ရုရှားနိုင်ငံ ဆိုချီမြို့က ဆောင်းရာသီ အိုလံပစ် အားကစားပွဲတော်မှာ အင်္ဂါနေ့အထိ ဆုရရှိမှု စာရင်းမှာတော့ ဂျာမနီနိုင်ငံက ရွှေတံဆိပ် ၈ ခုနဲ့ ဦးဆောင်နေပြီး နော်ဝေနိုင်ငံကတော့ ရွှေတံဆိပ် ၇ ခုနဲ့ ဒုတိယ လိုက်နေပါတယ်။
လတ်တလော ဆုရရှိမှုတွေမှာတော့ နယ်သာလန်နဲ့ အမေရိကန်တို့က စုစုပေါင်း ဆု ၂၀ စီ ရရှိထားကြပြီး၊ အိမ်ရှင် ရုရှားကတော့ ၁၉ ဆု၊ နော်ဝေက ၁၈ ဆု၊ ကနေဒါက ၁၇ ဆု၊ ဂျာမဏီက ၁၅ ဆု အသီးသီး ရရှိထားကြတာပါ။ အင်္ဂါနေ့ ပွဲစဉ်တွေထဲက အမျိုးသား Freestyle စကိတ်စီးပွဲမှာတော့ အမေရိကန် ပြည်ထောင်စုက David Wise က ရွှေတံဆိပ် ရရှိသွားပါတယ်။
နှင်းတွေ အကြီးအကျယ် ကျနေတဲ့ကြားမှာပဲ ၉၂ မှတ်နဲ့ အမေရိကန် ချန်ပီယံက ဦးဆောင်ခဲ့ပြီး၊ ကနေဒါက Mike Riddle နဲ့ ပြင်သစ်က Kevin Rolland တို့ကတော့ ငွေနဲ့ ကြေးဆုတံဆိပ်တွေ အသီးသီး ရရှိခဲ့ကြတာပါ။
အမျိုးသား ၁၀ ကီလိုမီတာ စကိတ် အမြန်စီးပွဲမှာတော့ နယ်သာလန်နိုင်ငံက Jorrit Bergsma က ၁၂ မိနစ် ၄၄.၄၅ စက္ကန့်နဲ့ အိုလံပစ်စံချိန်ချိုးပြီး
ရွှေတံဆိပ်ဆု ဆွတ်ခူးသွားပါတယ်။