သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး နဲ့ တွေ့ဆုံ မေးမြန်းခြင်း


လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးသစ် ဒေါက်တာဝင်းမြတ်အေး။
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးသစ် ဒေါက်တာဝင်းမြတ်အေး။

အလုပ်လက်မဲ့ ကိုင်တွယ်ဖြေရှင်းဖို့နဲ့ အခြား လူမှုအကူအညီပေးရေး ကိစ္စတွေ ကို နိုင်ငံတကာအကူအညီတွေယူပြီး ဆက်စပ်ဆောင်ရွက်သွားဖို့ အဓိက ရည်မှန်းထားတယ်လို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးသစ် ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။ ဗွီအိုအေ ရန်ကုန်ရုံးတာဝန်ခံ ဒေါ်ခင်စိုးဝင်းက ဒေါက်တာဝင်းမြတ်အေးကို တွေ့ဆုံမေးမြန်းထားတာပါ။

ဒေါက်တာဝင်းမြတ်အေး။ ။ ကျနော်တို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေး နဲ့ ပြန်လည်နေရာချ ထားရေး ဝန်ကြီးဌာနအနေနဲ့ပေါ့ တခုခု ပြည်သူလူထုတွေ ဒုက္ခရောက်တယ်။ အန္တရာယ်ရှိတယ်ဆိုရင် ကျနော်တို့ကနေ Rapid Response ချက်ခြင်း တုံ့ပြန်နိုင်အောင် ကြိုးစားရမယ်။ အဲ့လိုကြိုးစားတဲ့အခါမှာ ကျနော်တို့ အကူအညီလိုတယ်။ အဲ့ဒီ့တော့ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီးတော့ ကျနော်တို့က ဆောင်ရွက်မယ်ပေါ့။ အဲ့ဒီ့အတွက် ကျနော့်မှာတော့ ဒီကဏ္ဍမှာ သူတို့အတွက်ကို အလေးထားပြီးတော့ ဆောင်ရွက်မယ်။

ဒေါ်ခင်စိုးဝင်း။ ။ မြန်မာနိုင်ငံမှာ လူငယ်တွေ အတော်များများ အလုပ်လက်မဲ့တွေ အလုပ်တွေမရှိဘူး။ လေလွင့်နေတဲ့လူငယ်တွေလည်း အများကြီးရှိပါတယ်။ ဒီလူငယ်တွေ ပြန်လည်ထူထောင်ရေး ဒီစစ်ဘေးရှောင် ဒုက္ခသည်တွေ ပြန်လည် ထူထောင်ရေး အတွက်ကိုပေါ့နော် နောက်ပြီးတော့ သူတို့ ပြန်လည်ပြီး ပညာဆက်လက် သင်ကြားနိုင်ရေးပေါ့။ အဲ့တာတွေအတွက်ကိုရော ဘယ်လိုမူဝါဒတွေ ချမှတ်ထားဖို့ရှိပါသလဲ။

ဒေါက်တာဝင်းမြတ်အေး။ ။ ဒါလည်း ကျနော်တို့ အစိုးရအဖွဲ့ အသစ်အနေနဲ့ ပြည်သူ့ အစိုးရ အနေနဲ့ ဆောင်ရွက်မယ့်အထဲမှာ ဒါတွေပါပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ခုနကပြောသလို ပညာသင်ကြားရေး၊ လူတိုင်းဟာ ပညာသင်ကြားခွင့် ရရှိဖို့တို့ လူတိုင်းဟာ အခွင့်အရေး တန်းတူညီတူ ရရှိဖို့ နောက်ပြီးတော့ တိုင်းရင်းသားတွေလည်း အခွင့်အရေးအတူတူရရှိဖို့တို့ ကျနော်တို့ ချမှတ်ထားတဲ့ မူဝါဒတွေထဲမှာ ရှိတယ်။ ဆိုတော့ ဒါတွေကို ကျနော်တို့ အကောင်အထည်ဖော်ရင် ဒါတွေ အကုန်လုံးက ပါသွားမှာပဲ။ ကျနော်တို့က ခွဲခြားချန်ထားခဲ့လို့လဲ မရဘူး။

