သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းဒီမိုကရက်တစ်ပါတီ စီးပွားရေးလုပ်ငန်း အစုရှယ်ယာ ၁သိန်း ရောင်းမည်


ရှမ်းဒီမိုကရက်တစ်ပါတီ စီးပွားရေးလုပ်ငန်း အစုရှယ်ယာ ၁သိန်း ရောင်းမည်
ရှမ်းဒီမိုကရက်တစ်ပါတီ စီးပွားရေးလုပ်ငန်း အစုရှယ်ယာ ၁သိန်း ရောင်းမည်

ရွေးကောက်ပွဲအပြီး နိုင်ငံရေးပါတီတွေ တဘက်တလမ်းက စီးပွားရေးလုပ်ဖို့ စိုင်းပြင်းနေချိန်မှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီက ပါတီပိုင် စီးပွားရေး လုပ်ငန်းကနေ အစုရှယ်ယာပေါင်း ၁သိန်းကို ရောင်းချဖို့ ရှိနေပါတယ်။ ဒီအစုရှယ်ယာတွေကို ပါတီဝင်တွေကိုပဲ ရောင်းချမှာပါ။ အခုတော့ ကျားဖြူပါတီလို့ လူသိများတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီက ပါတီဝင်အင်အား စုစုပေါင်း ၁၀၀,၀၀၀ လောက်ထိ ရှိလာပြီလို့ ပါတီ ဒုတိယဥက္ကဋ္ဌက ပြောပါတယ်။ အပြည့်အစုံကို မသိင်္ဂီထိုက်က တင်ပြပေးထားပါတယ်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီက ပါတီပိုင် စီးပွားရေးလုပ်ငန်းဖြစ်တဲ့ ကျားဖြူ အများပိုင်ကုမ္ပဏီ တည်ထောင်ဖို့ ပြင်ဆင်နေတာပါ။ ဒီကုမ္ပဏီကနေ ပါတီဝင်တွေကို အစုရှယ်ယာတွေ ရောင်းချမှာ ဖြစ်ပါတယ်။ စီးပွားရေး လုပ်ငန်းတွေ လုပ်ကိုင်ဖို့ စိုင်းပြင်းနေတဲ့ တချိန်တည်းမှာပဲ ပါတီဝင် လျှောက်လွှာတွေလည်း လက်ခံ ရရှိနေတယ်လို့ ပါတီရဲ့ ဒုတိယဥက္ကဋ္ဌ ဦးဆောင်ဆီက ပြောပါတယ်။

“ကျနော်တို့ ပါတီဝင်ကို ရောင်းမှာဗျ။ ရွေးကောက်ပွဲပြီးတော့ အခုအချိန်ထိ ဆိုရင်တော့ စာရင်းအရ ၁သိန်း လောက်တော့ ပါတီဝင် လျှောက်လွှာတွေ ရနေပါတယ်။”

ရွေးကောက်ပွဲ အပြီးမှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီက ပါတီပိုင် စီးပွားရေး လုပ်မယ်လို့ တရားဝင် ကြေညာခဲ့ပါတယ်။ တခြား နိုင်ငံရေး ပါတီတွေကလည်း ပါတီ ရေရှည် ရပ်တည်ရေးအတွက် စီးပွားရေး လုပ်ကိုင်ဖို့ ဆန္ဒရှိတယ်လို့ ပြောခဲ့ကြပါတယ်။

အခု ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီက အများပိုင် စီးပွားရေး လုပ်ငန်းစု ထူထောင်ခွင့်အတွက် မြို့နယ်အလိုက် ပြင်ဆင်နေကြပါပြီ။ အစုရှယ်ယာ တစုကို ကျပ်ငွေ ၁၀,၀၀၀ နဲ့ အစုရှယ်ယာပေါင်း တသိန်း ရောင်းချမှာ ဖြစ်ပါတယ်။ ပါတီဝင်တဦးကို အများဆုံး အစုရှယ်ယာ တထောင် အထိ ရောင်းချမှာ ဖြစ်တယ် လို့လည်း ပြောပါတယ်။

