သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အဖမ်းခံနေရတဲ့ SNLD အဖွဲ့ဝင်အမှု ပြေလည်ဖို့ မျှော်လင့်


မတရားအသင်းနဲ့ဆက်သွယ်မှုကြောင့် ဖမ်းဆီး တရားစွဲဆိုခံထားရတဲ့ SNLD ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တစ်ဦးရဲ့အမှုကို သမ္မတကိုယ်တိုင်က အရေးတယူ ကူညီဆောင်ရွက်ပေးနေတဲ့အကြောင်း စနေနေ့မှာ အကြောင်းကြားလာတယ်လို့ SNLD ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။ တရားစွဲဆိုခံထားရသူဘက်က လိုက်ပါ ဆောင်ရွက်ပေးမယ့် ဥပဒေအကျိုးဆောင်တွေကတော့ အာဏာပိုင်တွေဘက်က တင်သွင်းတဲ့ သက်သေ ဖြောင့်ချက်တွေဟာ တရားနည်းလမ်း ကျမကျ စစ်ဆေး ဖော်ထုတ်သွားရမှာဖြစ်တယ်လို့ ဆိုပါတယ်။ လောလောဆယ်မှာ တရားစွဲဆို ခံထားရသူ SNLD ပါတီဝင်အနေနဲ့ အာဏာပိုင်တွေရဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေကြောင့် ဆေးကုသခွင့် တောင်းခံထားပါတယ်။ ဒီအခြေအနေတွေကို ဆက်သွယ်မေးမြန်းထားတဲ့ မနန္ဒာချမ်းက တင်ပြပေးထားပါတယ်။

မတရားအသင်းနဲ့ဆက်သွယ်မှု ပုဒ်မ ၁၇/၁ နဲ့ တရားစွဲဆိုခံထားရတဲ့ SNLD ပါတီဝင် နမ့်လင်းမိုင် ကျေးရွာဥက္ကဋ္ဌ ဦးစိုင်းဂဲျန်ရဲ့အမှုကို သမ္မတကိုယ်တိုင်က ကိုင်တွယ်ဖြေရှင်းပေးဖို့ SNLD ပါတီခေါင်းဆောင် ဦးခွန်ထွန်းဦးက တောင်းဆိုခဲ့ပြီးတဲ့နောက် စနေနေ့မှာတော့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းကနေ ဒီကိစ္စကို သမ္မတက ပြေလည်အောင် ကြိုးစားပေးနေကြောင်း တုံ့ပြန်လာတယ်လို့ SNLD ပါတီ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးစိုင်းလိတ်က ပြောပါတယ်။

“ဥက္ကဋ္ဌကြီး ဦးခွန်ထွန်းဦးနဲ့ သူတို့အချင်းချင်းဆက်သွယ်ပြီး သူကိုယ်တိုင်ရော သမ္မတကြီး ဦးသိန်းစိန်ကိုယ်တိုင်ရော ဒီကိစ္စကို အမြန်ဆုံး ပြေလည်စေချင်တယ်ပေါ့နော်။ ဒါကြောင့်မို့လို့ ဝိုင်းဝန်းပြီး ကူညီနေပါတယ်ဆိုတဲ့အကြောင်း၊ ဒီကိစ္စအတွက်ကို သမ္မတကြီးကိုယ်တိုင်လည်း အရေးတယူ ဆောင်ရွက်ပေးမှာပါ၊ သိပ်ပြီးလည်း စိုးရိမ်စရာ မရှိပါဘူးပေါ့- ဒီလောက်ပါပဲခင်ဗျ။ သူတို့ ပြောတာကတော့- ဒါကြောင့်မို့လို့ လူကြီးလမ်းကြောင်းနဲ့ အားလုံးအဆင်ပြေအောင်တော့ စီစဉ်သွားပေးနိုင်လိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ရပါတယ် ခင်ဗျ။

