သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်နက်ကိုင်တိုက်ပွဲ ပြဿနာ လွှတ်တော်သစ် မှာ တင်ပြမည်


SNLD
SNLD

ရှမ်းပြည်နယ်တွင်း နေရာအများစု အနိုင်ရလိုက်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) အနေနဲ့ အခုလက်ရှိ တိုက်ပွဲတွေပြင်းထန်နေလို့ ရှမ်းပြည်သူ ထောင်ချီထွက်ပြေး တိမ်းရှောင်နေရတဲ့ စစ်ဘေး အခြေအနေကို လွှတ်တော်သစ်မှာ အရေးတကြီး အဆိုတင်ပြီး ဖြေရှင်းသွားမှာဖြစ်တယ် လို့ပြောဆိုလိုက်ပါတယ်။ သမ္မတ ဦးသိန်းစိန်နဲ့တွေ့ဆုံစဉ် အမြန်ဆုံးတိုက်ပွဲတွေ ရပ်ဆိုင်းဖို့ တောင်းဆိုခဲ့သလို တပ်မတော် ကာကွယ်ရေ းဦးစီးချုပ်ကိုလည်း တိုက်ပွဲတွေ ရပ်တန့်ပေး စေလိုကြောင်း SNLD အနေနဲ့ မေတ္တာရပ်ခံပါတယ်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD) ရဲ့ ဒုဥက္ကဋ္ဌ ဦးစိုင်းစောအောင်ကို မဆုမွန်က ဆက်သွယ်မေးမြန်းတဲ့အခါ ရှမ်းပြည်နယ်တွင်း စစ်ရေးတင်းမာနေတဲ့ အခြေအနေအပေါ် SNLD အနေနဲ့ ဘယ်လို ဖြေရှင်းဆောင်ရွက် ပေးနေပါသလဲဆိုတာ သူက အခုလိုစရှင်းပြပါတယ်။

ဦးစိုင်းစောအောင်။ ။ ကျနော်တို့ သမ္မတနဲ့တွေ့တဲ့အခါမှာ အဲဒီနေရာတွေမှာ တိုက်ပွဲဖြစ်နေတဲ့ အကြောင်း အဲဒီကလူတွေဟာ ဒီအချိန်က ကောက်ရိတ်သိမ်းချိန်ဖြစ်တယ်။ အဲဒီတော့ ဒုက္ခရောက်နေတယ်။ စိတ်သောကတွေ ရောက်နေတယ်။ အဲဒီနေရာမှာ တိုက်ပွဲရပ်စဲပေးဖို့ သမ္မတကြီးကို ကျနော်တို့က တောင်းဆိုခဲ့တာရှိပါတယ်။ သမ္မတကြီးတုန့်ပြန်တာကို ပြန်ပြောရမယ်ဆိုရင်တော့ သူကပြောတယ် ရေတိုလုပ်စရာရှိတာတွေကိုလုပ်သွားမယ်တဲ့၊ ရေရှည် လုပ်စရာရှိတာတွေကိုလည်းလုပ်သွားပေးမယ်ဆိုပြီးတော့ ခြုံငုံပြီးတော့ ပြောသွားတာပဲ ကြားသိရပါတယ်။

မဆုမွန်။ ။ ဟုတ်ကဲ့အန်ကယ်။ တိုက်ပွဲကလည်း မပြီးသေးပါဘူး။ မနေ့ကဆိုရင် တချို့နေရာတွေမှာ လေယာဉ်နဲ့တောင်မှ ပစ်ခတ်တိုက်ခိုက်မှုတွေရှိတယ်လို့ပြောတော့၊ အန်တို့အနေနဲ့ ဒီလိုမျိုး လုံခြုံရေး စိုးရိမ်စရာအနေအထားမှာလေ ဘယ်လိုများ ဆက်ပြီး ဆောင်ရွက်သွားဖို့ အနေအထား ရှိပါသလဲရှင့်။

ဦးစိုင်းစောအောင်။ ။ကျနော်တို့ ကြိုးစားနေတာကတော့ တတ်နိုင်တဲ့ တတ်နိုင်သလောက်တော့ ကျနော်တို့ ဒီတိုက်ပွဲကို ကျနော်တို့ကလွှတ်တော်ထဲမှာ လွှတ်တော်ရောက်တဲ့အခါမှာလည်း ကျနော်တို့ တင်ပြဆွေးနွေးဖို့ အစီအစဉ်ရှိပါတယ်။ နောက်ပြီးတော့ ဒီကိုယ့်နေရာ တိုက်ပွဲဖြစ်တဲ့ အင်မတန် ဒုက္ခရောက်တဲ့လူတွေကို တက်နိုင်တဲ့ဘက်က လှုံ့ဆော်ပေးဖို့ ၊ အကူအညီထောက်ပံ့ပေးဖို့ လှုံ့ဆော်တာတွေ ဒါတွေပဲ ကျနော်တို့ အားစိုက်ပြီးတော့ လုပ်နေပါတယ်။

မဆုမွန်။ ။ ဖြစ်နေတာက မြန်မာစစ်တပ်နဲ့ ဖြစ်နေတာဆိုတော့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုရော အန်ကယ်တို့ ရှမ်းနိုင်ငံရေးပါတီတွေ အနေနဲ့ အခုလိုတိုက်ပွဲတွေဖြစ်နေတဲ့ အနေအထားပေါ်မှာ ပေါ့နော်၊ ဆွေးနွေးဖို့ တောင်းဆိုဖို့ များ အစီအစဉ်ရော ရှိပါသလားရှင့်။