“ကျနော်တို့ အများဆုံးကတော့ .၁ သတ်မှတ်ထားတယ်။ ၁,၀၀၀,၀၀၀ ရဲ့ .၁ ပေါ့။ ငွေအမြန်ပေါ်တဲ့ ကူးသန်းရောင်းဝယ်ရေးတို့၊ သတ္တုတူးဖော်ရေးတို့၊ ဆောက်လုပ်ရေးတို့ အဲဒီအတွက်တော့ ကျနော်တို့ အကြံအစည် ရှိပါတယ်။”

တဘက်မှာလည်း ပေါ်ပေါက်လာမယ့် လွှတ်တော်တွေထဲမှာ ဥပဒေပြုကြမယ့် လွှတ်တော်အမတ်တွေ ကိုယ်တိုင် စီးပွားရေး လုပ်ငန်းတွေ လုပ်ကိုင်လာရင် မြန်မာ့နိုင်ငံရေး စီးပွားရေးမှာ ဘက်လိုက်မှုတွေ၊ မတရားမှုတွေ ဖြစ်ပေါ်လာနိုင်တယ်လို့လည်း မြန်မာ့နိုင်ငံရေး အသိုင်းအဝိုင်းမှာ စိုးရိမ်မှုတွေ ရှိနေတာ ဖြစ်ပါတယ်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီကတော့ သူတို့ရဲ့ ကျားဖြူ အများပိုင် ကုမ္ပဏီအတွက် စီးပွားရေး ကော်မတီတရပ် ဖွဲ့စည်းကောင်း ဖွဲ့စည်းရလိမ့်မယ်လို့ ပြောဆိုပေမဲ့ တိတိကျကျ မဆုံးဖြတ်ရသေးပါဘူး။ ဒါပေမဲ့ ဒီစီးပွားရေးလုပ်ငန်း အကျိုးအမြတ်တွေရဲ့ ၂၅% ကို ပါတီရန်ပုံငွေအဖြစ် ထားရှိမယ်လို့ ဦးဆောင်ဆီက ပြောပါတယ်။

“အဲဒီက အမြတ်ကို ကျနော်တို့ တွက်လို့ရပြီဆိုရင် ၇၅% ကို Share Holder တွေ ပြန်ခွဲပြီးတော့ ၂၅% ကိုတော့ ကျနော်တို့က ပါတီတခုလုံးရဲ့ ရန်ပုံငွေအဖြစ် သုံးစွဲသွားဖို့ အစီအစဉ် ရှိပါတယ်။”

ပြီးခဲ့တဲ့ ရွေးကောက်ပွဲ ကာလအတွင်း စစ်အစိုးရ ကျောထောက်နောက်ခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီနဲ့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီကို အသွင်ပြောင်းထားတဲ့ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီတို့က လွဲရင် ကျန်တဲ့ နိုင်ငံရေး ပါတီတွေမှာ ရွေးကောက်ပွဲ မဲဆွယ်စရိတ် အပါအဝင် စရိတ်စက ကြီးမြင့်လှတဲ့ ရွေးကောက်ပွဲ မှတ်ပုံတင်ကြေးတွေ အတွက် ဘဏ္ဍာရေး အခက်အခဲ တွေ့ခဲ့ကြ တာပါ။

ရွေးကောက်ပွဲမှာ အမတ်နေရာ ၇၀% ကျော် အနိုင်ရထားတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီနဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီတို့ကတော့ စီးပွားရေး လုပ်ငန်းတွေ ပိုင်ဆိုင်ထားပြီးသား ဖြစ်ပါ တယ်။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အမတ်နေရာ ၅၇ နေရာနဲ့ တတိယ အများဆုံး အနိုင်ရထားတဲ့ ရှမ်း တိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီကလည်း အခု ရှမ်းပြည်နယ်အတွင်းက မြို့နယ်အသီးသီးမှာ ပါတီပိုင် စီးပွားရေး လုပ်ငန်းတွေ လုပ်ကိုင်ဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။ ဒါပေမဲ့ စစ်အစိုးရဆီကတော့ ကုမ္ပဏီထူထောင် လုပ်ပိုင်ခွင့် ရရှိရေး ကြိုးစားနေဆဲ ဖြစ်ပါတယ်။

XS
SM
MD
LG