မြန်မာနိုင်ငံက အတိုင်းမသိချမ်းသာကြွယ်ဝနေကြတဲ့ စစ်ခေါင်းဆောင်တွေကိုကြည့်ပြီး၊ တပ်မတော်သားမှန်သမျှ ဒီလိုဘဲလို့၊ အထင်မြင်ခံရ မှာစိုးတဲ့ တာဝန် ထမ်းဆောင်ဆဲလေတပ် စစ်သည်တစ်ဦးက၊ “စည်းလုံးခြင်းရဲ့ အင်အား” အင်တာနက်ဝက်(ဘ်)ဆိုက်မှာ၊ အခန်းဆက်ဆောင်းပါးတွေနဲ့ ရင်ဖွင့်ရေးသားထားပါတယ်။ ဒီလေတပ်စစ်သည်တော်တစ်ဦးရဲ့ ရင်ထဲက ပြောစကားတွေကို ကောက်နှုတ်ပြီး၊ ဒီတစ်ပတ် “တပ်မှူးတပ်သား ပြေစကား” အပတ်စဉ်ကဏ္ဍမှာ၊ ဦးရော်နီညိမ်းက စီစဉ်တင်ဆက် ထားပါတယ်။ ကိုရန်နိုင်က အားဖြည့်ပါဝင်ထားပါ တယ် ရှင်။
ဦးရော်နီညိမ်း။ ။ ဒီကနေ့ တပ်မတော်ထဲမှာ၊ အရာရှိအဆင့်မဟုတ်ကြတဲ့ သန္ဓေဝင်စစ်သည်တွေ(သို့မဟုတ်)အခြားအဆင့်စစ်သည်တွေလို့ခေါ်ဆိုကြတဲ့၊ အောက်ခြေတပ်မတော် သားတွေရဲ့ဘဝတွေဟာ၊ အရာရှိတွေနဲ့ယှဉ်လိုက်ရင် အစစအရာရာနိမ့်ကျလှသလို၊ အရာရှိတွေချင်းမှာလည်း ပုခုံးပေါ်က အဆင့်ချင်းတူတာတောင်၊ တ ာဝန်ကျရာ ရာထူးဌာန္တရ မတူ ရင် မတူကြသလို၊ ဆူကြုံနိမ့်မြင့်တွေ ဖြစ်နေကြတယ်လို့၊ တပ်မတော်(လေ)က လက်ရှိတာဝန်ထမ်းဆောင်ဆဲ တပ်မတော်သားတစ်ဦးက ပြောကြားနေပါတယ်။ သူက “စည်းလုံးခြင်းရဲ့ အင်အား"အမည်နဲ့ အင်တာနက်ဝက်(ဘ်)ဆိုက်ပေါ်မှာ၊ ကလောင်နံမည် “မြင့်မိုရ်”ဆိုတဲ့ အမည်နဲ့ ရင်ဖွင့်ရေးသားထားတာပါ။ သူရေးသားထားတဲ့ “လေတပ်သားတစ်ဦး၏ ဘ၀ ကောက်ကြောင်း” ခေါင်းစဉ်နဲ့ဆောင်းပါးထဲက၊ သူပြောကြားထားတွေကို ပထမပိုင်းအဖြစ် တင်ပြလိုက်ပါတယ်။ ဗီအိုအေဝိုင်းတော်သား ကိုရန်နိုင်က၊ လေတပ်စစ်သည်တော်အဖြစ် ပါ ဝင်အားဖြည့်ကူညီထားပါတယ် ခင်ဗျာ။
