သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျေးရွာအုပ်ချုပ်ရေး တိုးတက်ဖို့ လူမှုကွန်ယက်တွေ ကြိုးစား


ကျေးရွာအုပ်ချုပ်ရေး တိုးတက်ဖို့ လူမှုကွန်ယက်တွေ ကြိုးစား
ကျေးရွာအုပ်ချုပ်ရေး တိုးတက်ဖို့ လူမှုကွန်ယက်တွေ ကြိုးစား

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲက ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေနဲ့ပတ်သက်လို့ ပြည်သူအများစု မသိရှိကြကြောင်းနဲ့ အောက်ခြေအဆင့် ကျေးရွာ အုပ်ချုပ်ရေး တိုးတက်ဖို့ဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြုပြင်ပြောင်းလဲဖို့လိုအပ်ကြောင်း လူမှုရေးနဲ့ နိုင်ငံရေးလှုပ်ရှားဆောင်ရွက်နေတဲ့ ကွန်ယက်အဖွဲ့တွေကပြောပါတယ်။ စုံစမ်းမေးမြန်းထားတဲ့ မအင်ကြင်းနိုင်က တင်ပြပေးထားပါတယ်။

လူမှုရေး၊ နိုင်ငံရေးလှုပ်ရှားဆောင်ရွက်နေတဲ့ ကွန်ယက် (၁၈) ဖွဲ့ ပူးပေါင်းဖွဲ့စည်းထားတဲ့ ACDD ဒီမိုကရေစီဖွံဖြိုးတိုးတက်ရေး လှုပ်ရှားဆောင်ရွက်မှု ကော်မတီက တနင်္ဂနွေနေ့က ပထမဆုံးအကြိမ်ထုတ်ပြန်တဲ့ လူထုသဘောထားအမြင်ကောက်ခံတဲ့ အစီရင်ခံစာအရ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၈၈ နဲ့ ၂၈၉ မှာဖေါ်ပြထားတဲ့အခန်း (၁၅) ခန်းပါ ရပ်ကျေးဥပဒေကို ပြည်သူအများစု မသိနားမလည်ကြဘူးလို့ ACDD ကွန်ယက်တာဝန်ခံတဦးဖြစ်သူ ကိုရဲကျော်သူက ဗွီအိုအေကို ပြောပါတယ်။

“ကျနော်တို့ ရာခိုင်နှုန်းတွေနဲ့ ခွဲခြားပြီးတင်ပြထားတာ ရှိတယ်။ ပြည်သူလူထုကိုယ်တိုင် သေချာ တိတိကျကျ ဒီဥပဒေပြဌာန်းမှုကို မသိရှိတဲ့သူတွေ တော်တော်များတယ်။ မီဒီယာအရမ်းကောင်းတဲ့နေရာမှာတောင်မှပဲ ၅၁ % ကျော်လောက်ကပဲ သိရှိကြပြီးတော့ ကျန်တဲ့အပိုင်းတွေက မသိရှိတဲ့လူတွေ တော်တော်များများ ရှိတယ်ဆိုတာကို အစီရင်ခံစာ စာအုပ်မှာလည်း သေသေချာချာ ဖော်ပြထားတာတွေ ရှိပါတယ်။”

ဒီအစီရင်ခံစာထုတ်ပြန်ရတဲ့ရည်ရွယ်ချက်နဲ့ပတ်သက်လို့လည်း အခုလိုဆက်ရှင်းပြပါတယ်။

“၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ ပြဌာန်းခဲ့တဲ့ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် (၁) ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေးမှူး ဥပဒေနဲ့ ၂၀၁၂ ခုနှစ် မတ်လ ၂၈ ရက်နေ့မှာ အဲဒီဥပဒေကိုပြင်ဆင်တဲ့ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် (၇/၂၀၁၂) ရဲ့ အားနည်းချက်တွေ၊ ဒီမိုကရေစီစံနဲ့ လွဲချော်မှုတွေကို ပြည်သူလူထုအနေနဲ့ နားလည်သဘောပေါက်စေရန်၊ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာဟာ နိုင်ငံသားများထံမှာ ဆင်းသက်လာသည်ဟု ဆိုထားတဲ့အတိုင်း နိုင်ငံရဲ့ မူလအာဏာပိုင်သူများဟာ ပြည်သူလူထုကြီးတရပ်လုံးဖြစ်တယ်ဆိုတဲ့ဟာကို ကိုယ်တိုင် သိရှိနားလည်စေရန် ပြည်သူလူထုရဲ့အခန်းကဏ္ဍ၊ နိုင်ငံရေးအခွင့်အရေးနဲ့ နိုင်ငံသားအခွင့်အရေးတွေကိုနားလည်သဘောပေါက်ဖို့ ဖြစ်ပါတယ်။”

မေး။ ။ အဲဒီစစ်တမ်း အစီရင်ခံစာက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိုလည်း အကျိုးပြုနိုင်မယ်လို့ မျှော်လင့်တယ်လို့ ပြောထားတော့ အဲဒါ ဘာကြေင့် ပြောနိုင်တာလဲရှင့်။

