သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူမှုကွန်ယက်က အမုန်းစကားတွေပိတ်ဖို့ ကမ္ဘာအဝှမ်းတောင်းဆိုမှုမြင့်လာ


နည်းပညာကုမ္ပဏီကြီးတွေဖြစ်တဲ့ Google ကုမ္ပဏီရဲ့ YouTube, Facebook နဲ့ Twitter လူမှုကွန်ယက်စာမျက်နှာတွေဟာလူတွေ လွတ်လပ်စွာရေးသားဖော်ပြခွင့် ရနေတဲ့နေရာတွေဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဲဒီစာမျက်နှာတွေပေါ်မှာ ထိပါးစော်ကားတဲ့ စကားတွေ၊ အကြမ်းဖက်တဲ့ စကားလုံးတွေရေးသားလာကြတဲ့အပေါ် အရေးယူဆောင်ရွက်ပေးဖို့ တောင်းဆိုသံတွေလည်း တဖြည်းဖြည်းများလာပါတယ်။ အမေရိကန်ပြည်ထောင်စုနဲ့ ကမ္ဘာတဝှမ်းလုံးမှာ ရင်ဆိုင်နေရတဲ့ ဒီစိန်ခေါ်ချကေ်တွနဲ့ပတ်သက်လို့ Michelle Quinn ပေးပို့ထားတဲ့ဆောင်းပါးကို နန်းလောင်ဝ်က တင်ပြထားပါတယ်။

အွန်လိုင်းပေါ်မှာ ပြောဆိုရေးသားနေကြတဲ့နေရာမှာ လိင်စိတ်ကို နှိုးကြွစေတဲ့ အဖော်အချွတ် ဓာတ်ပုံဗွီဒီယိုတွေ၊ ဒါမှမဟုတ် အကြမ်းဖက်ဖို့ ခြိမ်းခြောက်မှုတွေလို သိပ်ဆိုးရွားလွန်းတဲ့ ဖော်ပြရေးသားတဲ့ ကိစ္စတွေလောက်မှသာအဓိကလူမှုကွန်ယက်ကုမ္ပဏီကြီးတွေအနေနဲ့ ထိန်းချုပ်လေ့ရှိပြီး တော်ရုံကိစ္စတွေကိုတော့ လွတ်လပ်ခွင့်ပေးထားတာ အတော်ကြာနေပါပြီ။ ဒါပေမယ့်လည်း လတ်တလောသီတင်းပတ်တွေမှာတော့ အဲဒီလို လူမှုကွန်ယက်တွေပေါ်မှာလွတ်လပ်ခွင့်ပေးထားတဲ့ မူဝါဒတွေကို အသေအချာစောင့်ကြည့်လာကြပါတယ်။ လက်ယာယိမ်းအမေရိကန် ရေဒီယိုအစီအစဉ်တင်ဆက်သူ Alex Jones ဟာ တွစ်တာလူမှုကွန်ယက်ကုမ္ပဏီရဲ့ ပေါ်လစီကို ချိုးဖောက်ပြီး ရုန့်ရင်းကြမ်းတမ်းတဲ့ စကားလုံးတွေသုံးစွဲတဲ့အတွက်ဆိုပြီး တွစ်တာရဲ့ စာမျက်နှာမှာ ရေးသားဖော်ပြခွင့် ၇ ရက်ပိတ်ပင်လိုက်ပါတယ်။ သတင်းမီဒီယာတွေကို အကြမ်းဖက်ကြဖို့ တိုက်တွန်းလိုက်ထားတဲ့ စကားတွေပြောဆိုခဲ့တဲ့အတွက်ဆိုပြီး ခုလိုပိတ်ပင်လိုက်ပေမယ့် Jones ကတော့ အဲဒီလိုမပြောခဲ့ဘူးဆိုပြီး ငြင်းဆန်ပါတယ်။