လေတပ်သားတစ်ဦး။ ။ ကျနော့်ဇာတိကတော့ မြန်မာပြည်အလယ်ပိုင်းက၊ လျှပ်စစ်မီးမရှိတဲ့ ရွာကလေးတစ်ရွာကပါ။ ဒါပေမဲ့ လျှပ်စစ်မဟာဓါတ်အားလိုင်းတွေက ကျနော်တို့ရွာ ပေါ်က ဖြတ်သန်းသွားပါတယ်။ ရွာပေါ်မှာ၊ လေတပ်က တိုက်လေယာဉ်တွေလည်း၊ ကျွမ်းထိုးပျံဝဲတတ်ပါတယ်။ ဒါတွေကို မော့ကြည့်ရင်း၊ လေယာဉ်မောင်းဘို့ စိတ်ကူးတွေနဲ့၊ ကျနော် ကျောင်းစာကို ကြိုးစားခဲ့ပါတယ်။ ဒီလိုနဲ့ (၉)တန်း လည်းဖြေပြီးရော၊ အဖေရောအမေရော၊ ပိုးထိလို့ဆုံးသွားကြပါလေရော။ အနာဂတ်ပျောက်သလိုဖြစ်သွားတဲ့ ကျနော်ဟာ၊ နယ်မြေစည်းရုံးရေးလာတယ်ဆိုတဲ့၊ လေတပ်က တပ်ကြပ်ကြီးတစ်ယောက်နဲ့တွေ့ခဲ့ရပါတယ်။ လေတပ်တွေဟာ မြို့ပေါ်မှာဘဲရှိပြီးတော့၊ (၉)တန်းအောင်တဲ့ ကျနော့်လိုလူတွေ၊ တပ် ထဲရောက်ပြီးရင်၊ ကျောင်းလည်းဆက်တက်နိုင်တယ်၊ တခါ (၁ဝ)တန်းအောင်ရင် ဗိုလ်သင်တန်းလျှောက်ပြီး၊ လေတပ်မှာ လေသူရဲ ဖြစ်လာနိုင်တယ်၊ သူဝတ်လာတဲ့သော Pilot ဂျာကင်မျိုး၊ AO မျက်မှန်မျိုးတွေလည်း အလကားရမယ်လို့၊ တပ်ကြပ် ကြီးကပြောပြီး ကျနော့်ကို လေတပ်ထဲဝင်ဘို့ ပြောပါတယ်။ ရွာက ရယကဥက္ကဌကလည်း၊ တစ်ကောင်ကြွက် ကျနော့်အနေနဲ့ လေတပ်ကဆရာကြီးနဲ့လိုက်သွားပြီး၊ လေတပ်ထဲဝင်သင့်တယ်လို့ တွန်းနေပါတယ်။ ကျနော်လည်း၊ လေတပ်ဆရာကြီးရဲ ့အပြောကို အားကျယုံကြည်ပြီးတော့၊ သူနဲ့ အတူ၊ ရွာက ထွက်လာခဲ့ပါတယ်။
ကျနော် လေတပ်ထဲဝင်ဘို့၊ (၉)တန်းအောင်လက်မှတ်၊ အကျင့်စာရိတ္တကောင်းကြောင်း ရဲစခန်းထောက်ခံစာတို့အပြင်၊ နိုင်ငံသားမှတ်ပုံတင်ကဒ် လိုပါတယ်။ (၁၂)နှစ်ပြည့်ပြီး၊ (၅)တန်း လောက်ထဲက လုပ်ဘို့ကြိုးစားခဲ့တဲ့နိုင်ငံသားမှတ်ပုံတင်၊ မြို ့နယ်လဝကရုံးက လက္ဘရည်ဘိုး သုံးသောင်းတောင်းထားတာ မပေးနိုင်လို့၊ နှစ်တွေနဲ့ချီပြီး မလုပ်နိုင်ခဲ့တဲ့ အဲဒီ နိုင်ငံသား မှတ်ပုံတင်ဟာလည်း၊ “တပ်ထဲသွင်းဘို့” ဆိုပြီး၊ လဝကရုံးကို ဆရာကြီးက တစ်ခွန်းထဲပြောလိုက်တာနဲ့၊ လက္ဘရည်ဘိုးတစ်ပြားမှမပေးရပဲ၊ (၂)ရက်နဲ့ ရခဲ့ပါတယ်။ တခါမှ မရောက်ဘူး တဲ့၊ ရန်ကုန်မြို့ကြီးကို၊ လေအေးစက်ပါတဲ့ အလုံပိတ်ဘတ်(စ)ကားကြီးစီးပြီး ရောက်ခဲ့ရလို့၊ “ကျေးဇူးတင်လိုက်တာ၊ ဆရာကြီးရယ်”လို့၊ တလမ်းလုံး ပြောနေမိပါတယ်။ ဆရာကြီးက တော့ မျက်နှာသေကြီးနဲ့ ကျနော့်ကိုစိုက်ကြည့်ရင်း၊ “ရပါတယ် ကောင်လေးရာ”လို့ပဲ ပြန်ပြောပါတယ်။
ရန်ကုန်ရောက်တော့၊ ဆရာကြီးက ထမင်းကြော်ဝယ်ကျွေးပေမဲ့၊ တောသားမြို့ရောက်၊ ဟိုလျှောက်ငေးဒီလျှောက်ငေးဖြစ်နေတဲ့၊ ကျနော်က ကောင်းကောင်းမစားနိုင်ပါဘူး။ ဆရာကြီး က “မင်း၊ စားရတုန်း ဝအောင်စားလေကွာ” လို့ပြောတော့၊ ကျနော်လည်း ကြောင်သွားပြီး၊ “ဘာဖြစ်လို့လဲ”လို့ပြန်မေးတော့၊ ဆရာကြီးက မျက်နှာပျက်သွားပြီးတော့၊ “ဘာမှ မဟုတ်ပါ ဘူးကွာ”လို့ ပြန်ပြောပါတယ်။ ဆရာကြီးစကားရဲ့အဓိပ္ပါယ်ကို “တပ်မတော်(လေ) စစ်သားစုဆောင်းရေးတပ်”ကိုရောက်သွားတဲ့နေ့၊ အဲဒီ့နေ့ နေ့လည်မှာဘဲ သိလိုက်ရပါတယ်။ တပ် ထဲဝင်တဲ့ ရုံးလုပ်ငန်းကိစ္စတွေ လုပ်ပြီးသွားတော့၊ စစ်သားစုဆောင်းရေးတပ်က ထုတ်ပေးတဲ့၊ ကျနော့်ကို လက်ခံရရှိကြောင်း စာရွက်ကိုယူပြီးတော့၊ ဆရာကြီးက ပြန်သွားပါတယ်။ နှုတ် ဆက်ခွင့်တောင် မရလိုက်ပါဘူး။ အဲဒီနောက်တော့၊ ကျနော့်ဘဝအတွက် လုံးဝမျှော်လင့်မထားတဲ့ အတွေ့အကြုံသစ်တွေနဲ့၊ စပြီး တွေ့ကြုံခ ဲ့ရပါတော့တယ်။
ဦးရော်နီညိမ်း။ ။ ဒီနေရာမှာတော့ ဆောင်းပါးရှင်မြင့်မိုရ်က၊ သူတပ်မတော်သားဖြစ်လာရပုံဟာ မိမိသဘောဆန္ဒနဲ့ တပ်ထဲဝင်လာတဲ့အနေအထား ဖြစ်ပေမဲ့၊ တခြားသော မိမိ သ ဘောဆန္ဒနဲ့မဟုတ်ပဲ စစ်သားစုဆောင်းရေးတပ်ကို နည်းအမျိုးမျိုးနဲ့ရောက်လာရသူတွေအတွက်၊ ကြိုတင်ပြင်ဆင်ထားပုံရတဲ့ တပ်သားသစ်လက်ခံကြိုဆိုတဲ့၊ စုဆောင်းရေးတပ်ရဲ့ ပထမဆုံးညအတွေ့အကြုံကို ရေးသားထားပါတယ်။ ရယ်ရမလိုဖြစ်ပေမဲ့လည်း၊ တကယ်တမ်းမှာတော့ စိတ်မကောင်းစရာ အဖြစ်ပါ။