ဒီဥစ္စာကတော့ ပြည်ထဲရေးရဲ့သဘောထားအပေါ်မှာ အများကြီး မူတည်ပါလိမ့်မယ်။ ကျနော်တို့ကတော့ အသေးအဖွဲကိစ္စကနေ သမ္မတကြီးနဲ့ ဦးအောင်မင်းတို့ ကြိုးပမ်းနေတဲ့၊ ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်း ကိစ္စကြီးကို ထိခိုက်မှာကိုပဲ ကျနော်တို့က မလိုလားတာပါ။ ဒီ အမှုကြီး မြန်မြန် ပြီးသွားတာကိုပဲ ကျနော်တို့က လိုချင်ပါတယ်ခင်ဗျ။”

ဦးစိုင်းဂျဲန်ကို ကျိုင်းတုံမြို့မှာရှိတဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA နဲ့ ဆက်သွယ်တယ်ဆိုပြီး စစ်တပ်က ဖမ်းဆီးခဲ့ပြီးတဲ့နောက် ပြီးခဲ့တဲ့ ၂၂ ရက်နေ့က ကျိုင်းတုံရဲစခန်းကနေ တရားလိုအနေနဲ့ စတင် အမှုဖွင့် တရားစွဲဆိုခဲ့တာပါ။ ဒီအမှုနဲ့ပတ်သက်ပြီး တရားစွဲဆိုခံထားရသူဘက်က လိုက်ပါ ဆောင်ရွက်မယ့် အကျိုးဆောင်ရှေ့နေကြီး ဦးအောင်သိန်းကတော့ တရားလိုဘက်က တင်သွင်းမယ့် သက်သေအထောက်အထားတွေကို အရင်ဆုံး စစ်ဆေးသွားမယ်လို့ အခုလို ပြောဆိုခဲ့ပါတယ်။

“SNLD ပါတီဘက်က တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေ သွားပြီး တွေ့ဆုံတဲ့အခါမှာတော့ သူ့ပုံစံဟာ ဖြောင့်ချက်တွေ၊ ဝန်ခံချက်တွေ၊ လက်မှတ်ရေးထိုးခိုင်းတာတွေ၊ ပြုလုပ်ခဲ့တယ်ဆိုတဲ့ သဘောထားတွေကိုတော့ သူ့ပြောပြချက်အရ ကျနော်တို့ သိထားနှင့်တာတော့ ရှိတာပေါ့လေ။ ဒါပေမယ့် တရားရုံးကိုတင်ပြီးတော့ တရားစွဲတင်တဲ့အခါမှာ အဲဒီဖြောင့်ချက်တွေဟာ တရားနည်းလမ်းအရ ယူထားတဲ့ ဖြောင့်ချက် ဟုတ်မဟုတ် ဆိုတာတွေကို ကျနော်တို့က လေ့လာသုံးသပ်ရမှာဖြစ်တယ်။ အကယ်၍ ဒီဖြောင့်ချက်တွေဟာ နည်းလမ်းတကျ ရယူထားတာ၊ သူ့သဘောဆန္ဒအရ ပေးတဲ့ ဖြောင့်ချက် မဟုတ်ဘူးဆိုရင်တော့ မလျော်သြဇာသုံးပြီးတော့ အတင်းအကြပ်နဲ့ ဖြောင့်ချက်ယူထားတာ မဟုတ်တဲ့အတွက်ကြောင့် ဒီဟာတွေကို ကျနော်တို့က ရုပ်သိမ်းခွင့်၊ ပယ်ဖျက်ခွင့်တော့ ကျနော်တို့ ဆက်ပြီး ကြိုးစားရမှာပေါ့နော။”