"ကျနော်တင်ထားတဲ့ ဗွီဒီယိုဖိုင်ကို ဖြုတ်ပစ်လိုက်ပြီ။ မနေ့ညနဲ့ ဒီကနေ့ တင်ထားတဲ့ ကျနော့်ရဲ့ ဗွီဒီယိုဖိုင်အားလုံး မရှိတော့ဘူးဗျ။ စစ်မြေပြင်မှာ သေနတ်ကိုင်ပြီး ခြိမ်းချောက်နေတာမဟုတ်ဘူးဆိုပြီး ကျနော်ပြောခဲ့တဲ့အပိုင်းလည်းမရှိတော့ဘူး။ ကျနော့်ရဲ့ စကားသံတွေ တိတ်သွားအောင် သူတို့လုပ်ကြလိမ့်မယ်"

Jones ရဲ့ ဗွီဒီယိုတချို့ကို ဖြုတ်ချတာ တွစ်တာက နောက်ဆုံးပါ။ ဒီလအစောပိုင်းကပဲ Apple, Spotify, Facebook, You Tube နဲ့ အခြားလူမှုကွန်ယက်တွေက သူတို့ကုမ္ပဏီပေါ်က Jones နဲ့ သူ့ရဲ့ InfoWars သတင်းဌာနရဲ့ ဖော်ပြချက်တွေကို ကန့်သတ်တားမြစ်ခဲ့ပါတယ်။ ရေဒီယိုအစီအစဉ်တင်ဆက်သူဖြစ်တဲ့ Jones က အမေရိကန်ပြည်ထောင်စုအတွင်း လူအစုလိုက်အပြုံလိုက် သေနတ်နဲ့ပစ်ခတ်ခံရတဲ့ အချို့ဖြစ်ရပ်တွေကို လှည့်ကွက်တခုလို သဘောမျိုး ပြောဆိုထားတာပါ။ ဒါပေမယ့်လည်း InfoWars သတင်းဌာနက တိုက်ရိုက်အသံလွှင့်တဲ့ App တွေကိုတော့ Google နဲ့ Apple တို့ကနေ ရာယူနေနိုင်ပါသေးတယ်။

လူမှုကွန်ယက်တွေပေါ်မှာ လွတ်လပ်စွာ ဖော်ပြရေးသားခွင့်ကို ဘယ်လို ပိုင်းခြား သတ်မှတ်မလဲဆိုတာ ထပ်ပြီးစိစစ်ဖို့ လူမှုကွန်ယက်ကုမ္ပဏီတွေ ဖိအားပေးခံနေရတယ်လို့ Santa Clara တက္ကသိုလ်၊ အင်တာနက်ပေါ်မှာ စောင့်ထိမ်းရမယ့်ကျင့်ဝတ်ဆိုင်ရာ အစီအစဉ် ညွှန်ကြားရေးမှုး Irina Raicu ကခုလိုပြောပါတယ်။

"လူမှုကွန်ယက်ကုမ္ပဏီတွေက သူတို့ဟာ ကြားနေလမ်းကြောင်းတခုသာ ဖြစ်ပါတယ်ဆိုပြီး လွန်ခဲ့တဲ့နှစ်အနည်းငယ်လောက်က ပြောဆိုနေတဲ့ပုံစံမျိုးလောက်နဲ့ သူတို့တာဝန်ယူရမယ့် အပိုင်းကို ရှောင်လွဲလို့မရတော့တဲ့အခြေအနေကို ဆိုက်နေပါပြီ။ သဟဇာတကျတယ်ဆိုတာ ဘယ်လိုပုံစံမျိုးလည်းဆိုတာကို သတ်မှတ်ပိုင်းခြားဖို့ ပွင့်ပွင့်လင်းလင်းရှိတဲ့ အနေအထားဘက်ကို ပိုပြီးရောက်လာပါတယ်"

