သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Snowden မော်စကို လေဆိပ်မှာပဲ ဆက်နေဖွယ်ရှိ


အမေရိကန် ပြည်ထောင်စုက ထောက်လှမ်းရေး အချက်အလက်တွေကို လူသိရှင်ကြား ထုတ်ဖော်ခဲ့တဲ့ လုံခြုံရေးဌာန ဝန်ထမ်းဟောင်း အက်ဝပ် စနိုဒန် (Edward Snowden) ဟာ ရုရှားနိုင်ငံ မော်စကိုမြို့ လေဆိပ်က ခရီးတထောက်နားရာ နေရာကနေ ဗုဒ္ဓဟူးနေ့က ထွက်ခွာမယ့် အရိပ်အယောင်တွေ တွေ့ခဲ့ရပါတယ်။

ဒါပေမဲ့လည်း ရုရှားနိုင်ငံမှာ ခိုလှုံခွင့် လျှောက်ထားရာမှာ အခက်အခဲတချို့ ရှိနေတဲ့အတွက် လေဆိပ်မှာပဲ ဆက်လက် နေထိုင်နေရတဲ့အကြောင်း သူ့ရဲ့ အကျိုးဆောင်ရှေ့နေက ပြောပါတယ်။ ရုရှားနိုင်ငံက သတင်းတွေမှာတော့ အမေရိကန် အမျိုးသား လုံခြုံရေးအေဂျင်စီ ဝန်ထမ်းဟောင်း စနိုဒန်အတွက် ခိုလှုံခွင့်နဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းတွေ ထုတ်ပေးခဲ့ပြီးတဲ့နောက် လေဆိပ်ကနေ ထွက်ခွာပြီး ရုရှားနိုင်ငံကို တရားဝင် ဝင်ခွင့်ရရှိသွားပြီလို့ ဖော်ပြနေကြတာပါ။

စနိုဒန်ဟာဆိုရင် နိုင်ငံတော်လျှို့ဝှက်ချက် ပေါက်ကြားမှုနဲ့ အလိုရှိနေတဲ့ အမေရိကန် ပြည်ထောင်စုက ဖမ်းဆီးမှာကို ရှောင်ရှားတဲ့အနေနဲ့ မော်စကို Sheremetyevo လေဆိပ် ခရီးတထောက်နားရာ နေရာမှာ တလလောက် နေထိုင်နေရင်း ခိုလှုံခွင့် ရနိုင်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။

ရုရှားနိုင်ငံသား အကျိုးဆောင်ရှေ့နေ Anatoly Kucherena ကတော့ ရုရှားအာဏာပိုင်တွေထံက လိုအပ်တဲ့ စာရွက်စာတမ်းတွေ မရသေးတဲ့အတွက် လေဆိပ်မှာပဲ ဆက်လက် နေထိုင်ရမှာ ဖြစ်တဲ့အကြောင်း ဗုဒ္ဓဟူးနေ့က သူ့ရဲ့အမှုသည်နဲ့ တွေ့ဆုံအပြီးမှာ ပြောဆိုခဲ့တာပါ။ ထိပ်တန်းလျှိူ့ဝှက် ထောက်လှမ်းရေး အစီအစဉ်တွေကို ပေါက်ကြားခဲ့သူအဖြစ် အမေရိကန်မှာ အရေးယူနိုင်ဖို့ သမ္မတ ဘရက်ခ် အိုဘားမား က စနိုဒန်ကို ပြန်လည် လွဲှပြောင်းပေးရေး တောင်းဆိုချက်ကိုတော့ ရုရှားသမ္မတ ဗလက်ဒီမီယာ ပူတင် (Vladimir Putin) က ငြင်းဆန်ထားပါတယ်။
XS
SM
MD
LG