ဦးစိုင်းစောအောင်။ ။ ကျနော်တို့ကတော့ တပ်ချုပ်ကြီးကို တွေ့ဖို့ တောင်းဆိုဖို့ အစီအစဉ်တော့ မရှိပါဘူး။ ဒါပေမဲ့ တပ်ချုပ်ကြီးနဲ့ တွေ့နိုင်တဲ့သူတွေ၊ တပ်ချုပ်ကြီးနဲ့ တွေ့ဖို့ရှိတဲ့သူတွေကိုတော့ တဆင့်စကား ပါးပြီးတော့မှ တောင်းဆိုဖို့ပဲ ရှိပါတယ်။

မဆုမွန်။ ။ အခုလက်ရှိ ရှမ်းပြည်နယ်ထဲမှာ ရှမ်းလူထုတွေ ဒီလိုမျိုး ထောင်နဲ့ချီပြီးတော့မှ ထွက်ပြေးနေရတယ်။ ဒီလုံခြုံရေးအတွက် အရမ်းစိုးရိမ်နေရတဲ့ အနေအထားမှာ အန်ကယ်အနေနဲ့ သက်ဆိုင်တဲ့သူတွေကို ဘယ်လိုများတောင်းဆိုချင်ပါလဲရှင့်။

ဦးစိုင်းစောအောင်။ ။ ကျနော်တို့တောင်းဆိုချင်တာက လူတွေက ဒီအချိန်မှာ ဒုက္ခရောက်နေတယ်။ နေ့တိုင်းကို ထွက်ပြေးတိမ်းရှောင်နေရတယ်။ အဲ့ဒီ့တော့ ဒီစစ်ပွဲကို ရပ်ပြီးတော့မှ စားပွဲပေါ် ဆွေးနွေးမှသာလျှင် နိုင်ငံရေးကို နိုင်ငံရေးနဲ့ ဖြေရှင်းမှသာလျှင် ဒါက ငြိမ်းချမ်းရေးကို ရမယ်ဆိုတာကို ကျနော်တို့ တစိုက်မတ်မတ် ယုံလည်း ယုံကြည်တယ် အားလည်း အားထုတ်ပြီးမှ လုပ်နေတာ ဒီလမ်းကြောင်းကို ဆက်ပြီးတော့ သွားဖို့ အပြည့်အဝ ရည်ရွယ်ထားပါတယ်။

မဆုမွန်။ ။ ဟုတ်ကဲ့ရှင့်။ အန်ကယ်လ်တို့ ရှမ်းပြည်သူလူထုကိုရော အန်ကယ်လ်တို့ ဘာတွေများ ကူညီဆောင်ရွက်ပေးနေတာ ရှိပါလဲရှင်။

ဦးစိုင်းစောအောင်။ ။ အခုက သူတို့က ဒီနေရာမှာ ဒုက္ခရောက်နေတဲ့သူတွေက နေရာအနှံ့မှာ ရောက်နေတော့ ကျနော်တို့ ပါတီအနေနဲ့က လူမှုအဖွဲ့အစည်းတွေကို တတ်နိုင်တဲ့ဘက်က အကူအညီပေးဖို့ တတ်နိုင်သလောက် ပါဝင်လှူဒါန်းဖို့ ဒါကို ကျနော်တို့နေ့စဉ်နဲ့အမျှ လံှု့ဆော်ပေးနေတာ ရှိပါတယ်။

မဆုမွန်။ ။ အခုက အန်ကယ်တို့ ရှမ်းပါတီအနေနဲ့က နေရာတွေ တော်တော်များများ နိုင်ခဲ့ တယ်ပေါ့။အခုဆိုရင် အုပ်ချုပ်တဲ့ အပြောင်းအလဲဖြစ်တော့မယ်ပေါ့။ လာမယ့်အုပ်ချုပ်ရေးအသစ် အစိုးရအသစ်မှာ အန်ကယ်လ်တို့နိုင်ငံရေးပါတီ အထူးသဖြင့် SNLD အနေနဲ့ ဘယ်လိုများ ဆက်ပြီး ဆောင်ရွက်သွားဖို့ရှိပါလဲရှင်။

ဦးစိုင်းစောအောင်။ ။ လောလောဆယ်တော့ ကျနော်တို့ လုပ်နိုင်တဲ့ဟာပဲ လွှတ်တော်ထဲရောက်ရင် လွှတ်တော်ထဲ တင်ပြမယ်။ လွှတ်တော်ပြင်ပကနေလည်း တတ်နိုင်သလောက် လုပ်မယ်။ အကယ်လို့ အစိုးရအဖွဲ့ကိုရောက်ရင်လည်း “အဲ့ဒီ့စစ်ပွဲကို ရပ်တန့်ဖို့ ပထမဦးဆုံး ကြိုးပမ်းနေရတာပေါ့လေ။ ကြိုးစားမှာပေါ့ဗျာ။

မဆုမွန်။ ။ ဟုတ်ကဲ့ ကျေးဇူးအများကြီးတင်ပါတယ်ရှင့်။

ဦးစိုင်းစောအောင်။ ။ ဟုတ်ကဲ့။ ဟုတ်ကဲ့။ ကျေးဇူးပါပဲ။

တိုက်ရိုက် လင့်ခ်

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD) ရဲ့ ဒုဥက္ကဋ္ဌ ဦးစိုင်းစောအောင်ကို ဗွီအိုအေ မြန်မာပိုင်းက မဆုမွန်က ဆက်သွယ်မေးမြန်းခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG