သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အပြောင်းအလဲ ဦးဆောင်သူများ ဒီမိုကရေစီ ဘက်တော်သားများ ဖြစ်ကြောင်း ပြဖို့လို - မင်းကိုနိုင်


၈လေးလုံး ၂၅နှစ်ပြည့် ငွေရတုအခမ်းအနား
၈လေးလုံး ၂၅နှစ်ပြည့် ငွေရတုအခမ်းအနား
မြန်မာနိုင်ငံက ပြည်သူတွေဟာ စစ် လက်နက်တွေနဲ့ခြိမ်းခြောက်တာကို မကြောက်ရွံ့သလို စစ် အာဏာရှင် လက်ထက် ထောင်သွင်း အကျဉ်းချပီး ခြိမ်းခြောက်ခဲ့တာတွေကို မတုန်လှုပ်ဘူးဆိုတာ ၂၅ နှစ်လုံးလုံး ပြသခဲ့ ပြီး ဖြစ်တယ်လို့ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် မင်းကိုနိုင် ကပြော လိုက်ပါတယ်။ ရန်ကုန် MCC Convention Center မှာ လုပ်တဲ့ ဒီကနေ့ ၈၈ လူထုအရေးတော်ပုံ နှစ်ပတ်လည်အခမ်းအနားကို အာဏာရကြံ့ခိုင်ရေးပါတီက ဒုတိယဥက္ကဋ္ဌဦးဌေးဦး တက်ရောက်သလို ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးခေါင်းဆောင်တွေ တိုင်းရင်းသားခေါင်းဆောင်တွေ အားလုံး စုစုပေါင်း တစ်သောင်းဝန်းကျင်လောက်အထိ တက်ရောက်ခဲ့ကြပါတယ်။ MCCကို သွားရောက်ပြီးတော့ ကိုယ်တိုင်တက်ရောက်သတင်းယူခဲ့တဲ့ ဗွီအိုအေ သတင်းထောက် ကိုအောင်ရဲမောင်မောင် ကပြောပြပေး မှာဖြစ်ပါတယ်။

ရန်ကုန်မှာ ၃ ရက်ကြာ ကျင်းပနေတဲ့ ၈ လေးလုံး ငွေရတု ဒီမိုကရေစီ အရေးတော်ပုံကြီးရဲ့ ငွေရတု အခမ်းအနားရဲ့ နောက်ဆုံးနေ့ကို ဒီ ကနေ့ သြဂုတ်လ ၈ ရက်နေ့ မှာ ဆက်ပြီး ကျင်းပနေတာဖြစ်ပါတယ်။ သမိုင်းကို ကြာကြာ ပုံဖျက်ထားလို့ မရပဲ တနေ့နေ့ တစ်ချိန်ချိန် မှာတော့ ဖြစ်ရပ်မှန် အနေနဲ့ ပြန်ပေါ်လာမယ်ဆိုတာ ဒီကနေ့၈ လေးလုံးပွဲမှာ သက်သေပြ လိုက်တာလို့လည်း ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ကပြောပါတယ်။

၁၉၈၈ ကနေ စပြီး ရေတွက်ရင် ၂၅နှစ် တောင် ရှိခဲ့ပြီဖြစ်ပေမဲ့ တိုင်းပြည်ရဲ့ လူထုကြားမှာ ကြီးမားတဲ့ အပြောင်းအလဲတွေ လုပ်နေတာကို ယုံကြည်ချင် တယ်လို့လည်း သူကပြောပါတယ်။ အခုပြောင်းနေတဲ့ အသွင် ကူးပြောင်းရေးဖြစ်စဉ်တွေ မှာ ပါဝင်နေတဲ့ လူတွေက ဒီမိုကရေစီ ဘက်တော်သားဆိုတာကို ပိုပြီး ပြသရာရောက်အောင် လုပ်စေချင်တယ်လို့ မင်းကိုနိုင် က ပြောလိုက်ပါတယ်။

