သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

“စစ်ကောင်စီကို ထိထိရောက်ရောက်အရေးယူဖို့ အချိန်တန်ပြီ”ကုလကိုယ်စားလှယ်


ဗွီအိုအေ မြန်မာပိုင်းကို စကိုက်ကနေ ဖြေကြားနေတဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Tom Andrews

စစ်ကောင်စီအနေနဲ့ သူတို့အာဏာတည်မြဲရေးအတွက် ဘာမဆိုအစွမ်းကုန်အတိုင်းအဆမဲ့ လုပ်သွားမယ်ဆိုတာကို ပြနေပြီး နိုင်ငံတကာအနေနဲ့ ထိထိရောက်ရောက် အရေးယူဆောင်ရွက်ဖို့ အချိန်တန်ပြီလို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ် Tom Andrews ကဗွီအိုအေကိုပြောပါတယ်။ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ၊ NLD လွှတ်တော်အမတ်ဟောင်း ကိုဇေယျာသော်တို့ကို ကွပ်မျက်ခဲ့တဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်နဲ့ ပတ်သက်လို့ Tom Andrews ကို မအင်ကြင်းနိုင်က Skype ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။

Tom Andrews ။ ။တကယ့်ကို အမျက် ဒေါသထွက်စရာပါ။ စစ်ကောင်စီဟာ မြန်မာပြည်သူတွေ ကြောက်ရွံ့သွားအောင် ကြိုးပမ်းရာမှာ ဘာမဆို အစွမ်းကုန် အတိုင်းအဆမဲ့ လုပ်သွားမယ်ဆိုတဲ့ ဆန္ဒ သူတို့မှာရှိနေတယ်ဆိုတာကို ပြနေတာပါ။ လူထောင်ပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ရသလို လူပေါင်း တသောင်းလေးထောင်ကျော် မတရားဖမ်းဆီးချုပ်နှောင်ထားတဲ့ စစ်ကောင်စီရဲ့လုပ်ရပ်ကလည်း ဆက်စပ်နေပါတယ်။ နောက်ပြီး ကလေးပေါင်း ၁၄၀၀ လောက်လည်း မတရားဖမ်းဆီးထိန်းသိမ်းခံထားရတာပါ။ အခြေအနေတွေပိုဆိုးလာနေတာ တကယ့်ကို ကြောက်စရာကောင်းတဲ့ အိပ်မက်ဆိုးတခုပါပဲ။ ဒါပေမယ့် လွတ်မြောက်ရေးအတွက်၊ မြန်မာပြည်သူပြည်သားတွေဘက်က ရပ်တည်ပြီး စစ်ကောင်စီကို ဆန့်ကျင်တိုက်ပွဲဝင်နေကြသူတွေရဲ့ မိသားစုတွေ၊ သူငယ်ချင်းတွေ၊ ချစ်ခင်ရသူတွေအတွက်လည်း တကယ့်ခံစားရပါတယ်။
နောက်ကွယ်က အကြောင်းအရာကို ကျနော့်ပုဂ္ဂိုလ်ရေးအမြင်အရ ပြောရရင် မြန်မာပြည်သူတွေကြားအကြောက်တရားပျံ့နှံ့သွားအောင် စစ်ကောင်စီက ကြိုးပမ်းနေတယ်။ သူတို့ကို တတိုင်းတပြည်လုံးက ပြည်သူတွေ ထောက်ခံမှုမရှိဘူး၊ ဝေဖန်ကန့်ကွက်နေကြတယ်ဆိုတာကိုလည်း စစ်ကောင်စီက သိနေတယ်။ အဲတော့ လူတွေကို ဒီထက်ပိုပြီး ကြောက်ရွံ့သွားအောင်လုပ်တယ်၊ ပြီးတော့ အခုလို ကွပ်မျက်လိုက်တဲ့ကြောက်မက်ဖွယ်လုပ်ရပ်ကို လူတွေကြည့်ပြီး အတိုက်အခံလုပ်ရပ်တွေမှာ ပါဝင်မယ်ဆိုရင် အသတ်ခံရမယ်ဆိုတဲ့ အမြင်မျိုး ဖြစ်အောင် လုပ်ပြတာပါ။ ဒါပေမယ့် အလုပ်မဖြစ်ဘူးဆိုတာ ကျနော်ပြောချင်ပါတယ်။ အဲဒီအစား ဆန့်ကျင်ဘက် အကျိုးသက်ရောက်မှုတွေဖြစ်လာတာပါ။ စစ်ကောင်စီရဲ့ သွေးရှူးသွေးတမ်း လုပ်ရပ်ကို တနိုင်ငံလုံးက ရှုတ်ချနေကြပါတယ်။

