သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နှစ်၂၀ ကျော် ကျွန်ပြုခံရသူ ရေလုပ်သား ကိုမြင့်နိုင် မိသားစုနှင့်ပြန်ဆုံ


ကျွန်ပြုခဲ့ရတဲ့ ရေလုပ်သား ကိုမြင့်နိုင် မိသားစုနဲ့ပြန်ဆုံ။
ကျွန်ပြုခဲ့ရတဲ့ ရေလုပ်သား ကိုမြင့်နိုင် မိသားစုနဲ့ပြန်ဆုံ။

ငါးဖမ်းလှေတွေ ပေါ်မှာ ကျွန်တွေလို ဖမ်းဆီးချုပ်နှောင်ပြီး အတင်းအဓမ္မ ခိုင်းစေခံခဲ့ ရတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၈၀၀ လောက် အင်ဒိုနီးရှား ကနေ မြန်မာပြည် ကို ပြန်ပို့ခဲ့ပြီးဖြစ်ပါတယ်။ အဲဒီထဲက အနှစ် ၂၀ ကျော် ငါးဖမ်းကျွန် ဘဝ နဲ့ လှုပ်ရှား ရှောင်တိမ်းခဲ့ရတဲ့ ကိုမြင့်နိုင်အကြောင်း အေပီ သတင်းဆောင်းပါးကို အခြေခံပြီး ကိုငြိမ်းချမ်းက ပြောပြပါမယ်။

အင်ဒိုနီးရှားနိုင်ငံက ကျွန်းစုတွေပေါ်မှာ မြန်မာရေလုပ်သားတွေ အပါအဝင် အိမ်နီးချင်း နိုင်ငံက ရွှေ့ပြောင်းအလုပ်သမားတွေကို ကျွန်တွေလို ဖမ်းဆီးချုပ်နှောင်ပြီး အတင်းအဓမ္မ ခိုင်းစေထားတဲ့ သတင်းကို အေပီ သတင်းဌာန က ဖော်ထုတ်ပြီးတဲ့နောက်မှာ မြန်မာ ရေလုပ်သား ၈၀၀ နီးပါး လောက်ဟာ ကျွန်ဘဝက လွှတ်မြောက်ပြီး မြန်မာပြည်ကို ပြန်ရောက်လာကြပြီ ဖြစ်ပါတယ်။

အဲ့ဒီ အထဲ က အနှစ် ၂၀ ကျော် လောက် ကျွန်ပြုတာနဲ့ အဲဒါကို ပုန်းရှောင်ခဲ့တဲ့ ကိုမြင့်နိုင် အကြောင်းကို ပြောပြပါမယ်။ မြန်မာနိုင်ငံမှာ ဆင်းရဲကြပ်တည်းမှု ကို ဖြေရှင်းဖို့ အတွက် ထိုင်းကို အလုပ်ရှာဖို့ ထွက်ခဲ့တဲ့ အသက် ၁၈ နှစ်အရွယ် ကို မြင့်နိုင်ဟာ ထိုင်း ငါးဖမ်းလှေပေါ် ရောင်းစားခံရပြီး လခမပေးပဲ ကျွန်လို ခိုင်းခဲ့ရတာပါ။ သူ့အတွေ့အကြုံကို အခုလို ပြောပါတယ်။

" အဲ့ဒီ့တော့ စဉ်းစားကြည့် အစ်ကို၊ နွားလောက်တောင် တန်ဖိုး မရှိဘူးဖြစ်သွားတာပေါ့။ လှိုင်းကြား လေကြားထဲမှာ စိုရွှဲနေတဲ့ အဝတ်အစားကို ပြန်ဝတ် ပြန်ခြောက် နဲ့ အအေးတွေ ဘာတွေ ပတ် ဖျားနာ အဲ့လိုဖြစ်တာပေါ့။ နောက်ပြီးတော့ အစားအသောက် ပုံမှန် မကျွေးဘူး။ ညဆိုလည်း မအိပ်ရဘူး။ နေ့ဆိုလည်း မအိပ်ရဘူး။ "

