သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၆ပွင့်ဆိုင် တိုင်းရင်းသား ကိုယ်စားပြုမှု အငြင်းပွား


ခြောက်ပွင့်ဆိုင် ဆွေးနွေးပွဲ တိုင်းရင်းသား ကိုယ်စားလှယ်အဖြစ် တက်ရောက်တဲ့ ဒေါက်တာအေးမောင်။
ခြောက်ပွင့်ဆိုင် ဆွေးနွေးပွဲ တိုင်းရင်းသား ကိုယ်စားလှယ်အဖြစ် တက်ရောက်တဲ့ ဒေါက်တာအေးမောင်။

တိုင်းရင်းသားပါတီ ၂၁ပါတီ ပါဝင်တဲ့ ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း NBF က ၆ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲကို တက်ရောက်သူ တိုင်းရင်းသား ကိုယ်စားလှယ် ဟာ NBF ကို ကိုယ်စားမပြုကြောင်း ဒီကနေ့ သဘောထား ထုတ်ပြန်ပါတယ်။ ဗုဒ္ဓဟူးနေ့ကတော့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ SNLD ကလည်း သူတို့ကို ကိုယ်စားမပြုကြောင်း ထုတ်ပြန်ထားပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ထားပါတယ်။

ဧပြီလ ၁၀ရက်နေ့က နိုင်ငံတော်သမ္မတ အိမ်တော်မှာ ကျင်းပတဲ့ ၆ပွင့်ဆိုင်ဆွေးနွေးပွဲ မှာ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသားကို ကိုယ်စားပြုပြီး အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်တို့ တက်ရောက် ခဲ့ကြတာဖြစ်ပါတယ်။

ဒီလ ၂၀ရက်နေ့မှာ ဒေါက်တာအေးမောင်က ၆ပွင့်ဆိုင်ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး တိုင်းရင်းသား ပါတီကိုယ်စားလှယ်တွေကို ရှင်းပြပြီးကြောင်းနဲ့ တိုင်းရင်းသား ပါတီတွေက သဘောတူထားတဲ့ အချက်တွေကိုပဲ ဆွေးနွေးပွဲမှာ တင်ပြခဲ့ကြောင်း ဧရာဝတီ သတင်းဌာနရဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ဖြေကြားခဲ့ပါတယ်။

ဒီတွေ့ဆုံမေးမြန်းခန်း ကို အင်တာနက် စာမျက်နှာမှာ ဖော်ပြပြီးတဲ့နောက် တိုင်းရင်းသားနိုင်ငံရေး အင်အားစုတွေက သူတို့သဘောထားကို ထုတ်ပြန် လာခဲ့ကြတာဖြစ်ပါတယ်။ တိုင်းရင်းသားပါတီ ၂၁ပါတီ ပါဝင်တဲ့ ညီနောင် တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း NBF ရဲ့ သဘောထား ကိုတော့ NBF မှာ အဖွဲ့ဝင်အဖြစ် ပါဝင်တဲ့ ဖက်ဒရယ်ပြည်ထောင်စုပါတီရဲ့ ဒုဥက္ကဋ္ဌ ၂ -ဦးစောသန်းမြင့်က အခုလို ပြောပါတယ်။