ဒေါ်ခင်စိုးဝင်း။ ။ မြန်မာနိုင်ငံကနေပြီးတော့ အိမ်နီးချင်းနိုင်ငံတွေ ပြည်ပနိုင်ငံတွေကို ထွက်ပြီး အလုပ်လုပ်နေတဲ့ လူငယ်တွေ အများကြီးရှိပါတယ်။ သူတို့တွေက သူတို့ရဲ့ မျှော်မှန်းချက်က ဘာလဲဆိုရင် ပြည်သူ့အစိုးရ တက်လာလို့ရှိရင် ငါတို့တွေ အိမ်ပြန်ကြမယ်ပေါ့နော်။ သူတို့အိမ်ပြန်လာတဲ့အခါမှာ သူတို့အတွက် အလုပ်အကိုင်တွေ ဖန်တီးပေးရမယ်။ သူတို့ ဒီမှာ နေချင်အောင် ဒီမှာလည်း သူတို့သင့်တင့်မျှတတဲ့ ဝင်ငွေရအောင် ဖန်တီးပေးဖို့ဆိုတဲ့သဘော အားလုံးက မျှော်လင့်နေကြတာပေါ့နော်။ ပြီးတော့ ပြည်သူလူထုရဲ့ မျှော်လင့်ချက်က အရမ်းကြီးမားပါတယ်။ အဲ့တာတွေကို ဘယ်လိုများ ဖြည့်ဆည်းပေးဖို့ စဉ်းစားထားပါလဲရှင့်။

ဒေါက်တာဝင်းမြတ်အေး ။ ။ အဲ့တာ ကျနော် အရမ်းပြောချင်တဲ့ကိစ္စပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ မြန်မာနိုင်ငံမှာ ဘွဲ့ရအလုပ်လက်မဲ့တို့ ဒီအတိုင်း အလုပ်လက်မဲ့တို့ အရမ်းများတယ်။ အရမ်းများတော့ ကျနော်တို့ ခေါင်းဆောင် ကလည်း ပြောတယ်။ ဒီအလုပ်လက်မဲ့ပြသနာကို ကျနော်တို့ အစိုးရအဖွဲ့သစ်က ကူညီရမယ်ဆိုတာရှိတယ်။ စီမံကိန်း ၊ စီမံချက်တွေထဲမှာ အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုမိုများပြားအောင် ဘယ်လိုစီမံလိုက်ရင်တော့ အလုပ်လက်မဲ့ပြသနာရှင်းပြီး အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုမိုများပြားလဲ မလဲပေါ့။

ဘာတွေ လုပ်လုပ် ဒါလေးကို ထည့်စဉ်းစားပါလို့ ကျနော်တို့ ခေါင်းဆောင်က အမြဲတမ်း မှာတော့ ကျနော်တို့ဆောင်ရွက်တဲ့ကိစ္စတွေမှာ ဥပမာ ပြောပြမယ် ကျနော်တို့ လူမှုဝန်ထမ်းကယ်ဆယ်ရေး နဲ့ ပြန်လည်နေရာချ ထားရေး ဝန်ကြီးဌာနဆိုရင် အံ့သြစရာ ကောင်းလောက်အောင် လူအင်အားနည်းပါးတယ်။ သူများတွေ မေးလိုက်တယ် တခါတည်း လေးသောင်းခြောက်ထောင်၊ သုံးသောင်းကိုးထောင် လူအင်အား ရှိတယ်။ ကျနော်တို့မှာ နှစ်ထောင်ပဲရှိတယ်။ အဲ့လိုပေါ့နော်။ နှစ်ထောင်၊ သုံးထောင် အဲ့လိုလေးပဲ ဖြစ်နေတယ်။ ဖြစ်တဲ့ အခါကျတော့ ကျနော်စဉ်းစားတယ်။ ကျနော်တို့ဟာ ကျနော်တို့ရဲ့ လုပ်ငန်းဟာ ပြည်သူ နဲ့ ထိတွေ့ပြီးတော့ ထိထိရောက်ရောက် ကျနော်တို့ လုပ်ဖို့ လိုတဲ့အတွက်ကြောင့် ကျနော်တို့ ဖွဲ့စည်းပုံလည်း ချဲ့မယ် ဝန်ထမ်းတွေကိုလည်း ထပ်ပြီးတော့ ခန့်ဖို့ရှိတယ်။ အဲ့ဒီ့တော့ အလုပ်အကိုင် အခွင့်အလမ်းတွေ ပေါ်လာမယ်ပေါ့။