"ဒီမိုကရေစီကို တချိန်က မယုံကြည်လို့ပဲဖြစ်စေ၊ အကြောင်းကြောင်းပဲဖြစ်စေ၊ မလိုက်နာမကျင့်သုံးနိုင်ခဲ့တဲ့၊ လူပုဂ္ဂိုလ်အဖွဲ့အစည်းတွေကလည်း၊ ဒီကနေ့ ကျနော်တို့ပြည်သူတွေနဲ့အတူ ဒီမိုကရေစီ အတူ ချီတက်ဖို့ ပြင်ဆင်နေ တာ၊ ကြွေးကြော်နေတာတွေ တွေ့ပါတယ်။ ကျနော်တို့ ယုံကြည်ချင်ပါတယ်။ကျနော်တို့ တနိုင်ငံတည်းသားချင်း၊ တမိသားစုတည်း သားချင်း၊ သံသယတွေနဲ့ မပူလောင်ချင်ပါဘူး။ အဲ့ဒီ့တော့ ကျနော်တို့ ယုံယုံကြည်ကြည် လက်တွဲလို့ရအောင်၊ အဲ့ဒီ့အဖွဲ့အစည်းတွေရဲ့ အတွေးအကြံ၊ အကျင့်တွေ အားလုံးဟာလည်း သံသယကင်းလောက်အောင် ရှင်းလင်းပြီးတော့ ဒီမိုကရေစီ ဘက်တော်သားစစ်စစ်ဖြစ်တယ်ဆိုတာကို ပိုပြီးတော့ ပြပေးဖို့ လိုအပ်နေပါပြီ။"

မငြိမ်းချမ်းနိုင်သေးတဲ့ မြန်မာနိုင်ငံက ပြည်တွင်းစစ်ကိုလည်း အမြန်ရပ်နိုင်ဖို့ ဒီ ကနေ့ပွဲမှာ ၈၈ မျိူးဆက်ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်က တိုက်တွန်းခဲ့ပါတယ်။ ၈လေးလုံး ငွေရတုအခမ်းအနား မှာ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ပြီးတော့ ၈၈ ဂုဏ်ပြု အမှတ်တရ မိန့်ခွန်းတရပ်ကိုလည်း ပြောခဲ့ပါတယ်။ ၈၈ မှာ ကျဆုံးသွားခဲ့တဲ့ လူတွေကို သူမအနေနဲ့ အသိအမှတ်ပြု လေးစားကြောင်းကိုလည်း မိန့်ခွန်းနောက်ဆုံးပိုင်း မှာ သူမကထည့်သွင်းပြောကြားခဲ့ပါတယ်။

"၈လေးလုံး အရေးတော်ပုံကာလ၊ ပြောချင်တာက ၈၈ တင်မဟုတ်ဘူး ဒီ၂၅နှစ် အတွင်းမှာ သစ္စာရှိရှိနဲ့ ဒီမိုကရေစီနဲ့လူ့အခွင့်အရေးအတွက်၊ လှုပ်ရှားခဲ့သူများ၊ အထူးသဖြင့် လမ်းမဆုံးခင်မှာ ကျဆုံးခဲ့သူများ၊ အားလုံးကို ကျေးဇူးတင်တယ်လို့ ကျမပြောချင်ပါတယ်။"

သမိုင်းတစ်ခုကို ဖြတ်သန်းတဲ့အခါမှာ မကောင်းတာတွေ ထားခဲ့ပြီးတော့ ကောင်းတာတွေပဲ အတုယူဖို့၊ သမိုင်းအသစ်ကနေ လမ်းကြောင်း သစ်ဖောက်ဖို့ လိုတယ်လို့ ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်ကပြောပါတယ်။

"အရေးတော်ပုံကြီးက နှစ်ခုဖြတ်ပြီးပြီ။ ကျနော်တို့ ၈၈အရေးတော်ပုံက ၂၅နှစ်တိုင်ခဲ့ပြီ။ အဲ့ဒီ့မတိုင်ခင်ကတော့ ကျနော်တို့ တောင်းဆိုခဲ့တဲ့ အခွင့်အရေးဟာ မရသေးဘူး။ အဲ့တော့ လမ်းစ ရေးရေးလေးတော့ မြင်ပြီပေါ့ဗျာ။ ဆိုတော့ ကျနော်တို့က သမိုင်းတခုကိုဖြတ်သန်းတဲ့အခါမှာ အပြစ်ဖို့တာတွေ လည်းရှိမယ်။ အတုယူတာတွေလည်းရှိမယ်။ သံဝေဂယူစရာတွေ လည်း ရှိမယ်။ အဲ့ဒီ့အထဲကမှ ကျနော်တို့က ကောင်းတဲ့ မြန်မာ့ဓလေ့ ထုံးတမ်းစဉ်လာ အရ ကျနော်တို့က ခွင့်လွှတ်သင့်တာကို ခွင့်လွှတ်ရမယ်။ မှတ်တမ်းအဖြစ် သမိုင်းတွင်အောင်လို့ ဂုဏ်ပြုသင့်တာကို ဂုဏ်ပြုရမယ်။ အပြစ်ရှိခဲ့တယ် ဆိုတာကိုလည်း အပြစ်ရှိအောင် ဝန်ခံပေးရမယ်။"

၈ လေးလုံး အရေးတော်ပုံအပြီး စစ်အစိုးရကိုလက်နက်ကိုင်တော်လှန် ခဲ့တဲ့ မြန်မာနိုင်ငံလုံး ဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ကျောင်းသားတပ်မတော်ကလည်း ပြည်ထောင်စုစစ်စစ် ပုံဖော်နိုင်ဖို့ ငြိမ်းချမ်းရေး ရဖို့ သူတို့ အနေနဲ့ အသင့် ရှိနေပြီလို့ ပြောပါတယ်။

"ကျနော်တို့တိုင်းပြည်က ရှေ့လျောက်သွားနိုင်မယ့် ဖွဲ့စည်းပုံ အခြေခံဥပဒေ တရပ်ပေါ်ထွန်းရေး၊ အဲ့ဒီ့ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုတာကလည်း လူသားအားလုံးအတွက်၊ နိုင်ငံသားအားလုံးအတွက် ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးကို အာမခံချက်ရှိရမယ်။ တိုင်းရင်းသားတွေရဲ့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အာမခံချက်ကို ရှိရမယ့်ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်ရပါမယ်။ အဲ့ဒီ့ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း အဲ့ဒီ့ကနေမှတဆင့် ကျနော်တို့အားလုံး လိုက်ပါနိုင်မယ့် တိုင်းပြည်အနာဂတ်အရေးကို တကယ့် ဂုဏ်သိက္ခာရှိတဲ့ နိုင်ငံသားတွေအနေနဲ့ နေနိုင်မယ့် တိုင်းပြည်တခုကို တည်ဆောက်ဖို့အတွက် အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်တရပ်ကနေ ကျနော်တို့ရှေ့လျောက်သွားဖို့ ရည်မှန်းချက် ထားထားပါတယ်။"

အခုပြောခဲ့တာကတော့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး၊ ကျောင်းသားတပ်မတော်ရဲ့ အထွေထွေအတွင်းရေးမှူး ဦးဆန်နီပြောခဲ့တာဖြစ်ပါတယ်။

၈၈ အရေးတော်ပုံကြီးရဲ့ ငွေရတု အခမ်းအနားကို ၂၅နှစ်ကြာ ဒီမိုကရေစီ တိုက်ပွဲကြီးမှာ ကွဲကွာသွားခဲ့ရတဲ့ ပြည်တွင်း ပြည်ပအခြစိုက် အဖွဲ့အစည်း ၆၀ ကျော်ကလည်း သဝဏ်လွှာ ပေးပို့ခဲ့ကြပါတယ်။

လူပေါင်း ၁၀၀၀၀ နီးပါး တက်ရောက်ခဲ့တဲ့ ၈၈ လေးလုံး ငွေရတု အခမ်းအနားမှာ တက်ရောက်လာခဲ့တဲ့ ပြည်သူတွေ က အခုလို ပွင့်လင်းမြင်သာမှုရှိရှိ ၈ လေးလုံး အခမ်းအနား ကို ကျင်းပခွင့် ရလို့ ဝမ်းသာတယ်ဆိုပြီး ပြောဆိုမှု တွေ လည်း ဒီကနေ့မှာ ကြားခဲ့ရပါတယ်။ ရန်ကုန်မှာလုပ်တဲ့ ၈၈ ငွေရတုပွဲ ဆွေးနွေးပွဲတွေရဲ့ အချုပ်အားဖြင့် အချက်သုံးချက်ကို တရားဝင် ထုတ်ပြန်ခဲ့ပါတယ်။ ဒီမိုကရက်တစ် ဖယ်ဒရယ်ပြည်ထောင်စုဖော်ဆောင်ရေး၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်ရေး သို့မဟုတ် အသစ်ရေးဆွဲရေးနဲ့ အားလုံးပါဝင်တဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးညီလာခံတရပ် ကိုလည်း အမြန်ဆုံး ကျင်းပရေးတို့ဖြစ်ပါတယ်။
XS
SM
MD
LG