ရုရှားနိုင်ငံ ဆိုချီမြို့မှာ ကျင်းပနေတဲ့ ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲ တနင်္ဂနွေနေ့ ပွဲစဉ်တွေအပြီးမှာတော့ ဂျာမနီနိုင်ငံက ရွှေတံဆိပ် အများဆုံးနဲ့ ပြိုင်ပွဲကို ဦးဆောင်နေပါတယ်။
ဂျာမနီက ရွှေ ၇ ခု၊ ငွေ ၃ ခု ၊ ကြေး ၂ ခု ရထားပြီး၊ သူ့နောက်မှာတော့ နယ်သာလန်နိုင်ငံက ရွှေ ၅ ခု၊ ငွေ ၅ ခု ၊ ကြေး ၇ ခုနဲ့ ဒုတိယ၊ နော်ဝေးနိုင်ငံက ရွှေ ၅ ခု၊ ငွေ ၃ ခု၊ ကြေး ၆ ခုနဲ့ တတိယနေရာမှာ ရှိနေပါတယ်။ ဆွစ်ဇာလန်က ရွှေ ၅ ခု နဲ့ အဆင့် ၄ နေရာမှာရှိနေပြီး အိမ်ရှင် ရုရှားကတော့ ရွှေတံဆိပ် ၄ ခု၊ ငွေ ၇ ခု၊ ကြေး ၅ ခု နဲ့ အဆင့် ၅ နေရာမှာရှိနေပါတယ်။ ကနေဒါနဲ့ အမေရိကန်နိုင်ငံတွေကတော့ ရွှေတံဆိပ် ၄ ခုစီရထားပြီး အဆင့် ၆ နဲ့ ၇ နေရာတွေမှာ ရပ်တည်နေပါတယ်။
တနင်္ဂနွေနေ့က ပြိုင်ပွဲတွေမှာတော့ နိုင်ငံ ၄ နိုင်ငံက ရွှေတံဆိပ်တွေရသွားပြီး နယ်သာလန်နိုင်ငံက အမျိုးသမီး မီတာ ၁၅၀၀ စကိတ် အမြန်စီးပြိုင်ပွဲမှာ ပထမ ၊ ဒုတိယ ၊ တတိယ ဆုတွေအားလုံးယူသွားပြီး၊ နယ်သာလန်အသင်းက Jorien ter Mors က အိုလံပစ် စံချိန် ချိုးနိုင်ခဲ့ပါတယ်။ အမျိုးသား Super-G နှင်းလျှော စီးပြိုင်ပွဲမှာတော့ - နော်ဝေးက Jansrud က ရွှေတံဆိပ်ရသွားပြီး အမေရိကန်က အသက် ၃၆ နှစ်အရွယ် Bode Miller က ဒုတိယရခဲ့ပြီး အိုလံပစ် Alpine Skiing ပြိုင်ပွဲမှာ အသက်အကြီးဆုံး ဆုရတဲ့သူအဖြစ် မှတ်တမ်းဝင်သွားပါတယ်။
ဒါ့အပြင် ချက်နိုင်ငံက Eva Samkova လည်း အမျိုးသမီး Snowboard ပြိုင်ပွဲမှာ ရွှေရခဲ့ပြီး ဒါဟာ ချက်နိုင်ငံအတွက် ပထမဆုံး ရွှေတံဆိပ်ဖြစ်ပါတယ်။ အမျိုးသား ၁၀ ကီလိုမီတာ လေးယောက်တွဲ လက်ဆင့်ကမ်း တောတွင်းခရီးကြမ်း နှင်းလျှောစီးပြိုင်ပွဲမှာတော့ ဆွီဒင်နိုင်ငံက ရွှေတံဆိပ်ရသွားပြီး အိမ်ရှင် ရုရှားက ဒုတိယ၊ ပြင်သစ်က တတိယရသွားပါတယ်။ ဒီပွဲကို ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်လည်း သွားရောက် အားပေးခဲ့ပါတယ်။ စနေနေ့ကတော့ အမျိုးသမီးပြိုင်ပွဲကို ကျင်းပခဲ့တာမှာလည်း ဆွီဒင်ကပဲ အနိုင်ရသွားပါတယ်။