ပထမအခေါက် ကျွန်ပြုခံခဲ့ရတာ ငါးနှစ်လောက်ကြာခဲ့ပြီး အဲဒီ လှေပေါ်က နေခုန်ချ ထွက်ပြေးခဲ့ပါတယ်။ အင်ဒိုနီးရှားက ကျွန်းစုတွေ ပေါ်မှာ ပုန်းအောင်းနေပြီး ငါးနှစ်အကြာမှာတော့ မြန်မာပြည်ကို ပြန်ခွင့်ရမလားဆိုတဲ့ မျှော်လင့်ချက် နဲ့ အင်ဒိုနီးရှား ငါးဖမ်းလှေပေါ် ပြန်လိုက်ခဲ့ပါတယ်။ အဲဒီလှေပေါ်မှာလည်း ကျွန်လိုခိုင်းစေ နှိပ်စက်မှုတွေကို ၈ နှစ်လောက်ခံခဲ့ရပြီး သူကို အိမ်ပြန်ပို့ ဖို့ တောင်းပန်ခဲ့ပေမဲ့လည်း သဘောၤကပ္ပတိန်ကတော့ သူ့ကို သံကြိုးခတ်ပြီး ဖမ်းဆီးခဲ့တယ်လို့ ပြောပါတယ်။

" အကြိမ်ကြိမ်တောင်းပန်တာပေါ့ဗျာ။ ခြေသလုံးဖက်တယ်။ စကားမတတ်ဘူး။ စကားတတ်တဲ့သူကို ပြောခိုင်းတယ်။ ပေးပြန်ဖို့ပေါ့လေ။ ပိုက်ဆံ မပေးရင် နေပေါ့လေ။ ထိုင်းပြန်ရောက်ရင် ကျေနပ်ပြီပေါ့။ ကျနော့် ကိုသံကြိုးခတ်ထားတယ်။ မိုးရေထဲမှာ သံကြိုးခတ်တယ်။ "

သံကြိုးအချုပ်အနှောင်ကို ရတဲ့ သံချောင်းလေးနဲ့ ဖွင့်ပြီး လွတ်မြောက်ဖို့ အတွက် ပင်လယ် ထဲကို ခုန်ချခဲ့ပါတယ်။ အဲဒီနောက် အင်ဒိုနီးရှားက ကျွန်းတွေ ပေါ်မှာ အခြား မြန်မာပြည်က ဘဝတူ ငါးဖမ်းကျွန်နှစ်ယောက်နဲ့ အတူ ဟင်းသီး ဟင်းရွက်တွေ စိုက်ပြီး ပုန်းအောင်းနေခဲ့ပါတယ်။ အသီးအနှံတွေ သွားရောင်းတဲ့ သူငယ်ချင်းတစ်ယောက်ကိုလည်း အင်ဒိုနီးရှား ရဲက ဖမ်းပြီး ငါးဖမ်းလှေတွေ ပေါ် ပြန်ရောင်းစားခဲ့လို့ အဲဒီ သူငယ်ချင်းကတော့ ငါးဖမ်းလှေပေါ်မှာ ပဲ ဖျားနာ သေဆုံးခဲ့ရပါတယ်။

ဒီလို နဲ့ နေလာလိုက်တာ တနေ့မှာ အေပီ သတင်းကြောင့် အင်ဒိုနီးရှားအစိုးရ က သူတို့လို ငါးဖမ်းလုပ်သားတွေကို ကယ်တင်ပြီး အိမ်ပြန်ပို့နေပြီ ဆိုတဲ့ သတင်းကို သူငယ်ချင်း တစ်ယောက်ဆီက ကြားခဲ့ပါတယ်။ အဲဒါ နဲ့ တာဝန်ရှိသူတွေ နဲ့ ဆက်သွယ်ပြီး ကိုယ်နိုင်ငံကိုယ် ပြန်ဖို့ လုပ်ဆောင်ခဲ့တာပါ။ သူ့အနေနဲ့ အမေ နဲ့ ညီမကို ပြန်တွေ့ရတဲ့ အတွက် ဝမ်းသာကြောင်း ပြောပါတယ်။

XS
SM
MD
LG