သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လေတပ်သားတစ်ဦး၏ ဘ၀ကောက်ကြောင်း (အပိုင်း-၃)


အင်တာနက်ပေါ်က “စည်းလုံးခြင်းရဲ့အင်အား” ၀က်(ဘ်)ဆိုက် စာမျက်နှာမှာ ဆောင်းပါးရှင် မြင့်မို(ရ်)က လေတပ်စစ်သည်တစ်ဦးရဲ့ ကိုယ် တွေ့ အတွေ့အကြုံတွေကို အခန်းဆက် ဆောင်းပါးတွေနဲ့ တင်ပြရေးသားထားပါတယ်။ ဒီဆောင်းပါးတွေထဲက စာရေးသူ မြင့်မို(ရ်)ရဲ့ ပြော စကားတွေကို စုစည်းကောက်နှုတ်ပြီး မူလအမည် “လေတပ်သားတစ်ဦး၏ ဘ၀ကောက်ကြောင်း” နဲ့ပဲ “တပ်မှူးတပ်သား ပြောစကား” အပတ်စဉ်ကဏ္ဍမှာ ပထမပိုင်းနဲ့ ဒုတိယပိုင်းကို ထုတ်လွှင့်ခဲ့ပြီးပါပြီ။ ဒီတပတ်မှာတော့ “လေတပ်သားတစ်ဦး၏ ဘ၀ကောက်ကြောင်း” နောက်ဆုံးအပိုင်း (တတိယအပိုင်း)ကို ကြားကြရမှာပါ။ ဦးရော်နီညိမ်းက စီစဉ်တင်ဆက်ပြီး ဗီအိုအေ၀ိုင်းတော်သား ကိုရန်နိုင်က အားဖြည့် ပါဝင်ထားပါတယ်။

ဦးရော်နီညိမ်း။ ။ အခုတပတ် “လေတပ်သားတစ်ဦး၏ ဘ၀ကောက်ကြောင်း နောက်ဆုံးအပိုင်း(အပိုင်း-၃)” မှာ ဆောင်းပါးရှင် မြင့်မို(ရ်)က ထပ်ဆင့်ရည်ညွှန်းထားတဲ့ “စည်းလုံး ခြင်းရဲ့ အင်အား” အင်တာနက်website ပေါ်ကပဲ နောက်ထပ် ဆောင်းပါးရှင်တစ်ဦး ဖြစ်တဲ့ ဝေဟင်ရဲ့ “ ဟိုတစ်စ ဒီတစ်စ တပ်တွင်း ကွဲအက်စများ” ခေါင်းစဉ်နဲ့ ဆောင်းပါးတွေထဲက လေတပ်အရာရှိစစ်သည်တွေရဲ့ အဖြစ် အပျက်တစ်ချို့တွေကိုပါ ပေါင်းစပ်တင်ပြလိုက်ပါတယ်။ ဗီအိုအေ၀ိုင်းတော်သား ကိုရန်နိုင်က လေတပ်သားတစ်ဦးအဖြစ် ပါဝင်အားဖြည့် ကူညီ ထားပါတယ်ခင်ဗျာ။

လေတပ်သားတစ်ဦး။ ။ ဒီ “မြောက်တော”ဟာ ဟန်ပြစိုက်ခင်းသာဖြစ်ပြီးတော့ တရားမ၀င် လေယာဉ်ဆီရောင်းလို့ရတဲ့ ၀င်ငွေတွေကို ဒီ “မြောက်တော”စိုက်ခင်းကထွက်တဲ့ သီးနှံတွေ ရောင်းလို့ရတဲ့ငွေတွေအဖြစ် စာရင်းပြပြီး ရတဲ့တရားဝင်လစာနဲ့မလောက်တဲ့ ကျနော်တို့ တိုက်လေယာဉ်အုပ်က အားလုံးသောအရာရှိစစ်သည်တွေအတွက် သက်သာချောင်ချိရေး လုပ်ပေးရတဲ့အလုပ်တွေမှာ ကျနော်လည်း ပါဝင်လာခဲ့ရပါတယ်။ “မြောက်တော”စပါးခင်းက နဲနဲပါးပါးထွက်တဲ့ တကယ့်စပါးတွေ၊ သီးနှံတွေကို