သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းပြည်မြောက်ပိုင်း တချို့ မြို့နယ်တွေမှာ SNLD အနိုင်ရ


တောင်ကြီး ကြိုတင်မဲများ။ (ဓာတ်ပုံ-Ko Tue's fb)
တောင်ကြီး ကြိုတင်မဲများ။ (ဓာတ်ပုံ-Ko Tue's fb)

ရှမ်းပြည်နယ်တွင်း လက်ရှိ ရေတွက်ပြီးသလောက် မဲရလဒ်တွေ အရတော့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD က မဲအများစုနဲ့ ဦးဆောင် နေပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကလည်း အနိုင်ရနေတယ်လို့ SNLD ပါတီက ပြောပါတယ်။ ရှမ်းပြည်နယ်တွင်း တချို့မြို့နယ်တွေမှာလည်း ကြိုတင်မဲ ကိစ္စ၊ မဲပုံးတွေလုံခြုံမှုနဲ့ ပတ်သက်ပြီး အငြင်းပွားမှုတွေကြောင့် မဲရေတွက်လို့ မရနိုင်သေးတဲ့ မြို့နယ်တွေလည်း ရှိနေတာပါ။ ရှမ်းပြည်နယ်တွင်းက ရွေးကောက်ပွဲမဲပေးခဲ့မှု အခြေအနေတွေ ဘယ်အတိုင်းအတာထိ လွတ်လပ်မျှတမှု ရှိခဲ့ပါသလဲဆိုတာကို ရှမ်းအမျိုးသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ရဲ့ ပြောခွင့်ရ ဦးစိုင်းလိတ်ကို မသိင်္ဂီထိုက်က ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။

သိင်္ဂီထိုက်။ ။ ဆရာတို့ SNLD ဘက်က ပြတ်ပြတ်သားသား မဲအသာရနေတဲ့ မြို့နယ် နာမည်လေးတွေများသိရမလားရှင့်။

ဦးစိုင်းလိတ်။ ။ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်၊ သိန္နီ၊ ကျောက်မဲ၊ သီပေါ၊ မိုင်းယယ် - အဲဒီမြို့နယ်တွေကတော့ အပြတ်အသတ်နိုင်ထားပါတယ်ခင်ဗျ။ လွှတ်တော် သုံးနေရာလုံးကို နိုင်ထားတယ်။ ရှမ်းပြည်နယ်တောင်ပိုင်းမှာ လဲချား၊ မိုင်းကိုင်၊ ကွန်ဟိန်း၊ မိုးနည်း၊ လင်းခေး - အဲဒီနေရာတွေမှာလည်း အပြတ်အသတ်နိုင်ထားပါတယ်။

သိင်္ဂီထိုက်။ ။ ဟုတ်ကဲ့။ အဲဒီတော့ ရှမ်းပြည်နယ်ထဲမှာ ဆရာတို့ ရလဒ်မသိသေးတဲ့ မြို့နယ်တွေက ဘယ်နှစ်မြို့နယ်ကျန်ပါသေးလဲရှင့်။

ဦးစိုင်းလိတ်။ ။ အခုလောလောဆယ် တန့်ယန်းမှာ မဲရေနေတုန်းပေါ့နော်။ နောက် နန့်ခမ်းမှာလည်း မသိသေးပါဘူး။ နောက် ဒီနားတဝိုက်က မြို့နယ် ၂ ခု၊ သုံးခု ကျန်ပါသေးတယ်၊ ဒီတောင်ပိုင်းမှာ။ နောက်တခါ ကျနော်တို့ဝင်ပြိုင်တဲ့ မန္တလေးတိုင်းထဲက မိုးကုတ်၊ အဲဒါလည်း အခုထက်ထိကို အဆင်မပြေသေးပါဘူး။

သိင်္ဂီထိုက်။ ။ အဲဒီတော့ ဆရာ ရှမ်းပြည်နယ်အတွင်း ရွေးကောက်ပွဲအခြေအနေတွေ ဘယ်လိုသုံးသပ်ပါသလဲ၊ ဘယ်ပါတီတွေက ဦးဆောင်နေပါလဲရှင့်။ NLD တို့ SNDP တို့ အနေအထားပေါ့နော်။ ဆရာတို့ရဲ့ပြိုင်ဘက်ပါတီအနေအထားတွေရော ဘယ်လိုရှိပါလဲ။