"ခြောက်ပွင့်ဆိုင်လာတုန်းက ကန့်သတ်ချက်ရှိတယ်ဗျ။ သူက ပါတီအနေနဲ့ မဟုတ်ဘူးဗျ။ လွှတ်တော်မှာ ရှိတဲ့ ကိုယ်စားလှယ်ကိုပဲ ရွေးပေးပါဆိုတော့ အဲ့မှာပေါ့နော် လွှတ်တော်ထဲမှာ ရှိနေတဲ့ တိုင်းရင်းသားပါတီတချို့ကနေ မဲစနစ်နဲ့ ရွေးပေးတဲ့ အခါမှာ ဒေါက်တာအေးမောင်က မဲအများဆုံး ရတယ်။ ဒေါက်တာအေးမောင်က NBF ထဲမှာ ပါတဲ့အတွက် NBF ရဲ့ Mandate နဲ့ တက်ပြီးတော့ NBF ကိုယ်စားတက်တယ်လု့ိ အထင်မှားကုန်မှာစိုးလို့ ကျနော်တို့က ပါတီ Side က သပ်သပ်ပါ။ လွှတ်တော်က လုပ်တဲ့ Side ဖြစ်ပါတယ်။ အဲ့တာလေးကို ရှင်းအောင်။ ကျနော်တို့ NBF ကျတော့ ၂၁ ပါတီ ရှိတာ ၂၁ပါတီရဲ့ Mandate တော့ မဟုတ်ဘူး။ သူ့ကို ကန့်ကွက်တာလည်း မဟုတ်ဘူး။ ထောက်ခံတာလည်း မဟုတ်ဘူး။ အဲ့ဒီ့အပိုင်း မဟုတ်ဘူး။"

SNLD ထုတ်ပြန်ချက်
SNLD ထုတ်ပြန်ချက်

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီ အထွေထွေ အတွင်းရေးမှုး ဦးစိုင်းညွှန့်လွင်ကတော့ တွေ့ဆုံမေးမြန်းခန်း အဖြေကို ရှင်းလင်းအောင်လို့ သဘောထား ထုတ်ပြန်တာလို့ ပြောပါတယ်။

"ဒီခြောက်ပွင့်ဆိုင် တွေ့ပြီးတဲ့နောက်ပိုင်းမှာ ဧရာဝတီနဲ့ အင်တာဗျူး လုပ်တဲ့ ကာလမှာပေါ့နော် ဒေါက်တာအေးမောင်က တိုင်းရင်းသားတွေကို ရှင်းပြပြီးပြီ Agree လုပ်ထားတဲ့အတိုင်း သူဘောင်ထဲကပဲ ပြောတယ်။ သူသိထားတဲ့ အတိုင်းပဲ ပြောတယ်ပေါ့။ သူက အဲ့လို အင်တာဗျူးထားတာ ရှိတယ်။ အဲ့မှာ ကျနော်တို့က ဘာအခက်အခဲဖြစ်သွားလဲဆိုတော့ သူက တိုင်းရင်းသားတွေကို ရှင်းပြပြီးပြီဆိုတော့ လွှတ်တော်ထဲက တိုင်းရင်းသားတွေကို ရှင်းပြတယ်လို့ သူက အဲ့လို ရှင်းရှင်းလင်းလင်း မပြောဘူး။ တိုင်းရင်းသားတွေကိုပဲ ရှင်းလင်းလိုက်တယ် ဆိုတဲ့အခါ ကျတော့ ကျနော်တို့ SNLD က ပါသလိုလို ဖြစ်နေတယ်။ ဘာမှ မသိလိုက်ပဲ ကျနော်တို့ ပါသလိုလို ဖြစ်နေတာကို ဒါကို ကာကွယ်တဲ့အနေနဲ့ ရှင်းလင်းချက်သဘောမျိုး ထုတ်တာပါ။"

ဒီလို ထုတ်ပြန်ရာမှာ ၆ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲနဲ့ ဒေါက်တာအေးမောင်ကို ကန့်ကွက်တာ မဟုတ်ကြောင်းနဲ့ ဆွေးနွေးပွဲရလဒ်တွေကို SNLD ရဲ့ မူဝါဒနဲ့ ကိုက်ညီရင် ထောက်ခံသွားဖို့ ရှိကြောင်းလည်း ပြောပါတယ်။