လောလောဆယ်မှာတော့ ဦးစိုင်းဂျဲန်ကို အာမခံမပေးဘဲ ကျိုင်းတုံထောင်တွင်းမှာ ဖမ်းဆီးချုပ်နှောင်ထားတာပါ။ အဲ့ဒီလိုချုပ်နှောင်ထားစဉ် အာဏာပိုင်တွေရဲ့ ရိုက်နှက်ညှဉ်းပန်းမှုတွေကြောင့် ဦးခေါင်းမှာ ထိခိုက်ဝေဒနာခံစားနေရပြီး မိသားစုဝင်တွေက ဆေးကုသခွင့် တောင်းခံထားတယ် လို့လည်း SNLD ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးစိုင်းလိတ်က ပြောပါတယ်။ ဦးစိုင်းဂျဲန်ကို ဖမ်းဆီးပြီးနောက်တရက်မှာပဲ ကျိုင်းတုံမှာရှိတဲ့ RCSS/SSA ဆက်ဆံရေးရုံးကို စစ်တပ်နဲ့ ရဲလုံခြုံရေးတပ်တွေက အင်အားသုံး ဝင်ရောက်စီးနင်း ရှာဖွေမှုတွေ လုပ်ခဲ့တာကြောင့် အစိုးရနဲ့ တရားဝင် အပစ်အခတ်ရပ်စဲထားတဲ့ RCSS/SSA ကလည်း ဒါဟာ နှစ်ဘက် ယုံကြည်မှုကို ထိခိုက်စေတယ်ဆိုပြီး သတိပေးထားတာပါ။ SNLD ပြောခွင့်ရပုဂ္ဂိုလ် ဦးစိုင်းလိတ်ကတော့ အစိုးရအနေနဲ့ တရားဝင်ရုံးဖွင့်ခွင့်ပေးထားတဲ့ အဖွဲ့တခုကို ဒေသခံတွေ ဆက်ဆံခွင့် မရှိဘူးလို့ တရားဝင် ပြောဆို ထုတ်ပြန်ထားတာမရှိကြောင်း အခုလို ပြောဆိုပါတယ်။

“ကျနော်တို့သိသလောက်တော့ အဲဒီလို ကန့်သတ်ချက်မျိုး လုံးဝ မရှိဘူး၊ မဆက်ဆံရဘူးဆိုတာ။ ဆက်ဆံရေးရုံးဖွင့်တယ်ဆိုကတည်းက သက်ဆိုင်ရာ အစိုးရနဲ့သော်လည်းကောင်း၊ တခြား သက်ဆိုင်ရာ အဖွဲ့အစည်းနဲ့သော်လည်းကောင်း၊ ပြည်သူလူထုနဲ့သော်လည်းကောင်း လွတ်လွတ်လပ်လပ် ဆက်ဆံပိုင်ခွင့် ရှိတယ် ဆိုတာကိုပဲ ကျနော်တို့ နားလည်ထားပါတယ်။ ဒါကြောင့်မို့လို့ သက်ဆိုင်ရာ အာဏာပိုင်တွေရဲ့ အမှားဖြစ်တဲ့အတွက်ကြောင့် ငြိမ်းချမ်းရေးကိစ္စကို မထိခိုက်စေချင်ဘူး၊ အဖွဲ့အစည်းအချင်းချင်း မျက်နှာမပျက်စေချင်ဘူးဆိုရင်တော့ ဒီအမှုကို မြန်မြန်ရုပ်သိမ်းပြီးတော့မှ ကျေအေးလိုက်တာ အကောင်းဆုံးဖြစ်လိမ့်မယ်လို့ ကျနော် မြင်ပါတယ်ခင်ဗျ။”

လာမယ့် ဇွန်လ ၂ ရက်နေ့မှာတော့ ဦးစိုင်းဂျဲန်ကို ကျိုင်းတုံတရားရုံးမှာ စတင် အမှုစစ်ဆေးဖို့ ချိန်းဆိုထားပြီး အဲ့ဒီနေ့မှာ နှစ်ဘက်ရှေ့နေတွေကနေ တရားလိုအနေနဲ့ တရားစွဲဆိုသူတွေကို စတင်စစ်ဆေးသွားမှာဖြစ်ပါတယ်ရှင်။
XS
SM
MD
LG