ဦးစိုင်းလိတ်။ ။ ကျနော်တို့စပြီး ရွေးကောက်ပွဲဝင်ပြိုင်ကတည်းက အဓိကပြိုင်ဘက်ရယ်လို့ USDP ကိုပဲ အဓိကထားပါတယ်။ အခုလက်ရှိ အနိုင်ရ နေတာကို ကြည့်မယ်ဆိုရင် ရှမ်းပြည်မှာ ကျနော်တို့ SNLD ပြီးရင် NLD က ဦးဆောင်နေပါတယ်ခင်ဗျ။ ဒါပေမယ့် မဲရရှိမှုအနေအထားကြည့်မယ် ဆိုရင်တော့ SNLD က ထိပ်ဆုံးက ပြေးပါတယ်။ ကျားဖြူပါတီကတော့ လောလောဆယ်အထိ တစ်နေရာပဲ ရပါသေးတယ်ခင်ဗျ။

သိင်္ဂီထိုက်။ ။ အဲဒီတော့ ဆရာတို့ အခု ဒီမိုင်းပြင်းမှာ ဒုတိယ COMPLAIN- ရွေးကောက်ပွဲကော်မရှင်က ဘယ်လိုဖြေရှင်းပါလဲရှင့်။

ဦးစိုင်းလိတ်။ ။ ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်ပြင်းမှာ မုံဖူးလုံဆိုတဲ့ရွာကလာတာ။ မနေ့ကတည်းကပို့ထားတယ်။ ဒါပေမယ့် လာပို့တုန်းကအနေအထားနဲ့ အခုတွေ့တဲ့အနေအထားက လုံးဝကွဲပြားနေတယ်။ ဒါကြောင့်မို့လို့ ဟိုဘက်ကလည်း မသင်္ကာလို့ COMPLAINတွေ တက်နေကြတာ။ အဲဒါကို မြို့နယ်ကော်မရှင်ရဲ့ဖြေရှင်းချက်ကိုစောင့်ကြည့်နေတယ်။ သမာသမတ်မရှိဘူးဆိုရင်တော့ ပြည်နယ်ကော်မရှင်ကိုဆက်ပြီး အကြောင်းကြားရပါလိမ့်မယ်ခင်ဗျ။ အနည်းဆုံးတော့ ထွက်လာတဲ့မဲရလဒ်ကို ကျနော်တို့ ကိုယ်စားလှယ်တွေက လက်မှတ်မထိုးပေးဘဲနဲ့ တရားမျှတမှုရှိအောင် အရေးဆိုသွားမှာပါ။

သိင်္ဂီထိုက်။ ။ ဟုတ်ကဲ့၊ ရွေးကောက်ပွဲကော်မရှင်က ဘယ်လို ဖြေရှင်းပါသလဲရှင့်။

ဦးစိုင်းလိတ်။ ။ အဲဒါကို သူတို့ကလည်း ဘူးခံပြီး ငြင်းနေပါတယ်။ ဒီလက်ရာပျက်နေတာမဟုတ်ဘူး၊ နဂိုရ်ကတည်းက ဒီပုံစံအတိုင်းပဲဖြစ်တယ်ပေါ့နော်။ ဒါပေမယ့် NLD ဘက်က ပုဂ္ဂိုလ်တစ်ယောက်က ပြောတာလေ။ ဒီဥစ္စာ ရိုးရိုးသားသားဖြစ်နေတာမဟုတ်ဘူး၊ ဖောက်ဖျက်ထားတဲ့ပုံစံမျိုးပေါ့နော်- ခြေရာလက်ရာပျက်နေတယ်ပေါ့- အဲလိုစွပ်စွဲမှုတွေရှိနေတော့ ရှေ့ဆက်လည်းသွားမရဘူး၊ မဲစာရင်းကိုလည်း ဆက်ရေလို့မရဘူးဖြစ်နေတယ်။

သိင်္ဂီထိုက်။ ။ မဲဆန္ဒရှင်အရေအတွက်ကရော အနိုင်အရှုံးကို အဆုံးအဖြတ်ပေးနိုင်လောက်တဲ့အထိများ များပါသလားရှင်-့ ဆရာ။