လေတပ်သားတစ်ဦး။ ။ ဘားတိုက်လို့ခေါ်တဲ့၊ ကွပ်ပျစ်ရှည်ကြီးတွေရိုက်ထားတဲ့ အခန်းကြီးထဲမှာ၊ ကျနော်အပါအဝင် တပ်သားသစ်(၁၀) ယောက်လောက်ကို ထည့်ထားပြီးတော့၊ အပြင်ကနေ သော့ခတ်ထားပါတယ်။ တောသား ကျနော်တောင် စားလို့မရတဲ့၊ ထမင်းကြမ်းနဲ့ပဲဟင်းရည်ကို၊ တံခါးကိုလှပ်ပြီး လာပေးပါတယ်။ ခုမှပဲ၊ “မင်း၊ စားရတုန်း ဝအောင်စား လေကွာ” ဆိုတဲ့ ကျနော့်ကိုခေါ်လာတဲ့ဆရာကြီးရဲ ့စကားကို သဘောပေါက်သွားပါတယ်။ ဒီလိုနဲ့၊ ဗိုလ်ကြီးတစ်ယောက် ရောက်လာပြီးတော့၊ ကျနော်တို့ကို တပ်မတော်က ပိုင်သွား ပြီဖြစ်တာကြောင့်၊ ထွက်ပြေးရင် တပ်ပြေးအဖြစ် ထောင်ချမယ်ဆိုတဲ့အကြောင်း၊ ထွက်ပြေးရင်လည်း ကြည်းတပ်က တပ်သားသစ်လိုက်ဆွဲတာနဲ့ ပြန်တိုးနိုင်တာကြောင့်၊ ပိုဆိုးတဲ့ ကြည်းတပ်ကစစ်သားဘဝကို ရောက်သွားမယ့်အကြောင်း၊ မှတ်ပုံတင်ကဒ်ပြားကိုလည်း တပ်က သိမ်းထားလိုက်ပြီဖြစ်တဲ့အကြောင်း၊ အဲဒါတွေ မိန့်ခွန်းချွေပြီး၊ ညဘက် အပေါ့အလေး သွားချင်ရင်၊ တံခါးကိုပုတ်ပြီး အချက်ပေးဘို့ မှာကြားပြီး ပြန်ထွက်သွားပါတယ်။
ညဘက်မှာ အပေါ့သွားချင်လို့၊ တံခါးပုတ်ပြီး အချက်ပေးလိုက်တော့၊ အပြင်ကစောင့်နေတဲ့ တပ်ကြပ်တစ်ယောက်က “အပေါ့အလေးသွား ချင်တဲ့သူတွေ၊ အဝတ်တွေအကုန်ချွတ်ပြီး ထွက်ခဲ့ကြ”လို့ အသံမာမာနဲ့ ပြောပါတယ်။ ပထမတော့ နောက်နေတာလို့၊ ကျနော်တို့က ထင်လိုက်ကြပေမဲ့၊ ထွက်မပြေးနိုင်အောင်၊ ကျနော်တို့ကို ကိုယ်လုံးတီးနဲ့ ရေအိမ်ကိုသွား ပြီး၊ အပေါ့အလေးသွားခိုင်းတယ်ဆိုတာ၊ သိလိုက်ကြရပါတယ်။ ဒီလိုနဲ့၊ ပျဉ်းမနားမိုးညိုက လေ့ကျင့်ရေးတပ်မှာ၊ အခြေခံစစ်သင်တန်းကို တက်ခဲ့ရပြီးတဲ့နောက်၊ မိတ္ထီလာ “မြေပြင် အ တတ်သင် လေတပ်စခန်း” ကို ရောက်ခဲ့ရပါတယ်။
