတွေလည်း ပါဝင်မှာဖြစ်တယ် ဆိုတာကို ကျနော်တို့ ပြောသွားခဲ့ပါတယ်။ နောက်တခုကတော့ ကြားကာလ နိုင်ငံရေးအခြေအနေ တည်ငြိမ်မှုနဲ့ ပတ်သက်ပြီးတော့မှ အားလုံးပါဝင် ဆောင်ရွက်သင့်တဲ့ လုပ်ငန်းတွေ၊ ထားရှိရမယ့် သဘောထားတွေကို ဆွေးနွေးသလိုပဲ၊ ရွေးကောက်ပွဲမတိုင်ခင် ကြားကာလ နိုင်ငံရေး တည်ငြိမ်မှုသာမက ရွေးကောက်ပွဲအလွန်၊ ကျနော်တို့ နိုင်ငံရေး တည်ငြိမ်မှုကိုပါ စဉ်းစားဖို့ လိုအပ်တယ်ဆိုတဲ့ အချက်ကိုလည်း ဆွေးနွေးသွားတဲ့လူတွေ ရှိပါတယ်။”

အဲဒါအပြင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သတ်လို့ တချို့အချက်အလက်တွေကိုလည်း ထည့်သွင်းဆွေးနွေးပါတယ်။

“ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်လို့ တချို့တော့ ထည့်ပြီးတော့မှ တချို့ပုဒ်မတွေကို ထည့်ပြောသွားတာမျိုးတွေ ရှိတယ်။ Power-sharing ကိစ္စလိုမျိုး၊ နောက်တခါ သယံဇာတ ခွဲဝေခြင်းလို ကိစ္စမျိုး၊ အခွန်ခွဲဝေခြင်းလို ကိစ္စမျိုးတွေကို ဆွေးနွေးသွားတာတွေလည်း ရှိတယ်။ ဆိုလိုတာက ဒီမှာဆွေးနွေးလိုက်တဲ့အခါမှာ တက်ရောက်တဲ့ သူတွေထဲမှာ မကြာခင်မှာလုပ်မယ့် ခေါင်းဆောင် ၆ ယောက် ဆွေးနွေးပွဲမှာ တက်ရောက်မယ့်လူတွေ ပါနေတာကိုး။ ပါနေတဲ့အတွက်ကြောင့်မို့ သူတို့အနေနဲ့က ကိုယ့်ရဲ့ကိုယ်ပိုင်အမြင် အပြင်ကို ကျန်တဲ့အဖွဲ့အစည်းတွေ၊ ပါတီတွေ၊ တိုင်းရင်းသားရေးရာ ဝန်ကြီးတွေ၊ တိုင်းရင်းသားတွေရဲ့ အမြင်တွေလည်း စဉ်းစားသွားခွင့်ရတာပေါ့။ ဒါကြောင့်မို့လို့ ဒီမှာအားလုံးဝိုင်းပြီး အမြင်ဖလှယ်တဲ့ ဟာတွေဟာ ခုနပြောတဲ့ ၆ ပွင့်ဆိုင်၊ ခင်ဗျားတို့ပြောနေတဲ့ ၆ ပွင့်ဆိုင်ခေါ်တဲ့ ဆွေးနွေးပွဲ ကျရင်တော့ လူကြီးတွေအတွက် ဆွေးနွေးစရာ အချက်တွေ ပိုပြီးတော့ ရသွားနိုင်တယ်။ ကိုယ်မစဉ်းစားမိတဲ့ ရှုဒေါင့်တွေလည်း စဉ်းစားခွင့် ရသွားနိုင်တာပေါ့။ ဒါကြောင့်မို့လို့ ကျနော်တို့က ပိုအကျိုးရှိတယ်လို့တော့ ပြောလို့ရတယ်။”

ခြောက်ပွင့်ဆိုင်ဆွေးနွေးပွဲမှာ ဘယ်အချက်တွေကို အဓိကထားပြီး ဆွေးနွေးကြမလဲ ဆိုတာကတော့ ခေါင်းဆောင် ၆ ဦးအပေါ်မှာပဲ မူတည်ကြောင်း ဦးရဲထွဋ်က ဆက်ပြောခဲ့ပါတယ်။ ဒီကနေ့ ပြုလုပ်တဲ့ သမ္မတနဲ့ နိုင်ငံရေးခေါင်းဆောင်တွေ တိုင်းရင်းသားကိုယ်စားလှယ်တွေ တွေ့ဆုံတဲ့ပွဲဟာ ဒုတိယအကြိမ် လုပ်တာပါ။ ၂၀၁၅ ဇန်နဝါရီလ ၁၂ ရက်နေ့တုန်းက တက်ရောက်ခဲ့တဲ့ ကိုယ်စားလှယ် ၄၈ ဦးကို ဖိတ်ကြားခဲ့ပေမဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရခိုင်ပြည်နယ်ကို ခရီးလွန်နေတာကြောင့် မတက်ရောက်နိုင်တဲ့အပြင် တိုင်းရင်းသားကိုယ်စားလှယ် ၃ ဦးလည်း မတက်ရောက်နိုင်ဘဲ ကိုယ်စားလှယ် ၄၄ ဦးနဲ့ အစည်းအဝေးကို ကျင်းပခဲ့ပါတယ်ခင်ဗျာ။

XS
SM
MD
LG