ဦးစိုင်းလိတ်။ ။ လုံးဝကို အနိုင်အရှုံးပေးနိုင်တဲ့အထိ အနေအထားမျိုးပါ။ အင်မတန်ကြီးတဲ့ ကျေးရွာအုပ်စုတစ်ခုကပါ။ လူဦးရေ ထောင်ချီရှိပါတယ်ခင်ဗျ။ အခုစပြီးရေတွက်မယ်လုပ်တော့ အဲဒီမဲပုံးက ခြေရာလက်ရာပျက်နေတဲ့အခါကျတော့ အားလုံးက COMPLAINတက်နေတော့ အဲဒီအဆင့်ကိုလည်း ကျော်မရဘူးဖြစ်နေတယ်။ စပြီးရေတွက်လို့ မဖြစ်ဘူး ဖြစ်နေတယ်။

သိင်္ဂီထိုက်။ ။ လားရှိုးကိစ္စမှာလည်း ဆရာတို့ COMPLAINလုပ်ပါတယ်။ မနေ့က သတင်းစာရှင်းလင်းပွဲတောင် လုပ်လိုက်ရတော့ လားရှိုးအခြေအနေရော ဘာထပ်ထူးပါလဲရှင့်။

ဦးစိုင်းလိတ်။ ။ လာရှိုးကတော့ နောက်ကျမဲ- ကြိုတင်မဲပေါ့နော် အဲဒါကြီးကို ပယ်ဖျက်လိုက်ပြီလို့ ပြောပါတယ်။

သိင်္ဂီထိုက်။ ။ အဲဒီတော့ အနိုင်အရှုံး ပြတ်ပြတ်သားသားထွက်ပြီလားရှင့် ဆရာ။

ဦးစိုင်းလိတ်။ ။ ဒါလည်းပဲမသိသေးဘူးခင်ဗျ။ ဘာလို့လဲဆိုတော့ သူက လားရှိုးက ခရိုင်မြို့တော်ဖြစ်တယ်၊ အမျိုးသားလွှတ်တော်အတွက်ပါ ထည့်တွက်ရတော့ ဥပမာ တန့်ယန်းမပြီးတော့သူလည်း ဘယ်လိုမှ မပြီးပါဘူးခင်ဗျ။

သိင်္ဂီထိုက်။ ။ တကယ်တန်း ကြိုတင်မဲတွေကို စာရင်းနဲ့ရော ပြန်စစ်လို့ရလားရှင့်။

ဦးစိုင်းလိတ်။ ။ မရပါဘူးခင်ဗျ။ မနေ့ညကပဲ တောင်ကြီးမှာ ကြိုတင်မဲတွေကို တညလုံးထိုင်စောင့်ပါတယ်။ အဲဒီကြိုတင်မဲတွေအကုန်လုံးက USDP မဲတွေချည့်ပါပဲ။ ဒါပေမယ့် အဲဒီမဲအရေအတွက်ကို ဘယ် ဝှိုက်ဘုတ်မှာမှ သွားကြည့်ကြည့်တော့မှ ကြည့်စရာစာရင်းမရှိပါဘူးခင်ဗျ။

သိင်္ဂီထိုက်။ ။ အဲဒီတော့ ဆရာတို့ပါတီတွေကို ပုံစံ ၁၉ ပေါ့နော် - မဲလက်မှတ်တွေကို လက်မှတ်ထိုးမှရတဲ့ဟာတွေမှာရော ကြိုတင်မဲတွေ ဘယ်သူတွေပေးထားပါတယ်ဆိုတဲ့ စာရင်း ဆရာတို့ရပါလားရှင့်။