ကျနော်နဲ့အတူ တပ်သားသစ်သင်တန်းဆင်းလာတဲ့ လူ(၂ဝ)ဟာ၊ (၉)တန်းအောင်တွေ ဖြစ်ကြလို့၊ ကျနော်တို့အားလုံး စက်မှုလက်မှုဘာသာရပ်တွေကို သင်ကြားကြရမဲ့ လေတပ်စစ် သည်တွေ ဖြစ်လာခဲ့ကြပါတယ်။ နယ်စုံက လူစုံနဲ့တွေ့တော့မှ၊ ကျနော်ဟာ၊ ခေတ်သစ်လူကုန် ကူးမှုရဲ့သားကောင်ဖြစ်ခဲ့ရတာကို သဘောပေါက်သွားရပါတော့တယ်။ လေတပ်ရဲ့တပ် ဖွဲ့တွေလေယာဉ်အုပ်တွေရဲ့ ခွဲတမ်းအရ၊ တစ်လမှာ တပ်သားသစ်(၁ဝ)ယောက်နှုန်း စုဆောင်းပေးရပါတယ်။ စည်းရုံးရေးနယ်မြေအမည်ခံ၊ လူသစ်စုဘို့ပစ်မှတ်ထားတဲ့ ကျေးရွာတွေရဲ့ ရယကတွေကို၊ ရဲဘော်သစ် တစ်ယောက်ရရင်၊ ကျပ်တစ်သိန်းပေးမယ်လို့၊ လေတပ်တွေရဲ့တပ်မှူးတွေအုပ်မှူးတွေက မှာကြားထားတယ်ဆိုတာ၊ ကျနော် သိလာရပါတယ်။ ကျနော် တို့ရွာက ရယကဥက္ကဌနဲ့ ကျနော့်ကိုခေါ်လာတဲ့ဆရာကြီးတို့၊ လက်ဝါးရိုက်လိုက်ကြတာကို ကျနော် သဘောပေါက်သွားခဲ့ပါတယ်။
ဦးရော်နီညိမ်း။ ။ မိတ္ထီလာ“မြေပြင် အတတ်သင် လေတပ်စခန်း”ဟာ၊ ေ့ရှမျက်နှာစာတစ်လျှောက်မှာ ခြံစည်းရိုးကာထားပြီး၊ အနောက်ဘက်ခြမ်း တစ်လျှောက်လုံးမှာ၊ ဘာခြံစည်းရိုးမှ မရှိပဲ ဟင်းလင်းကြီးပွင့်နေတာကို သတိထားမိတဲ့ ဆောင်းပါးရှင်မြင့်မိုရ်က၊ စစ်တပ်ဆိုတဲ့ အဖွဲ့အစည်းဟာ ကျောင်းသားဘဝက သူထင်ခဲ့သလို၊ စည်းနဲ့ကမ်းနဲ့ စတစ်တကျဖွဲ့စည်းထား တဲ့ အဖွဲ့အစည်းမှ ဟုတ်ပါရဲ့လားလို့၊ တပ်မတော်ကြီးတစ်ခုလုံးနဲ့ နောက်ကျောမလုံတဲ့ မိတ္ထီလာ“မြေပြင် အတတ်သင် လေတပ်စခန်း” တို့ကို ခိုင်းနှိုင်းရေးသားထားပါ တယ်။ သူဟာ လေတပ်စက်မှုလက်မှုစစ်သည်တစ်ဦး ဖြစ်လာတဲ့အတွက်၊ သူကျင်လည်ရာ တပ်မတော်ကြီးထဲက အစိပ်အပိုင်းလေးတစ်ခုအကြောင်းကို၊ သူမြင်တဲ့အတိုင်း ရင်ဖွင့်ထားပါတယ်။