အင်ကြင်းနိုင် ။ ။ ဒါဆိုရင် စစ်ကောင်စီရဲ့ အကြောင်းပြချက်ဖြစ်တဲ့ သူတို့ ကွပ်မျက်လိုက်သူတွေဟာ အပြစ်မဲ့ပြည်သူ ၅၀ ကျော်ကို ရက်ရက်စက်စက်သတ်ဖြတ်ခဲ့တဲ့ နောက်ကွယ်က ကြိုးကိုင်သူတွေဖြစ်တယ်ဆိုတဲ့ အချက်အပေါ်မှာ Tom ဘယ်လိုမြင်ပါသလဲ။

Tom Andrews ။ ။ စစ်ကောင်စီအနေနဲ့ သွေးရူးသွေးတမ်းဖြစ်နေတယ်လို့ ကျနော်ထင်တယ်။ စစ်ကောင်စီကို မြန်မာနိုင်ငံမှာ တော်တော်များများက မုန်းတီးနေကြပေမယ့် သူတို့ကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေမှာပါဝင်သူတွေ၊ မြန်မာပြည်သူတွေကြားမှာ ကြောက်ရွံ့မှုတွေလွှမ်းမိုးအောင် ဆိုတဲ့ တကယ့်ကို ယုတ္တိမတန်တဲ့အယူအဆ သူတို့မှာရှိနေတယ်။ ငါတို့ကို မြန်မာပြည်သူတွေ မုန်းတီးနေကြတယ်၊ ဒါကြောင့် ငါတို့ကို ဆန့်ကျင်သူတွေကို တားဆီးဖို့ သူတို့တွေမှာ အကြောက်တရားပိုပြီးရှိလာအောင် သွတ်သွင်းရမယ်လို့ သူတို့တွေးကြပုံရပါတယ်။ ဒါက ကျနော်နားလည်ထားသလောက်ရှင်းပြတာပါ။ ဒါပေမယ့် ဒီလိုကွပ်မျက်မှုက စစ်ကောင်စီရဲ့ ကြောက်စရာကောင်းတဲ့ လုပ်ရပ်ပေါင်းများစွာထဲက တခုဖြစ်ပြီးတော့ ဒီအတွက်လည်း သူတို့မှာ တာဝန်ရှိပါတယ်။

အင်ကြင်းနိုင်။ ။ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းဘက်က စစ်ကောင်စီကို ဝိုင်းဝန်းဖိအားပေးတဲ့နေရာမှာ ထိရောက်မှုမရှိခဲ့ဘူးလို့ အများက ထောက်ပြနေကြပါတယ်။ အခုဆိုရင် ဒီလို ကွပ်မျက်သတ်တဲ့ အဆင့်ထိရောက်လာပါတယ်။ အဲတော့ ဒီလို မြန်မာနိုင်ငံ ရင်ဆိုင်နေရတဲ့အခြေအနေကို ကျော်လွှားဖို့ အခြားနည်းလမ်းရှိမယ်လို့ ထင်ပါသလား။

Tom Andrews ။ ။ ကျနော်တို့ဟာ မြန်မာနိုင်ငံရဲ့ ပြိုလဲနေတဲ့အခြေအနေကို စောင့်ကြည့်နေရတာပါ။ တိုင်းပြည်လူဦးရေ တဝက်လောက်ဟာ ဆင်းရဲမွဲတေနေပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ဟာလည်း လုံးဝကို ပြိုကျနေပါတယ်။ ပြည်တွင်းထဲမှာ ဖြစ်ပျက်နေတာတွေက ကြောက်စရာကောင်းပါတယ်။ ဒါကြောင့် ကျနော်ယုံကြည်တာက နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ စကားလုံးတွေနဲ့ ရှုတ်ချရုံသာမက ဝိုင်းဝန်း အရေးယူဖို့ အရေးကြီးပါတယ်။ ဒီနည်းလမ်းကပဲ ဒီလို ထိတ်လန့်တုန်လှုပ်စရာကောင်းတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို ရပ်တန့်နိုင်မှာဖြစ်ပါတယ်။

-----------------------








XS
SM
MD
LG