ဦးစိုင်းလိတ်။ ။ နောက်ဆုံးလက်မှတ်ထိုးမယ်ဆိုရင်တော့ ပေးပါတယ်ခင်ဗျ။ ပြရတာပေါ့။ ဒီစာရင်းကိုတော့ပြတယ်။ ဒါပေမယ့် ဒါလည်း အတည်ပြုချင်လို့ ပြုရတာမျိုးမဟုတ်ဘဲနဲ့ နောက်ဆုံး သိပ်မမျှမတကြီး ကွာဟနေတဲ့အခါကျတော့ COMPLAINမတက်ချင်တော့လို့ လက်မှတ်ထိုးလိုက်ရတဲ့အနေအထားမျိုးပဲ ရှိပါတယ်။ ဒါပေမယ့် စိတ်ထဲမှာတော့ ဒါ တရားမျှတမှုမရှိဘူးဆိုတာ အားလုံးက သိနေ၊ ခံစားနေကြရပါတယ်။

သိင်္ဂီထိုက်။ ။ အဲဒီတော့ ဆရာတို့ရှမ်းပြည်နယ်အတွင်း ဆရာတို့ဝင်ပြိုင်တဲ့နေရာတွေမှာ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ လွတ်လပ် တရားမျှတမှု အနေအထားပေါ်မှာ ဆရာ ဘယ်လိုများ မှတ်ချက်ပေးချင်ပါလဲ။

ဦးစိုင်းလိတ်။ ။ လွတ်လပ်တရားမျှတမှုဆိုတာကတော့ မရှိသလောက်ပါပဲခင်ဗျ။ လွတ်လွတ်လပ်လပ် မဲပေးရအောင်ဆိုတာကလည်း အခုလောလောဆယ် နမ့်ခမ်းမှာ မဲစာရင်းတွေ ရေနေတယ်။ ပြည်သူ့စစ်အဖွဲ့တစ်ဖွဲ့ကနေပြီးမှ သူ့ရဲ့ ရဲဘော်တွေကို ခေါ်လာပြီးတော့မှ လက်နက်နဲ့တကွ ကော်မရှင်ရုံးကိုဝိုင်းထားတယ်။ အပြင်လူ ဝင်လို့ရဘူး။ အဲဒါ အထူးရဲတွေရှိရဲ့နဲ့၊ တာဝန်ကျ လုံခြုံရေးတွေရှိရဲ့နဲ့ ပြည်သူ့စစ်အဖွဲ့ကဝင်ပြီးတော့မှ တဘက်လှည့်နဲ့ ခြိမ်းခြောက်တဲ့ပုံစံမျိုး လုပ်နေတာ တွေ့ရတယ်။ နောက်တခါ တခြားမြို့နယ်တွေမှာကျတော့လည်း မဲလိမ်မဲခိုးတဲ့ကိစ္စတွေကိုတမင်လုပ်တဲ့ပုံစံ မဟုတ်တောင်မှ ကျောင်းဆရာမတွေပေါ့နော်၊ တာဝန်ကျဆရာမတွေက မသိမသာလုပ်နေတာတွေလည်း ကျနော်တို့ အများကြီးတွေ့ရှိရပါတယ်။ နောက် မဲစာရင်း၊ မဲစာရွက်ကိစ္စ။ ဒါကလည်း မလိုလားအပ်ဘဲနဲ့ သပ်သပ်ယပ်ယပ်ကလေး ကြိုတင်မဲပြောပြီးတော့မှ ထပ်ခါ ထပ်ခါ စီထားတဲ့အနေအထားမျိုးလည်းတွေ့ရတယ်။ ဒါတွေအားလုံး ခြုံကြည့်မယ်ဆိုရင်တော့ တရားမျှတမှုဆိုတာတော့ မရှိသလောက် တွေ့ရပါတယ်။

ရှမ်းပြည်နယ်တွင်းက မြို့နယ် ၅၅ မြို့နယ်ထဲက ပန်ဆန်း၊ ပန်ဝိုင်၊ မိုင်းမော၊ နားဖန်းနဲ့ မိုင်းလားမြို့နယ် ၅ မြို့နယ်တို့မှာ ရွေးကောက်ပွဲ လုံးဝ ကျင်းပနိုင်ခဲ့ ခြင်းမရှိသလို တခြား မြို့နယ် မြို့နယ် ၈ ခုတို့က မဲဆန္ဒနယ်တချို့မှာလည်း ဒေသအခြေအနေကြောင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ရွေးကောက်ပွဲတွေ ကျင်းပနိုင်ခဲ့ခြင်း မရှိပါဘူး။

XS
SM
MD
LG