လေတပ်သားတစ်ဦး။ ။ နောက်ထပ်သင်တန်းတက်ဘို့ စောင့်နေရင်းနဲ့ပဲ၊ ကျနော့်မှာ အမြင်အကြားနဲ့လေတပ်စက်မှုလက်မှုလောကရဲ့ ဗဟုသုတတွေ တိုးပွားလာပါတယ်။ သာ မန်စစ်သည်ကို မဆိုထားနဲ့၊ စက်မှုအရာရှိတွေကြားထဲမှာတောင် ပြင်ဦးလွင်က တပ်မတော်နည်းပညာတက္ကသိုလ် ခေါ် DSTAဆင်း အင်ဂျင်နီယာဘွဲ့ရတဲ့လူချင်း အတူတူ မတူကြပါ ဘူး။၊ လေယာဉ်အုပ်ရဲ့ အင်ဂျင်နီယာအရာရှိEOနဲ့၊ လျှပ်စစ်အရာရှိ၊ လက်နက်အရာရှိ၊ ရေဒီယိုအရာရှိ ၊ အဲဒီအရာရှိအမျိုးမျိုးတွေကြားမှာ၊ DSTA မှာတုန်းက ဗိုလ်လောင်းဘဝတုန်းက အတူတူတွေဖြစ်ကြပေမဲ့၊ အရာရှိဖြစ်လာကြတော့၊ မတူကြတော့ပါဘူး။ ဘယ် အင်ဂျင်နီယာအရာရှိက၊ တရားမဝင် လေယာဉ်ဆီရောင်းရငွေအပေါ်မှာ၊ စီမံခန့်ခွဲပိုင်ခွင့်နဲ့ ရရှိပိုင်ခွင့်ပိုရှိ သလဲဆိုတာက၊ ဘဝေ့ရှတက်လမ်းအတွက် အဓိက စကားပြောလာပါတယ်။ လေတပ်အရာရှိစစ်သည်တွေရဲ့ ဘဝအတက်အကျတွေဟာ လေယာဉ်ဆီပေါ်မှာ မူတည်နေကြပါတော့ တယ်။ လေယာဉ်ဆီနဲ့ပတ်သက်ပြီး လုပ်ပိုင်ခွင့်တွေ ပိုပြီးရတဲ့သူတွေက၊ နိုင်ငံခြားမှာ သင်တန်းသွားတက်ဘို့တို့၊ လေတပ်ထဲက တခြားအခွင့်အရေးတွေရရှိဘို့တို့၊ ဆိုတာမျိုးတွေ မှာ၊ သူတို့အဘို့ သူများထက် လွယ်ကူနေကြပါတယ်။
ဒီလိုနဲ့ ကျွန်တော်ဟာ၊ လက်နက်လုပ်ငန်းသင်တန်း ဆက်တက်ဘို့ အရွေးခံရပြီး၊ မိတ္ထီလာ“မြေပြင် အတတ်သင် လေတပ်စခန်း”ထဲက၊ စက်မှုလက်မှုအတတ်သင်ကျောင်း(စလက)ကို သတင်းပို့ရပါတယ်။ (စလက)မှာ “အတန်း(၃)” သင်တန်း၊ တက်ပြီးသွားတဲ့နောက်၊ ဘယ်တပ်ကို သွားရမယ်ဆိုတာ တပ်မတော်မှတ်တမ်းရုံးကထုတ်ပြန်တဲ့၊ Part (2) Order ခေါ် အ ပိုင်း(၂)အမိန့်ကို စောင့်နေကြရပါတယ်။ အဲဒီလို စောင့်နေကြတုန်းမှာပဲ၊ ဝေးလံခေါင်ဖျားတဲ့နေရာက လေတပ်တွေကို ရောက်သွားမှာစိုးတဲ့သူတွေနဲ့၊ ဘဝေ့ရှရေးကို ပိုင်ပိုင်နိုင်နိုင် ကြို တင်မျှော်တွေးတတ်သူတွေဟာ၊ တပ်ပြေးဘဝကို ခံယူသွားတတ်တဲ့အစဉ်အလာကလည်း (စလက)မှာ ရှိနေပြန်ပါတယ်။ ဝေးလံခေါင်ဖျား လေတပ်စခန်းဆိုတာ၊ ကျနော်တို့တုန်းက မြစ်ကြီးနားနဲ့နမ့်ဆမ်က၊ လေတပ်စခန်းဌာနချုပ် နှစ်ခုပဲရှိပါတယ်။ အခုခေတ်မှာတော့ မီးမရှိ၊ ရေရှား၊ နေရေးက အဆင်မပြေ၊ ရတဲ့လစာနဲ့မလောက်ဆိုတဲ့၊ ဟုမ္မလင်းနဲ့ မြိတ်(ဘိတ်) က လေတပ်စခန်းဌာနချုပ် အသစ်နှစ်ခု တိုးလာခဲ့ပါပြီ။ အခုက စပြီး၊ ကျနော်ပြောပြမှာတွေကတော့၊ ကျနော်တယောက်ထဲရဲ ့ခံစားမှုအတွေ့အကြုံတွေ မဟုတ်ပဲ၊ လေတပ်ထဲက အောက်ခြေစစ်သည်တွေရဲ ့ ဘဝကောက်ကြောင်းများစွာကို၊ ရှုထောင့်အစုံကနေ ကိုယ်စားပြုုရင်ဖွင့်တင်ပြသွားမှာတွေ၊ ဖြစ်ပါတယ်။ ဘယ်သူ့ကိုမှ ထိခိုက်ဘို့ မရည်ရွယ်ပါဘူး။ ဒါ ပေမဲ့လည်း အမှန်တရားတွေကို၊ အများပြည်သူကို ရင်ဖွင့်လိုက်ရင်တော့၊ ဖြစ်နေတဲ့အနာအတွက်၊ သက်ဆိုင်တဲ့ဆေးတွေ ပေါ်ထွက်လာနိုင်မယ်လို့ ထင်မြင်ယူဆမိလို့၊ လေတပ်ထဲက စစ်သည်များစွာတို့ရဲ့ ဘဝကောက်ကြောင်းတွေထဲက တစ်ခုကို တင်ပြလိုက်တာ ဖြစ်ပါတယ်ခင်ဗျာ။
ဦးရော်နီညိမ်း။ ။ သောတရှင်များ ခင်ဗျာ၊ တပ်မတော်ရဲ့ တပ်သားသစ်စုဆောင်းပုံမှာ၊ တပ်သားသစ်တွေကို ငွေပေးစည်းရုံးတာမဟုတ်ပဲ၊ တပ်သားသစ်တွေကို လူကုန်ကူးသလို လှည့်စားခေါ်ယူလာပေးမယ့်သူတွေနဲ့ သက်ဆိုင်ရာအုပ်ချုပ်ရေးအာဏာပိုင်တွေကို ငွေပေးဘို့၊ တပ်မတော်အရာရှိတွေ ကြံရဖန်ရပုံ၊ တပ်ထဲမှာ ကင်းစောင့်တာမှာ၊ ကိုယ်တိုင်မစောင့်ပဲ လူအငှားကို အခကြေးငွေပေးပြီး စောင့်ခိုင်းလို့ရပုံ၊ တပ်ထဲမှာ ကင်းမစောင့်ပဲ တပ်ထဲက ကိုယ့်မိသားစုထမင်းအိုးအတွက်၊ အရပ်ထဲမှာ ကြုံရာကျဘမ်းအလုပ်တွေ သွားလုပ်ကြရတဲ့၊ အောက်ခြေစစ်သည်တွေရဲ့ ဖြစ်ပျက်နေပုံအကြောင်းတွေကိုတော့၊ “လေတပ်သားတစ်ဦး၏ ဘဝကောက်ကြောင်း” (ဒုတိယပိုင်း)မှာ ဆက်ပြီး တင်ဆက်ထားပါတယ်။ နောက်တစ်ပတ် ဇွန်လ(၆)ရက် တနင်္ဂနွေနေ့မနက် “တပ်မှူးတပ်သား ပြောစကား” အပတ်စဉ်ကဏ္ဍမှာ၊ စောင့်မျှော်နားဆင်ကြပါ ခင်ဗျာ။ ကျနော် ရော်နီညိမ်းပါ။