နောက်တခါ ကျနော်တို့က ပြည်သူလူထုထဲမှာ တိုက်ရိုက်ဆောင်ရွက်ရတဲ့ ကိစ္စတွေရှိတယ်။ ကယ်ဆယ်ရေးတို့ ပြန်လည်နေရာချထားရေးတို့ အဲ့လိုနေရာတွေမှာ ဒီလိုမျိုး နေ့စဉ် volunteers လုပ်နေတဲ့သူတွေရှိသလို လိုအပ်လို့ရှိရင် အခ ျိန်ပိုင်းခေါ်ပြီးတော့ ကျနော်တို့ အလုပ်ပေးပြီး လုပ်နေရတဲ့ကိစ္စတွေလည်း ရှိတာပေါ့။ ဒါတွေမှာ အလုပ်အကိုင်အခွင့်အလမ်းတွေပေါ်လာအောင် ကျနော်တို့ ဖန်တီးပေးဖို့လည်း ရတယ်။ ကျန်တဲ့ဝန်ကြီးဌာနအသီးသီးကလည်း သူတို့ လုပ်ဆောင်တဲ့ စီမံချက်တွေ စီမံကိန်းတွေမှာလည်း အလုပ်အကိုင်အခွင့်အလမ်း ပိုမိုရရှိအောင် ဆောင်ရွက်မယ်ဆိုတာ တကယ့် ဦးစားပေး အဓိကဆောင်ရွက်မယ့် ကိစ္စပါပဲ။ ကျနော်ထင်တယ်။ တော်တော်များများ အလုပ်ရလာမှာပါ။

ဒေါ်ခင်စိုးဝင်း။ ။ ဒီလူကယ်ပြန် ဝန်ကြီးဌာနအနေနဲ့ကလည်း ကြက်ခြေနီ အဖွဲ့အစည်းတွေနဲ့လည်း ပူးပေါင်းဆောင်ရွက်ရမယ်လို့ ထင်ပါတယ်။ မီးဘေးကယ်ဆယ်ရေး၊ ရေဘေးကယ်ဆယ်ရေး၊ အဲ့ဒီ့အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အခြေအနေကရော ဆရာ။

ဒေါက်တာဝင်းမြတ်အေး။ ။ ရှိတယ်။ အဲ့ဒီ့အပြင်ကို ကျနော်တို့ လူကယ်ပြန်က ကြက်ခြေနီ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ရမယ်။ မီးသတ် အဖွဲ့အစည်းတွေနဲ့လည်း ပူးပေါင်းဆောင်ရွက်ရမယ်။ နောက်ပြီးတော့ ကျနော်တို့မှာ တပ်မတော်ရဲ့ အခန်းကဏ္ဍ အရမ်းအရေးကြီးပါတယ်။ ကျနော်တို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးမှာ တပ်မတော်ရဲ့ အခန်းကဏ္ဍ တပ်မတော်နဲ့လည်း ပူးပေါင်းဆောင်ရွက်ရမယ်။ ကာကွယ်ရေး၊ လုံခြုံရေး၊ နယ်စပ်ရေးရာ အကုန်လုံးနဲ့ ပူးပေါင်းဆောင်ရွက်ရမယ်။ အဲ့တာလည်း ကျနော့်အနေနဲ့ အားရှိသွားတာပေါ့နော်။ ပြီးခဲ့တဲ့ တပ်မတော်နေ့အခမ်းအနားမှာ ကျနော်တို့ရဲ့ ဗိုလ်ချုပ်မှုးကြီးကလည်း သူ့မိန့်ခွန်းထဲမှာကို ထည့်ပြောထားတယ်။ ကျနော်တို့ သဘာဝဘေးအန္တရာယ် ကျရောက်လို့ရှိရင် တပ်မတော်ရဲ့ အခန်းကဏ္ဍက အရေးကြီးတယ်။ တပ်မတော်က ပူးပေါင်းဆောင်ရွက်မယ် ဆိုတာကို ပြော သွားတယ်။ နောက် ကျနော်တို့နဲ့ တွေ့ဆုံဆွေးနွေးတဲ့အခါမှာလည်း ဒီလိုပဲ အားရပါးရပေါ့နော်။ ပူးပေါင်းဆောင်ရွက်မယ်ဆိုတဲ့အကြောင်းကိုပြောတော့ ကျနော်လည်း အားတက်မိတာပေါ့။

လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးသစ် ဒေါက်တာဝင်းမြတ်အေးကို ဗွီအိုအေ ရန်ကုန်ရုံးတာဝန်ခံ ဒေါ်ခင်စိုးဝင်းက မေးမြန်းထားတာပါ။

XS
SM
MD
LG