သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုင်းရင်းလက်နက်ကိုင်တွေ အပစ်ရပ်ရေးနဲ့ ငြိမ်းချမ်းရေးဆိုင်ရာထုတ်ပြန်ချက် လိုက်နာဖို့ တပ်မတော်ထပ်မံသတိပေး


သတင်းနဲ့ပြန်ကြားရေးကော်မတီဥက္ကဋ္ဌ ဗိုလ်ချုပ်စိုးနိုင်ဦး နေပြည်တော် တသင်းစာရှင်းလင်းပွဲအတွင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲဆိုင်ရာတို့ကို သတင်းထောက်များအား ပြောကြားစဉ်။ (ဇန်နဝါရီ ၁၈၊ ၂၀၁၉)
သတင်းနဲ့ပြန်ကြားရေးကော်မတီဥက္ကဋ္ဌ ဗိုလ်ချုပ်စိုးနိုင်ဦး နေပြည်တော် တသင်းစာရှင်းလင်းပွဲအတွင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲဆိုင်ရာတို့ကို သတင်းထောက်များအား ပြောကြားစဉ်။ (ဇန်နဝါရီ ၁၈၊ ၂၀၁၉)

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ တပ်မတော်က ထုတ်ပြန်ခဲ့တဲ့ ပစ်ခတ် တိုက် ခိုက်မှု ရပ်စဲရေးနဲ့ ထာဝရ ငြိမ်းချမ်းရေးဆိုင်ရာ ထုတ်ပြန်ချက်ကို လိုက်နာဖို့ ဒီကနေ့ ကျင်းပ တဲ့ နေပြည်တော် သတင်းစာ ရှင်းလင်း ပွဲမှာ တပ်မတော် သတင်းမှန်ပြန်ကြားရေး ကော်မတီ ဥက္ကဋ္ဌက ထပ်မံသတိပေးလိုက်ပါတယ်။ တဆက်တည်း မှာပဲ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ငြိမ်းချမ်းရေးအတွက် NCA လမ်းကြောင်းအတိုင်းဆောင်ရွက်ဖို့ တိုက်တွန်းထားပါတယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က တင်ပြထားပါ တယ်။

သောကြာနေ့ နေ့ခင်းပိုင်းမှာ တပ်မတော် သတင်းမှန်ပြန်ကြားရေးကော်မတီက ရခိုင် ပြည်နယ်အတွင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲအခြေအနေတွေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အပေါ် တပ်မတော်ရဲ့ ရပ်တည်ချက်၊ သဘောထားတွေကို သတင်းမီဒီယာတွေကို ရှင်းလင်းခဲ့ပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ပတ်သက်ပြီး တပ်မတော် သတင်းမှန်ပြန်ကြားရေးကော်မတီ ဥက္ကဋ္ဌ ဗိုလ်ချုပ် စိုးနိုင်ဦးက ရှင်းလင်းရာမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အနေနဲ့ တပ်မတော်က ဒီဇင်ဘာလ ၂၁ ရက်နေ့က ထုတ်ပြန်ထားတဲ့ အချက်တွေကို လိုက်နာကြဖို့ အခုလို သတိပေးပြောကြားခဲ့ပါတယ်။

“ကျနော်တို့ အပစ်အခတ်ရပ်စဲရေးရဲ့ အဓိကရည်ရွယ်ချက်က ဒီ EAO တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အနေနဲ့ ငြိမ်းချမ်းရေးကိစ္စနဲ့ပတ်သက်ပြီးတော့ လွတ်လွတ် လပ်လပ်၊ အေးအေးဆေးဆေး၊ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဆွေးနွေးနိုင်ဖို့ လမ်းဖွင့်ပေးထားခြင်း ဖြစ်ပါတယ်။ မြန်မာ့တပ်မတော်အနေနဲ့ကတော့ ၂၀၂၀ ပြည့်နှစ်မှာ ငြိမ်းချမ်းရေးလုပ်ငန်း စဉ်တွေ ပြီးမြောက်စေရေးအတွက် သံန္နိဌာန်ချထားပြီးဖြစ်ပါတယ်။ ထပ်ပြီးတော့ သတိပေး ပြောကြားလိုတာကတော့ အပိုဒ် ၅၊ အပိုဒ် ၆၊ အပိုဒ် ၇ ပါ ဒီအချက်တွေကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေအနေနဲ့ လေးစားလိုက်နာဖို့အတွက် သတိပေး ပြောကြား လိုပါတယ်။”

တပ်မတော်က ထုတ်ပြန်ခဲ့တဲ့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနဲ့ ထာဝရငြိမ်းချမ်းရေးဆိုင်ရာ ထုတ်ပြန်ချက် အပိုဒ် ၅ မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ ငြိမ်းချမ်းရေးမူတွေဖြစ်တဲ့ စာချုပ်အတိုင်း ကတိတည်ဖို့၊ ငြိမ်းချမ်းရေး သဘောတူညီချက်ကို အမြတ်မထုတ်ဖို့၊ ပြည်သူကို ဝန်ထုပ်ဝန်ပိုးမဖြစ်ဖို့၊ တည်ဆဲဥပဒေကို လိုက်နာဖို့ ဆိုတာ တွေ ပါဝင်ပြီး အပိုဒ် ၆ နဲ့ အပိုဒ် ၇ မှာတော့ တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်း မတိုက်ခိုက်ရေး၊ ပြည်သူ အပေါ် အနိုင်မကျင့်ရေးနဲ့ အုပ်ချုပ်ရေးယန္တရား၊ လမ်းပန်းဆက်သွယ်ရေးနဲ့ ပြည်သူတွေကို မထိခိုက်စေရေး ဆိုတာတွေ ပါဝင်ပါတယ်။

တပ်မတော်ရဲ့ ငြိမ်းချမ်းရေးဆိုင်ရာ ကြေညာချက်ထုတ်ပြန်ပြီး နောက်မှာ စစ်တိုင်းဒေသကြီး ၅ တိုင်းနယ်မြေမှာ တပ်မတော်နဲ့ တိုက်ပွဲတစ်ကြိမ်သာဖြစ်ပွားခဲ့ကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချင်းချင်း တိုက်ခိုက် တာရှိသလို လူသစ်စုဆောင်းတာ၊ အရပ်သား တွေ ဖမ်းဆီးတာနဲ့ ဆက်ကြေးကောက်တာတွေ ရှိခဲ့ကြောင်း၊ ဘယ်အဖွဲ့တွေက ဆောင်ရွက်ခဲ့ကြောင်းကို စာရင်းနဲ့တကွ ထောက်ပြပြောဆိုထားပါတယ်။

လက်ရှိ မြန်မာနိုင်ငံ တိုးတက်ဖွံ့ဖြိုးရေး၊ ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်ရမယ့် နည်း လမ်းတွေနဲ့ ပတ်သက်ပြီး ဗိုလ်ချုပ် စိုးနိုင်ဦးက အခုလို ဆက်လက်ပြောဆိုထားပါတယ်။

“ကျနော်တို့နိုင်ငံရဲ့လက်ရှိအခြေအနေကိုကြည့်လို့ရှိရင် တိုင်းပြည်ဖွံ့ဖြိုးရေး၊ တိုးတက်ရေး အတွက် ပြည်တွင်း ငြိမ်းချမ်းမှုရရှိရေးက အရေးအကြီးဆုံးအချက်ဖြစ်ပါတယ်။ ဒီကနေ့ ဖြစ် ပေါ်နေတဲ့ပြဿနာတွေက အယူဝါဒရေးရာ ကွဲပြားမှုနဲ့ လူနေမှုစရိုက်အရ ဖြစ်ပေါ် လာတဲ့ သံသယဖြစ်မှုတွေကို ဖျောက်ဖျက်ရန်အတွက် တရားဥပဒေဘောင်အတွင်းကနေ ဆောင် ရွက်ရမှာဖြစ်ပါတယ်။ လက်နက်ကိုင်လမ်းစဉ်နဲ့ ဆောင်ရွက်လို့ မရပါဘူး။ ဒီလို ဆောင်ရွက်ဖို့အတွက် လွှတ်တော်အဆင့်ဆင့်မှာ ဆွေးနွေးသွားလို့ ရပါပြီ။ ဒီလို စုစည်း နိုင်ဖို့ အတွက်လည်း ကျနော်တို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ အတွက် NCA ရေးဆွဲထားပြီး ဖြစ်ပါတယ်။ ဒီ NCA လမ်းကြောင်းအတိုင်း ကျနော်တို့ ဆွေးနွေးပေး သွားမှာပါ။ ကျနော်တု့ိ သဘောတူ စာချုပ် ချုပ်ဆိုနိုင်တဲ့အထိအောင် ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။”

တပ်မတော်ဘက်က တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ် NCA လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေ နဲ့သာမက NCA လက်မှတ် မထိုးသေးတဲ့အဖွဲ့တွေနဲ့ပါ ဆွေးနွေးသွား မှာဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါတယ်။

လောလောဆယ်မှာတော့ NCA လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေနဲ့ တရားဝင်ဆွေးနွေး တာတွေ ရပ်ဆိုင်းနေပြီး ဒီလတွေအတွင်းမှာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ပြန်လည် စတင်နိုင်ရေးအတွက်လည်း အစိုးရဘက်က ပြင်ဆင်ဆောင်ရွက်တာတွေ ရှိနေသလို ငြိမ်းချမ်းရေးကော်မရှင်အနေနဲ့လည်း NCA လက်မှတ် မထိုးသေးတဲ့ အဖွဲ့တွေနဲ့ ဆက်လက်ဆွေးနွေးဖို့ ပြင်ဆင်တာတွေ ရှိနေပါတယ်။

XS
SM
MD
LG