ဓါတ်ပုံရိုက်/ ရာသီအလိုက် သီးနှံ တွေကို စိုက်ကြပျိုးကြရောင်းချကြလို့ ရရှိနေတယ်ဆိုတဲ့ ၀င်ငွေမှတ်တမ်းအတုတွေကို ပြုစု/ ကျနော်တို့တိုက်လေယာဉ်အုပ်ရဲ့  လေးလပတ် အစည်းအဝေးတို့ စည်းရုံးရေးကော်မီတီ အစည်းအဝေးတို့မှာ၊ ဒီဓါတ်ပုံတွေ ဒီမှတ်တမ်းအတုတွေကိုဝေ၊ အထက်အဆင့်ဆင့် ကက(လေ)ရုံးအထိရောက်အောင်လည်းပို့၊ ကျနော်တို့ အဲဒီလို လုပ်ခဲ့ကြရပါတယ်။ ကျနော်တို့တိုက် လေယာဉ်အုပ်က အရာရှိစစ်သည်တွေနံမည်တွေနဲ့ အာရှဓန/ရိုးမ စတဲ့ဘဏ်တွေမှာ၊ ငွေစာရင်းတွေဖွင့်ပြီး တစ်ဦးချင်း စုဆောင်းငွေတွေအဖြစ် အပ်နှံပေးထားပါတယ်။ ဒီငွေတွေနဲ့ပဲ၊ ကျပ်တစ်သိန်း ပေးကမ်းပြီးရှာရမယ့် ကျနော့်လို တပ်သားသစ် မောင်သိန်းတန်တွေ ရှာဖွေစုဆောင်းရေးမှာ သုံးစွဲကြရပါတယ်။ ဒီငွေတွေနဲ့ပဲ၊ ကျနော်တို့တိုက်လေယာဉ်အုပ်အပိုင် အရပ်ကားကို ၀ယ်ထားပါတယ်။ ဒီငွေတွေနဲ့ပဲ အရာရှိစစ်သည်တွေရဲ့  ယူနီဖေါင်းတွေ ချုပ်ဝတ်ကြရပါတယ်။ ဓါတ်ပုံတွေထဲမှာ၊ သီးနှံရောင်းချလို့ရတဲ့ဝင်ငွေမှတ်တမ်း အတုတွေထဲမှာ၊ “မြောက်တော”စိုက်ခင်းပျိုးခင်းရဲ့  အောင်မြင်မှုတွေရှိနေဘို့အတွက်၊ ကျနော်တို့ ရဲ့  F 7 ကြားဖြတ်တိုက်လေယာဉ်တွေရှိရာ အမှတ်(၅)တိုက် လေယာဉ်အုပ်ရဲ့  လေယာဉ်ဆီစားနှုန်းတွေ အမြဲမြင့်တက်နေဘို့ပဲ လိုအပ်နေပါတယ်။

စစ်တပ်ဆိုတဲ့အဖွဲ့အစည်း တစ်ခုမှာ ရှိလိမ့်မယ်လို့ လုံးဝထင်မထားမိခဲ့တဲ့ ဖြစ်ရပ်တွေမှာ၊ ကိုယ်တိုင်ပါဝင်ကြုံတွေ့နေရတဲ့ အဖြစ်ပါ။ ဒီ F 7 တိုက်လေယာဉ်အုပ်မှာ၊ မှတ်မှတ်ရရ ကျနော် နှစ်ခါပဲ ကင်းစောင့်ဘူးပါတယ်။ ကျနော်တို့တပ်မတော်(လေ)က တပ်တိုင်းလိုလိုမှာရှိနေတဲ့ အောက်ခြေစစ်သည်တွေရဲ့  “ဒေါ်လာဂျူတီ”ယဉ်ကျေးမှုကို သိလာရရုံတင်မက၊ ကျနော်ပါ ဒီယဉ်ကျေးမှုရေစီးကြောင်းထဲမှာ မျောပါနေခဲ့ပါတယ်။ ကျနော့်လို လူပျိုလူလွတ် မိသားစုလည်းမရှိတဲ့လူကတော့၊ ကင်းကျတဲ့အချိန် တပ်ပြင်ထွက် လည်ဘို့ပတ်ဘို့၊ အုပ်ချုပ်ရေးတပ် က မရှိရှားပါးစစ်သည်တွေကို၊ “ဒေါ်လာဂျူတီ”စောင့်ဘို့ပဲ ငှားတာပါ။ မိသားစုရှိတဲ့ ကျနော်တို့အုပ်က အောက်ခြေစစ်သည်တွေက၊ အုပ်ချုပ်ရေးတပ်က စစ်သည်တွေကို “ဒေါ်လာဂျူတီ” စောင့်ဘို့ငှားပြီးတော့၊ သူတို့ကိုယ်တိုင်က အပြင်မှာ အပိုထပ်ရမဲ့ အလုပ်မျိုးစုံကို လုပ်ကြပါတယ်။ သက်သာချောင်ချိရေးလေယာဉ်ဆီခွဲတမ်းနဲ့ အပိုဝင်ငွေ ရနေတာနဲ့တောင် မိသားစု အတွက် မလောက်မငှဖြစ်နေသေးလို့၊ အပြင်မှာ လိုင်းကား စပယ်ယာအလုပ်ကနေ မှေင်ခိုကယ်ရီအထိ ထွက်ပြီး လုပ်ကြပါတယ်။ ဒီလိုနဲ့၊ ကျနော်တို့ရဲ့  တစ်ပြည်လုံးက လေတပ်စခန်း ဌာနချုပ်တွေမှာ၊ တပ်မတော်(လေ)တစ်ခုလုံးရဲ့  လုံခြုံရေးယန္တယားကြီးဟာ “ဒေါ်လာဂျူတီ”နဲ့ လည်ပတ်နေပါတယ်။ တန်ဘိုးအနေနဲ့ ဒေါ်လာသန်းပေါင်း ရာ၊ ထောင်ချီပြီးတန်ဘိုးရှိတဲ့ တိုက်လေယာဉ်တွေ၊ သယ်ယူပို့ဆောင်ရေး လေယာဉ်ကြီးတွေ၊ ရဟတ်ယာဉ်တွေရဲ့  လုံခြုံရေးကို၊ သက်ဆိုင်ရာလေတပ်က ကင်းတာဝန်ကျစစ်သည်တွေ ကိုယ်စား၊ တခြား လေတပ် အုပ်ချုပ်ရေးတပ်က “ဒေါ်လာဂျူတီ” လာစောင့်တဲ့စစ်သည်တွေကက သေနတ်မကိုင်ပဲ ကင်းစောင့်နေကြရတာပါ။ ကျနော်တို့လေတပ်ဟာ၊ ၁၉၈၈ ရှစ်လေးလုံးလူထု အုံကြွမှုကြီးမှာ၊ လူထုနဲ့ အရင်ဆုံးပူးပေါင်းခဲ့တဲ့ တပ်ဖြစ်လို့၊ ကျနော်တို့ကို တပ်မတော်(ကြည်း)က မယုံဘူးလို့၊ စီနီယာတွေဆီက မှတ်သားရဘူးပါတယ်။ ရန်သူ့ နယ်မြေနဲ့နီးလို့၊ သေနတ်ကိုင်ပြီး ကင်း စောင့်ခွင့်ရှိတဲ့ လေတပ်စခန်းတွေမှာလဲ၊ သေနတ်ထဲက ကျည်ကပ်မှာ၊ ကျည်ဆံတစ်တောင့်မှ မရှိကြပါဘူး။ ရှစ်လေးလုံးရေးတော်ပုံကြောင့်၊ တပ်မတော် (ကြည်း)က ကျနော်တို့ကို၊ ဒီလို လုပ်ထားပေမယ့်၊ ကျနော်တို့မှာလည်း ကိုယ့်ဟာနဲ့ကိုယ် “ဒေါ်လာဂျူတီ”အရေးတော်ပုံရှိ နေတာကြောင့်၊ ကျနော်တို့ တပ်မတော်(လေ) အောက်ခြေစစ်သည်တွေ၊ အကြပ်တွေ၊ အကြပ်ကြီးတွေက၊ တပ်မတော်(ကြည်း)ကို ကျေးဇူးတောင်တင်နေကြပါတယ်။ “ဒေါ်လာဂျူတီ” လာစောင့်တဲ့ တခြားတပ်က စစ်သည်က ကင်းစောင့်ရင်း မတော်တဆ ကျည်ဆံထွက် သွားတာတို့၊ အရက်မူးပြီး သေနတ်နဲ့ ရှောက်ပစ်မှာတို့၊ တပ်ကနေ ထွက်ပြေးသွားရင်လည်း သေနတ်ပါသွားတဲ့ အမှုကြီးမျိုးကလွတ်မှာတို့ကြောင့်၊ ကျနော်တို့ တပ်မတော်(လေ) အောက်ခြေစစ်သည်တွေက၊ တပ်မတော်(ကြည်း)ကို အရမ်းကိုကြိတ်ပြီး ကျေးဇူးတင်နေကြတာပါ။ ကျနော်တို့ရဲ့  တပ်မတော်(လေ)အရာရှိစစ်သည်တွေမှာ မှောင်ခိုဂိတ်ကြေးကောက် စရာလည်း မရှိ၊ သစ်ကွက်တွေဘာတွေဆိုတာလည်း လေယာဉ်ပေါ်ကပဲ တခါတခါ မြင်ဘူးကြ၊ သူတပါးကို လည်ပင်းညှစ် မျက်ရည်ပေါက်ကြီးငယ်ကျအောင်လုပ်ပြီးမှ ကိုယ့်ဇနီးမယား စိန်နားကပ်ဆင်တာမျိုးနဲ့လည်း လုံးလုံးကင်းတဲ့အပြင်၊ လေတပ်လေယာဉ်မျိုးစုံကိုမောင်းကြတဲ့ လေသူရဲတွေက အသက်အန္တရာယ်နဲ့ရင်းပြီး၊ လေတပ်ကြီးတခုလုံးရဲ့  အရာရှိစစ်သည် တွေနဲ့မိသားစုတွေကို သမ္မာအာဇီဝကျကျ နို့ညှစ် ရှာကျွေးနေတာ ဖြစ်တယ်လို့၊ စီနီယာတွေ ပြောကြတာကို ကျနော် မှတ်သားထားပါတယ်။ လေသူရဲတွေဟာ ပျံသန်းချိန် နာရီများများ မောင်မှ၊ သူတို့တွေဟာ အတွေ့အကြုံတွေရင့်ကျက်ပြီး၊ ဝေဟင်ပေါ်မှာပျံသန်းနေတုန်း လေယာဉ်တခုခုဖြစ်ရင် အသက်အန္တရာယ်မရှိအောင် လေထဲမှာ ကြံဆလုပ်ဆောင်နိုင်မှာပါ။ ခုတော့ လေသူရဲတွေဟာ၊ ပျံသန်းချိန်နာရီနဲနဲပဲ မောင်းပြီး၊ လေယာဉ်ဆီ များများကျန်အောင် လုပ်ကြရတာကြောင့်၊ ဝေဟင်ထဲမှာ အတွေ့အကြုံတွေများများရရေးကို အများအတွက် စွန့်လွှတ်အနစ်နာခံ၊ ကိုယ့်တပ် တစ်တပ်လုံးက အရာရှိစစ်သည်နဲ့မိသားစုတွေရဲ့  သက်သာချောင်ချိရေးအတွက်၊ အသက်နဲ့ရင်းပြီး၊ လေတပ် စခန်းဌာနချုပ်တိုင်းမှာ လုပ်ပေးနေကြရ တာပါ။ တပြည်လုံးက တပ်မတော်(လေ)ရဲ့  လေသူရဲတွေဟာ၊ ပျံသန်းမှုမှတ်တမ်းမှာ ပျံသန်းချိန် အများကြီးပြပြီး၊ တကယ်တမ်းမှာ နာရီနဲနဲပဲ မောင်းနေကြရတာပါ။ လေသူရဲတွေက သက်စွန့်ဆံဖျား လုပ်ပေးကြသလို၊ မြေပြင်က စက်မှုအရာရှိစစ်သည်တွေကလည်း၊ လေသူရဲတွေ ချန်ပေးထားတဲ့ လေယာဉ်ဗိုက်ထဲက လေယာဉ်ဆီကို အပြင်ကို ချောချောမွေ့မွေ့နဲ့ ထုတ်ရောင်းပေးကြရပါတယ်။ အုပ်ချုပ်ရေးတပ်က အရာရှိ စစ်သည်တွေကလည်း၊ ဒုက္ခပေးလာကြမဲ့ သက်ဆိုင်ရာတွေရဲ့  ဘေးရန်ကကင်းအောင်၊ ညှိနှိုင်းဆောင်ရွက်ပေးကြရပါတယ်။ ဒါဟာ၊ ကျနော်တို့ လေတပ်ရဲ့  သုံးနားညီ တြိဂံပုံသဏ္ဍန၊် ပီပီပြင်ပြင် ဘက်ညီညီနဲ့၊ မတတ်သာလို့ ဒီလိုတွေ လှုပ်ရှားပြီး ရုန်းကန်ရှင်သန်နေကြတာပါ။ ဒါတွေလုပ် နေကြရတာကိုလည်း ဘယ်သူကမှ စိတ်လိုလက်ရ ပျော်ပျော်ရွှင်ရွှင် မရှိကြပါဘူး။ ဒီလိုမှ မလုပ်ကြရင်လည်း၊ တပ်မတော်(လေ)ရဲ့  အရာရှိစစ်သည်တွေနဲ့မိသားစုတွေ ငတ်နေကြမှာမို့သာ လုပ်နေကြရတာပါ။

လေတပ်ရဲ့  အရာရှိစစ်သည်တွေထဲမှာ တနေ့တနေ့ စားဝတ်နေရးအတွက် ပူပင်စိတ်သောကရောက်နေကြတဲ့သူတွေ များလာနေပါပြီ။ လေသူရဲတွေကလည်း ကိုယ့်ရဲ့  လေယာဉ်ကို ကိုယ့်ဟာကိုယ် အယုံအကြည်နည်းလာနေကြပါတယ်။ မြေပြင်က အင်ဂျင်နီယာအရာရှိတွေကလည်း လေယာဉ် အဆင်းအတက် ဘီးခေါက်မ၀င်အောင် တပ်ထားရမဲ့ pin လေးတစ် ချောင်း၊ သူ့နေရာနဲ့သူ ရှိရဲ့ လားဆိုတာတောင် မစစ်ကြတောာ့တဲ့လူက များလာပါပြီ။ ဒါ့ကြောင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေစီးတဲ့ “ဆင်ဖြူတော်” လို့ နံမည်ပေးထားတဲ့၊ ကျနော်တို့လေတပ်က MI (၁၇) ရဟတ်ယာဉ်ကြီးများ၊ မူလီတလုံးလောက် ကျွတ်နေရင်လို့၊ တခါတခါ ကျနော် စိတ်ပူမိပါတယ်။ ၂၀၀၂ ခုနှစ်တုံးက၊ ကွယ်လွန်သူ အတွင်းရေးမှူး(၂) ဒုတိယ ဗိုလ်ချုပ်ကြီးတင်ဦးစီးတဲ့ ၊ ကျနော်တို့လေတပ်ကပဲ၊ ဒီလို MI (၁၇) ရဟတ်ယာဉ်ကြီး၊ သံလွင်တံတတားမှာ ပျက်ကျခဲ့ဘူးတာလည်း ကျနော် မှတ်မိနေပါ တယ်။ ကျနော်တို့ လေတပ်ကတော့၊ လေသူရဲတွေရော၊ အင်ဂျင်နီယာတွေရော၊ အုပ်ချုပ်ရေးဘက်ကရော၊ အရာရှိတွေဟာ အပြင်လောက အရာင်းအ၀ယ်မှာ ပွဲစားလုပ်တာတို့၊ ဘော လုံးပွဲလောင်း၊ နှစ်လုံးတို့ သုံးလုံးတို့ ချဲထီတို့ လောင်းကြတာတွေမှာပဲ၊ စိတ်ဝင်စားနေကြပါတယ်။ အောက်ခြေစစ်သည်တွေကတော့၊ “ဒေါ်လာဂျူတီ”နဲ့ နေ့စဉ်ဘ၀တွေကို ဖြတ်ကျော် နေကြရပါတယ်။ စားဝတ်နေရေးကို၊ “ဒေါ်လာဂျူတီ” နဲ့ ဖြေရှင်းနေကြရတာဟာ၊ မရှိမဖြစ်မလုပ်မဖြစ် အရှိတရားကြီးအဖြစ် အားလုံးကလက်ခံ၊ လေတပ်ထဲမှာ အထိုင်ကျသွားတဲ့ ယဉ် ကျေးမှု တရပ်ဖြစ်လာခဲ့ပါပြီ။ အဲ့ဒါကြောင့် တပ်မတော်(လေ)မှာ ဘယ်အရာရှိကမှ ဒီကိစ္စကို