သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ ပတ်နေတဲ့ နေ စွမ်းအင်သုံးလေယာဉ် မြန်မာပြည် ရောက်ရှိ


ကမ္ဘာပတ်နေတဲ့ နေစွမ်းအင်သုံး လေယာဉ် မြန်မာပြည် ရောက်ရှိ သတင်းဓာတ်ပုံ- ပြန်ကြားရေးဝန်ကြီးဌာန
ကမ္ဘာပတ်နေတဲ့ နေစွမ်းအင်သုံး လေယာဉ် မြန်မာပြည် ရောက်ရှိ သတင်းဓာတ်ပုံ- ပြန်ကြားရေးဝန်ကြီးဌာန

ကမ္ဘာပတ်မယ့် နေစွမ်းအင်သုံး လေယာဉ်ဟာ အိန္ဒိယနိုင်ငံ ဗာရာဏသီမြို့ကနေ ထွက်ခွာလာပြီး မြန်မာနိုင်ငံ မန္တလေးမြို့ကို ဒီကနေ့ပဲ ဆိုက်ရောက်လာပါတယ်။ Solar Impulse-2 လို့ အမည်ပေးထားတဲ့ လေယာဉ်မှာ နေရောင်ခြည်စွမ်းအင် စုပ်ယူနိုင်ဖို့ အလျားပေ ၂၃၀ ကျော် တောင်ပံ၂ ဖက် တပ်ဆင်ထားတဲ့ အတွက် လေယာဉ်ရုံနဲ့ ပြခန်းအတွက် မန္တလေးနိုင်ငံတကာ လေဆိပ်က သစ်ပင်တချို့ကိုလည်း ကြိုတင်ခုတ်ထွင် ရှင်းလင်းထားကြရတာပါ။

ခရီးတထောက်နားတဲ့ မန္တလေးမြို့မှာတော့ လေယာဉ်မှူးတွေက သတင်းစာ ရှင်းလင်းပွဲတခု ကျင်းပမှာဖြစ်ပြီး လေယာဉ်ကို အများပြည်သူ လေ့လာနိုင်အောင် လည်း စီစဉ်ထားတဲ့အကြောင်း တာဝန်ရှိသူတွေက ပြောဆိုထားပါတယ်။

မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတဝှမ်းက နိုင်ငံတော်တော် များများမှာ ခရီးတထောက် ရပ်နားမယ့် ကမ္ဘာပတ်ခရီးစဉ်ကိုတော့ ၅ လလောက် ကြာမြင့်မယ်လို့လည်း ခန့်မှန်းထားကြတာပါ။ ဆွစ်ဇာလန်နိုင်ငံသား လေယာဉ်မှူးတွေ ဖြစ်ကြတဲ့ Bertrand Piccard နဲ့ Andre Borschberg တို့ကတော့ လေယာဉ်ကို တလှည့်စီ မောင်းနှင်ဖို့လည်း စီစဉ်ထားကြပါတယ်။

နေရောင်ခြည် စွမ်းအင်သုံး လေယာဉ်နဲ့ ကမ္ဘာပတ်မယ့် စီမံကိန်းကိုတော့ သန့်ရှင်းတဲ့ စွမ်းအင်ကို ထိထိရောက်ရောက် အသုံးချနိုင်အောင် သက်သေပြဖို့ ရည်ရွယ်ထားတယ်လို့လည်း တီထွင်သူတွေက ပြောပါတယ်။ မိုင်ပေါင်း ၂ သောင်း တထောင်ကျော် ကမ္ဘာပတ်မယ့် ခရီးစဉ်ကိုတော့ Abu Dhabi မြို့ကစတင်ပြီး၊ အိန္ဒိယ၊ မြန်မာ၊ ဟာဝိုင်အီနဲ့ နယူးယောက်မြို့တွေ အပါအဝင် ၁၂ နေရာမှာ ရပ်နားဖို့လည်း စီစဉ်ထားကြတာပါ။

မြန်မာနိုင်ငံကိုတော့ မူလက တနင်္လာနေ့မှာ အရောက်သွားဖို့ စီစဉ်ထားခဲ့ပေမဲ့ အိန္ဒိယနိုင်ငံက ထွက်ခွာမယ့် အချိန်မှာ ရာသီဥတု မကောင်းတဲ့အတွက် ကြန့်ကြာခဲ့ရပါတယ်။ ခရီးစဉ်တစိတ်တပိုင်းအဖြစ် ပစိဖိတ်သမုဒ္ဒရာကို ဖြတ်သန်းပြီး ၅ ရက်ကြာ ပျံသန်းရမယ့် အချိန်ကတော့ လေယာဉ်မှူးတွေအတွက် အကြီးမားဆုံး စိန်ခေါ်မှုလည်း ဖြစ်နိုင်ပါတယ်။

XS
SM
MD
LG