ဒါတင်မကပဲ အခြားဘာသာစကားတွေနဲ့ အမုန်းစကားတွေတွေရေးသားတာကိုလည်း ထိန်းချုပ်လာပါတယ်။ မြန်မာနဲ့ အိန္ဒိယလိုနိုင်ငံတွေက အကြမ်းဖက်မှုတွေဟာ ဖေ့ဘုတ်လူမှုကွန်ယက်စာမျက်နှာပေါ်က ရေးသားပြောဆိုမှုတွေနဲ့ ဆက်စပ်နေပါတယ်။ ဒီလို အမုန်းစကားတွေဟာ အကြမ်းဖက်မှုတွေအဖြစ် ဦးတည်မသွားအောင် အဲဒီပြောဆိုရေးသားမှုတွေကို ဦးတည်ပြီး ထိန်းချုပ်ဖို့ လူမှုကွန်ယက်ကုမ္ပဏီတွေကို တောင်းဆိုမှုတွေလည်း တိုးလာနေတာပါ။ UC BERKELEY တက္ကသိုလ်ကျောင်းသား ABHINAY KORUKONDA ကလည်း သူ့အမြင်ကို ခုလိုပြောပါတယ်။

"လိင်စိတ်နှိုးဆွတဲ့ အဖော်အချွတ်ပုံတွေ၊ ထိပါးစော်ကားတဲ့ စကားတွေကို ဖေ့စ်ဘုတ်က ဖယ်ရှားပစ်မယ်ဆိုရင်၊ အမုန်းစကားတွေကိုလည်း ဖယ်ရှားပစ်သင့်ပါတယ်။ ဒီစကားလုံးတွေကလည်း ထိပါးစော်ကားတဲ့ ပုံစံတမျိုးပါ။ ဒီကိစ္စကို အရေးယူဖို့လိုပါတယ်။ အဲဒီလို စကားမျိုးတွေကို လုံး၀ ဖျက်ပစ်သင့်ပါတယ်"

UC Berkeley စီးပွါးရေးတက္ကသိုလ်က " ဆုံးဖြတ်ချက်ချမှတ်ခြင်းဆိုင်ရာ" ပညာတန်းတက်နေတဲ့ Ming Hsu ကလည်း မိန့်ခွန်းတခု၊ အပြောအဆိုတခုဟာ ကမ္ဘာတဝှမ်းက လူတွေကို ထိခိုင်နဟ်နာနိုင်ခြင်းရှိမရှိဆိုတဲ့ကိစ္စကို သိနိုင်တဲ့ဓမ္မဓိဌာန်ကျတဲ့ အဖြေတခုထွက်လာဖို့ သုတေသနလုပ်နေပါတယ်။

"လူမှုရေးစံသတ်မှတ်ချက်တွေ၊ ခွဲခြားဆက်ဆံမှုပုံစံတွေ သိပ်ကိုကွဲပြားလွန်းတဲ့ မြန်မာနဲ့တူရကီလို တတိယကမ္ဘာ့နိုင်ငံတွေမှာ ဖေ့ဘုတ်ရင်ဆိုင်နေရတဲ့ အခက်အခဲကတော့ ဘယ်သူကမှန်သလဲ၊ ဘယ်သူကမှားသလဲ၊ ဘယ်သူက ခွဲခြားဆက်ဆံခံနေရသလဲဆိုတာ အလိုလို မသိနိုင်တဲ့ကိစ္စဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်ပိုင်ဆင်ခြင်တုံတရားနဲ့ ချင့်ချိန်လုပ်ကိုင်ရမယ့်အပြင် အဲဒီကိစ္စတွေကို သိပ်ကို ထိလွယ်ရှလွယ်လွန်းတယ်ဆိုတာသိထားဖို့လည်းလိုပါတယ်"

အဲဒီလို စမ်းသပ်မှုမျိုး လုပ်မလား၊ မလုပ်ဘူးလားဆိုတာကိုလည်း စောင့်ကြည့်ရဦးမှာပါ။ ခုချိန်မှာတော့ နည်းပညာကုမ္ပဏီတွေအနေနဲ့ သူတို့ရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ လွတ်လပ်စွာရေးသားဖော်ပြခွင့်ပေးတဲ့တချိန်ထဲမှာ လူတွေထိခိုက်နစ်နာမှုမရှိအောင် ချိန်ခွင်လျှာညှိပြီး ဘယ်လို အကောင်းဆုံး လုပ်ကိုင်ကြမလဲဆိုတာ ကြိုးစားအဖြေရှာနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG