လောင်စာဆီမသုံးဘဲ နေစွမ်းအင်သုံးပြီး မိုင်ပေါင်း ၂ သောင်း ၂ ထောင်ခရီး ကမ္ဘာတပတ် ပတ်ဖို့ ကြိုးစားတဲ့ ဆွစ်ဇာလန်က Solar Impulse 2 လေယာဉ်ဟာ သူ့ခရီးစဉ်ကို ပြန်ပြီး စတင်လိုက်ပါပြီ။ သူ့ခရီးစဉ်ထဲမှာမပါဘဲ တလလောက်ရပ်နားခဲ့ရတဲ့ ဂျပန်နိုင်ငံကနေ တနင်္လာနေ့ မနက်ပိုင်းမှာ စတင်ထွက်ခွာခဲ့တာ ဖြစ်ပါတယ်။
ပစိဖိတ်သမုဒ္ဒရာကို ဖြတ်သန်းချိန်ဟာ Solar Impulse 2 ကို လေထဲမှာ အကြာဆုံး ရှိစေမှာဖြစ်ပြီး ဒီခရီးကို စတင်ဖို့ ဆွစ်လေယာဉ်မှူး Andre Borschberg ဟာ ဂျပန်နိုင်ငံ နာဂိုယာမြို့ကနေ ထွက်ခွာလာပြီဖြစ်ပါတယ်။
တကယ်လို့ ပစိဖိတ်သမုဒ္ဒရာကို ဖြတ်ချိန်မှာ ရာသီဥတုအခြေအနေ မကောင်းရင်တော့ ပြန်လာရမှာ ဖြစ်ပေမဲ့ ဂျပန်ဘက်ကို ပြန်ဖို့ရာ မဖြစ်နိုင်တဲ့ နေရာမျိုးဆိုရင်တော့ ပြန်ဖို့ လုပ်နိုင်မှာ မဟုတ်ပါဘူး။ ပစိဖိတ်သမုဒ္ဒရာကို ကျော်ဖြတ်ပြီး ဟာဝိုင်ယီကို သွားတဲ့ခရီးဟာ အဲဒီမှာ အရေးပေါ် ဆင်းစရာ နေရာမရှိတဲ့အတွက် အန္တရာယ်ရှိနေတာပါ။
Solar Impulse 2 ကို ဂျပန်မှာဆင်းသက်ဖို့ အစီအစဉ် လုပ်မထားပေမဲ့ ဇွန်လအစောပိုင်းက တရုတ်နိုင်ငံအရှေ့ပိုင်း Nanjing ကနေ ဟာဝိုင်ယီကို သွားမယ့်ခရီးမှာ ရာသီဥတုမကောင်းတဲ့အတွက် ဂျပန်ကိုသွားခဲ့ရတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ပစိဖိတ်သမုဒ္ဒရာကို စတင်ဖြတ်သန်းဖို့ စီစဉ်ခဲ့တာကလည်း ရာသီဥတု အခြေအနေ မကောင်းတဲ့အတွက် နောက်ဆုံးအချိန်ကျမှ ကပ်ပြီး ခရီးစဉ်ကို ပြန်ဖျက်ခဲ့ရတာပါ။
Solar Impulse 2 ကို ဆွဇ်ဇာလန် သိပ္ပံပညာရှင် ၂ ဦးဖြစ်တဲ့ Bertrand Piccard နဲ့ Borschberg တို့က ဖန်တီးခဲ့တာဖြစ်ပြီး၊ ၁၂ နှစ်လောက် အချိန်ယူ တည်ဆောက်ခဲ့ကြရတာ ဖြစ်ပါတယ်။