လုပ်ကြံခံခဲ့ရတဲ့ ဆလိုဗက်ကီးယားနိုင်ငံ ဝန်ကြီးချုပ် Robert Fico ဟာ အသက်အန္တရာယ် စိုးရိမ်စရာအခြေအနေမှာ မရှိတော့ဘူးလို့ လက်ထောက်ဝန်ကြီးချုပ် Robert Kalinak က ဒီကနေ့ ပြောပါတယ်။
အသက်အန္တရာယ် စိုးရိမ်ရတဲ့အခြေအနေကို ကျော်လွန်လာပြီဖြစ်ကြောင်း၊ ဒါပေမဲ့ စိုးရိမ်ရတဲ့အခြေအနေမှာ ဆက်ရှိနေသေးပြီး သူ့ကို အထူးကြပ်မတ် ကုသပေးဖို့ လိုနေသေးကြောင်း ဝန်ကြီးချုပ်ရဲ့ နိုင်ငံရေး မဟာမိတ်တဦးလည်းဖြစ်တဲ့ Kalinak က ပြောပါတယ်။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာ သေနတ်သမားရဲ့ ၄ ကြိမ် ပစ်ခတ်ခံလိုက်ရတဲ့အချိန်ကစလို့ ဝန်ကြီးချုပ် Fico ကို ဆေးရုံတင် ကုသပေးနေတာပါ။ ပစ်ခတ်ခံရမှုအတွင်း ဝမ်းဗိုက်ပါ ထိမှန်သွားခဲ့တာပါ။
သေနတ်နဲ့ ပစ်ခတ်ခံရတဲ့ ဗုဒ္ဓဟူးနေ့မှာဘဲ နိုင်ငံအလယ်ပိုင်း Banska Bystrica မြို့က ဆေးရုံမှာ ဝန်ကြီးချုပ်ကို ၅ နာရီကြာ ခွဲစိတ်ကုသပေးခဲ့သလို ပြီးခဲ့တဲ့ သောကြာနေ့မှာလည်း နောက်ထပ် ခွဲစိတ်ကုသမှုပေးခဲ့ရပါတယ်။ နိုင်ငံအလယ်ပိုင်း Handlova မြို့မှာ စည်းဝေးပွဲကျင်းပပြီး အပြင်မှာရှိနေတဲ့ ထောက်ခံသူတွေကို နှုတ်ဆက်ဖို့အသွားမှာ ဝန်ကြီးချုပ် သေနတ်နဲ့ ပစ်ခံခဲ့ရတာပါ။
အသက် ၅၉ နှစ်ရှိပြီဖြစ်တဲ့ ဝန်ကြီးချုပ် Fico ဦးဆောင်တဲ့ Smer ပါတီက ရွေးကောက်ပွဲမှာ အနိုင်ရပြီးတဲ့နောက် အောက်တိုဘာလကစလို့ ၄ ကြိမ်မြောက်သက်တမ်းကို စတင် တာဝန်ထမ်းဆောင်နေတာပါ။ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးတဲ့ကာလအတွင်း ရုရှားနဲ့ ယူကရိန်း ငြိမ်းချမ်းရေးကိစ္စ အဆိုပြုခဲ့ပြီး ယူကရိန်းကို စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့ပေးနေတာကိုလည်း သူ့အစိုးရက ရပ်တန့်ခဲ့ပါတယ်။
Forum