ဖြေ။ ။ အခြေခံအားဖြင့်တော့ အောက်ခြေ အစိုးရအဖွဲ့လေးတွေကို ပြုပြင်ပြောင်းလဲနိုင်တယ်ဆိုလို့ရှိရင် အပေါ်ပိုင်း အုပ်ချုပ်ရေးပိုင်းတွေကိုပါ ကျနော်တို့ ပြင်ဆင်ပြောင်းလဲနိုင်မယ်လို့ မြင်တာကိုး။ သမ္မတကစပြီးတော့ အခုအချိန်အထိ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေအထိကို ကျနော်တို့က တိုက်ရိုက်ရွေးချယ်ခွင့် မရဘူးဖြစ်နေတာလေ။ အပေါ်မှာ တည်ဆဲမူအပိုင်းတွေ ရှိနေတယ်။ ဒါကြောင့်မို့လို့ အောက်ခြေအဆင့်ကနေ စပြီးတော့ တိုက်ရိုက်ရွေးချယ်ခွင့် ရလာပြီဆိုလို့ရှိရင် အပေါ်ပိုင်းအဆင့်အထိ၊ သမ္မတအဆင့်အထိကို ကျနော်တို့က ရွေးချယ်ခွင့်ရနိုင်တယ်လို့ ယုံကြည်တာပေါ့။

မေး။ ။ ဟုတ်ကဲ့။ အစီရင်ခံစာအရ ဖွဲ့စည်းပုံထဲမှာပါတဲ့ အားနည်းချက်တွေ၊ နောက် ဒီမိုကရေစီအခြေခံနဲ့ လွဲချော်တာတွေလည်း သုံးသပ်တင်ပြထားတယ်ဆိုတော့ အဲဒါ ဥပမာပြောပြလို့ရမလားရှင့်။

ဖြေ။ ။ အဓိက-က ဒီအုပ်ချုပ်ရေးမှူးတွေကို စီမံခန့်ခွဲမှုတွေနဲ့ပတ်သက်ပြီးတော့ သူတို့ အာဏာလေးဘာလေး ပေးထားတဲ့ကိစ္စတွေကဆိုလို့ရှိရင် မဖြစ်သင့်ဘူး။ ဒါက တရားစီရင်ရေးအပိုင်းတွေနဲ့ ပတ်သက်တယ်။ အခြေခံစံနှုန်းတွေနဲ့ မကိုက်ညီဘူး။ ကျနော်တို့အောက်ခြေမှာတော့ ပြည်သူလူထုက ရွေးချယ်လိုက်တယ်။ ဒါပေမယ့်လို့ အပေါ်မှာ ပြန်ကြည့်လိုက်မယ်ဆိုလို့ရှိရင် ခရိုင်အဆင့်၊ တိုင်းအဆင့်၊ မြို့နယ်အဆင့်တွေမှာ ဘယ်ကနေ ခန့်သလဲဆိုတော့ ပြည်ထဲရေးဝန်ကြီးက ခန့်တယ်၊ ပြည်ထဲရေးဝန်ကြီးကို ဘယ်ကခန့်သလဲဆိုရင် ကာချုပ်ကနေရွေးချယ်ပြီးတော့ တင်မြှောက်ထားတဲ့လူကနေပြီးတော့ ပြည်ထဲရေးဝန်ကြီးဖြစ်လာတယ်။ ပြည်ထဲရေးဝန်ကြီးကနေပြီးမှ ရွေးချယ်ခန့်တဲ့သူတွေက တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် အုပ်ချုပ်ရေးမှူးတွေ ဖြစ်လာတယ်။ အဲဒီတော့ သူတို့က သေချာပြန်ကြည့်မယ်ဆိုလို့ရှိရင် ကျနော်တို့ ရွေးချယ်ပြီးတော့ တင်မြှောက်လိုက်တဲ့ ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေဟာ ကာချုပ်ရဲ့ဗဟိုအုပ်ချုပ်မှုအောက်ကို ရောက်နေတယ်။ ကာချုပ်က ချုပ်ကိုင်ထားတာကို တွေ့နိုင်တယ်။ အဓိကပြဿနာကြီးပေါ့နော်။

ဒီနှစ် ဇွန်နဲ့သြဂုတ်လမှာ ရခိုင်၊ ချင်း၊ မွန် ပြည်နယ် (၃) ခုအပါအဝင် တိုင်းဒေသကြီး (၆) ခုအတွင်းက မြို့နယ် (၇၂) မြို့နယ်မှာ ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေအပေါ် လူထုသဘောထားအမြင်တွေကိုACDD ကွန်ယက်အဖွဲ့တွေက စစ်တမ်းကောက်ယူပြုစုပြီး အစီရင်ခံစာထုတ်ပြန်ခဲ့တာပါရှင်။

XS
SM
MD
LG