ကျားခေါင်းပါတီလို့လည်း ခေါ်တဲ့ SNLD ပါတီဟာ လွန်ခဲ့တဲ့ ၂၀၁၀ရွေးကောက်ပွဲနဲ့ ၂၀၁၂ကြားဖြတ် ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့တာကြောင့် လွှတ်တော် ကိုယ်စားလှယ်ရွေးချယ်ခံထားရတာမရှိပါဘူး။ ဒါပေမဲ့ ဒီရွေးကောက်ပွဲတွေ မှာ ရွေးချယ် ခံခဲ့ရတဲ့ ကျားဖြူခေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDPက လွှတ်တော်ကိုယ်စားလှယ်အချို့က SNLD ကို ကူးပြောင်းခဲ့တဲ့နောက် မှာတော့ SNLD ကိုယ်စားလှယ်တွေ လွှတ်တော်အတွင်းမှာ ရှိလာပါတယ်။ ဒီလွှတ်တော်ကိုယ်စားလှယ်တွေကိုလည်း ဒေါက်တာအေးမောင်က ရှင်းလင်းပြခဲ့တာ မရှိဘူးလို့ ဦးစိုင်းညွှန်လွင်က ပြောပါတယ်။

ဒေါက်တာအေးမောင်ကတော့သူ့ကို လွှတ်တော်တွင်းက တိုင်းရင်းသားပါတီ ၁၂ပါတီက ရွေးချယ်ခဲ့တာဖြစ်တာ ကြောင့် ဒီပါတီ ၁၂ခုကို ကိုယ်စားပြုတယ် လို့ ပြောပါတယ်။

" ၂၀၁၄ နိုဝင်ဘာလ ၂၅ရက်နေ့မှာ အမျိုးသားလွှတ်တော်အမတ် ဦးမြင့်ထွန်း ပြည်ခိုင်ဖြိုး ပါတီကပါပဲ။ သူရဲ့ ခေတ်ကာလနဲ့ လျော်ညီတဲ့ ဖွဲ့စည်းပုံ တခု ပေါ်ထွန်းအောင် ဒီအစုအဖွဲ့ ခြောက်ဦးကနေ တွေ့ဆုံဆွေးနွေးပြီး အဖြေရှာပေးပါ ဆိုတဲ့ တိုက်တွန်းမှု အရ ပြည်ထောင်စုလွှတ်တော်အတွင်းမှာရှိတဲ့ တိုင်းရင်းသား ပါတီများ အစုအဖွဲ့ကလည်း တဦး ဆိုတဲ့ သဘောနဲ့ ကျနော်တို့က တိုင်းရင်းသား ပါတီများ အစုအဖွဲ့ ၁၂ ခုကို စုစည်းပြီးမှ Mandate အရ တဦး တက်လာခြင်းဖြစ်ပါတယ်။ ကျနော့်ကို Mandate ပေးတာက လွှတ်တော်အတွင်းမှာ ရှိတဲ့ တိုင်းရင်းသားပါတီ (၁၂) ခုက ကျနော့်ကို တာဝန်ပေးထားခြင်း သာလျင်ဖြစ်ပါတယ်။"

အခုလို တိုင်းရင်းသားတွေရဲ့ ကိုယ်စားပြုမှုနဲ့ပတ်သက်ပြီး သဘောထားအမြင်တွေ ထုတ်ပြန်နေချိန်ဟာ ၂၀၀၈ဖွဲ့စည်းပုံဥပဒေပြင်ဆင်တဲ့ ဥပဒေကြမ်းကို လာမယ့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာ ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းကော်မတီက တင်ပြမယ့် အချိန်နဲ့ တိုက်ဆိုင်နေပါတယ်။ ဒီဥပဒေကြမ်း က အများပြည်သူရဲ့ သဘောဆန္ဒနဲ့ မကိုက်ညီရင် ၆ပွင့်ဆိုင်ဆွေးနွေးပွဲရလဒ် က ဖွဲ့စည်းပုံပြင်ဆင်ရေးအပေါ် သက်ရောက်မှုမရှိမှာကိုလည်း စိုးရိမ်မှုတွေ ရှိနေကြတာ ဖြစ်ပါတယ်။

XS
SM
MD
LG