သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အာဏာရှင် သက်ဆိုးမရှည်ရေး SNLD ထုတ်ပြန်


SNLD party Flag (Courtesy: SNLD Facebook)
SNLD party Flag (Courtesy: SNLD Facebook)

စစ်အာဏာရှင်စနစ် သက်ဆိုးမရှည်ဖို့ အရေးကြီးတယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD က ပြောကြားလိုက်ပါတယ်။ စစ်အာဏာရှင်စနစ်နဲ့ ဒေါက်တိုင်တွေကို အပြီးတိုင်ဖယ်ရှားပစ်မှသာ မြန်မာ့နိုင်ငံရေး ပြဿနာကို ဖြေရှင်းနိုင်ပြီး ဖယ်ဒရယ်ပြည်ထောင်စု တည်ထောင်နိုင်မှာ ဖြစ်တယ်လို့ SNLD ပါတီ တည်ထောင်တာ ၃၆ နှစ်ပြည့်တဲ့ ဒီနေ့မှာ ကြေညာချက်ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

SNLD ရဲ့ Facebook အင်တာနက်စာမျက်နှာမှာ ထုတ်ပြန်ထားတဲ့ ကြေညာချက်ထဲမှာ လူထုထိခိုက်မှု အနည်းဆုံးနည်းနဲ့ ဖြေရှင်းမယ်ဆိုပြီး စစ်အာရှင်စနစ် သက်စိုးရှည်ရေး ကြိုးပမ်းနေတာကို ထောက်ပြထားပါတယ်။ တိုင်းပြည်အုပ်ချုပ်ရေးစနစ် မပြောင်းလဲဘဲ၊ အုပ်ချုပ်သူတစု ပြောင်းရုံနဲ့ ဒီမိုကရေစီနဲ့ ဖယ်ဒရယ်စနစ်တွေ ဖြစ်ထွန်းနိုင်မှာ မဟုတ်ဘူးဆိုတာကို ပြင်းထန်တဲ့ အသုံးအနှုန်းတွေသုံးပြီး ပြောထားပါတယ်။

လူထုထိခိုက်မှု အနည်းဆုံးလို့ဆိုပြီး စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ဖို့ ကြိုးပမ်းနေတယ်လို့ ပြောထားတာဟာ စစ်ကောင်စီ ကြိုးပမ်းနေတဲ့ ရွေးကောက်ပွဲနည်းကို သွယ်ဝိုက်ရည်ညွှန်းပုံရတယ်လို့ ရှမ်းနိုင်ငံရေး သုံးသပ်သူတွေက ပြောပါတယ်။

ဒီမိုကရေစီနဲ့ ဖက်ဒရယ်ပြည်ထောင်စုအတွက် တွန်းလှန်တိုက်ပွဲမှာ နိုင်ငံကြီးတချို့က လူထုဆန္ဒကို လျစ်လျူရှု တဘက်သတ်လုပ်နေတာကို စိတ်ဝမ်းမကွဲဘဲ ကျော်လွှားဖို့ လိုတယ်လို့လည်း တိုက်တွန်းထားပါတယ်။ SNLD ပါတီရဲ့ ထုတ်ပြန်ချက်မှာ အရပ်သားပြည်သူတွေကို တမင် စစ်ရေးပစ်မှတ်ထား အကြမ်းဖက်နေမှုတွေနဲ့ မဆင်မခြင် တုံ့ပြန်မှုတွေကြောင့် ကလေးနဲ့အမျိုးသမီးတွေ ထိခိုက်ခံစားနေရတာကိုလည်း ထည့်သွင်းထားပါတယ်။

နိုင်ငံရေး၊ စီးပွားရေး၊ လူမူရေးအပြင် လူမျိုးရေးအရပါ ဖိနှိပ်ခံလာရတာမို့ လက်တုံ့ပြန်ခွင့်ရချိန် လူမျိုးရေးအစွန်းရောက် ခွဲခြားမှုတွေ ပြန်မလုပ်ဘဲ၊ တန်းတူညီမျှတဲ့ ပြည်ထောင်စု အနှစ်သာရကို မမေ့ဖို့လည်း SNLD ဗဟိုအလုပ်အမှုဆောင်ကော်မတီ ထုတ်ပြန်ချက်မှာ တိုက်တွန်းထားပါတယ်။ SNLD တည်ထောင်တဲ့ နှစ်ပတ်လည်အခမ်းအနားတွေကို အွန်လိုင်းကနေ လုပ်ခဲ့တာမှာ နိုင်ငံရေးပါတီတချို့နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တချို့ ပါဝင်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

Forum

XS
SM
MD
LG