ပြဿနာမရှာ အနှောက်အယှက်မပေး၊ အောက်ခြေစစ်သည်တွေကို စာနာနားလည်စွာနဲ့ ခွင့်ပြုထားပြီးတော့၊ လေတပ်အရာရှိနဲ့စစ်သည်တွေကြားက အထက်အောက်ဆက်ဆံရေးမှာ၊ “ဒေါ်လာဂျူတီ” ကိစ္စဟာ ချစ်စရာ့ဓလေ့ ထုံးတမ်းတစ်ရပ်အဖြစ်ဖြစ်၊ ကမ္ဘာဆုံးတိုင် တည်ရှိ နေမယ်လို့တောင်၊ ကျနော် ဥာဏ်မှီသလောက် ထင်မြင်ယူဆမိပါ တယ်။ ဘ၀ပေးအခြေအနေအရ၊ ကျနော်တို့ လေတပ်မှာ၊ အရာရှိတွေရော စစ်သည်တွေရော၊ လေတပ်အလုပ်ကလွဲ ရင် အကုန်လုပ်နေကြရပါတယ်။

အခုအတိုင်းသာ ဆက်သွားပြီး၊ ဖြစ်ပျက်နေသမျှတွေကို မိုးခါးရေသောက်ကြတာပဲလို့ မျက်စေ့မှိတ်ယစ်မူးနေကြရင်တော့၊ တပ်မတော်ထဲမှာ အကျည်းတန်ဖြစ်ရပ်တွေ ပေါ်ပေါက်လာ တော့မယ်လို့ ကျနော် ထင်နေမိလို့ပါ။ ကျနော် ဒါတွေ ပြောနေမိလို့၊ မိတ္ထီလာ(ရှမ်းတဲ)(လကသ)က၊ F 7ကြားဖြတ်တိုက်လေယာဉ်တွေရဲ့  အမှတ်(၅)တိုက်လေယာဉ်အုပ်မှာ ကျနော် တာဝန်ကျခဲ့တုံးက၊ ကျနော့်အပေါ်ကောင်းခဲ့ကြတဲ့ အုပ်မှူးအပါအ၀င် အရာရှိစစ်သည်တွေကို၊ အားနာနေမိပါတယ်။ ဒါပေမဲ့၊ နိုင်ငံတော်ရဲ့  မျက်နှာ၊ တပ်မတော်ဆိုတဲ့ သမိုင်းဝင် အထင် ကရအဖွဲ့အစည်းကြီးရဲ့  ဂုဏ်သိက္ခာတို့ အတွက်၊ ကျနော် မိဘပြည်သူတွေကတဆင့် တိုင်တည်ပြောဆိုနေမိတာပါ။

ဒါ့အပြင်၊ အဲ့ဒီတုံးက ကျနော်တို့အပေါ်ကောင်းခဲ့တဲ့ ကျနော်သံယောဇဉ်ထားရှိတဲ့၊ ကျနော်တို့ဆရာသမား၊ အမှတ်(၅)တိုက်လေယာဉ်အုပ်မှူးဟာ၊ အခုအခါမှာ ကာကွယ်ရေးဦးစီးချုပ် (လေ) ဒုတိယဗိုလ်ချုပ်ကြီးမြတ်ဟိန်းပါ။ ကျနော်တို့ရဲ့ ကာကွယ်ရေးဦးစီးချုပ်(လေ)ဟာ၊ ကက(ကြည်း)စစ်ရုံးချုပ်က စစ်ဦးစီးမှူးဒုတိယတန်း ဗိုလ်မှူးကို အသိပေးပြီးမှ၊ တပ်မတော် (လေ)က လေယာဉ်တွေရဲ့  နေ့စဉ်ပျံသန်းမှုကို၊ အမိန့်ပေးခွင့်ရှိပါတယ်။ ဒါပေမဲ့ ကျနော်တို့ လေတပ်ကနေ၊ လေယာဉ်တွေပါ ထုတ်လုပ်ရမယ်လို့၊ ဗိုလ်ချုပ်မှူးကြီးက ခိုင်းနေတာကို၊ မဖြစ်နိုင်ဘူးဆိုပြီး၊ ခေါင်းမာမာနဲ့ တင်းခံနေတာမျိုးအတွက်တော့၊ ကျနော်တို့ လေတပ်က အရာရှိစစ်သည်အားလုံးက ကျနော်တို့ရဲ့  ကာကွယ်ရေးဦးစီးချုပ်(လေ)ကို၊ ကျေးဇူးတင်လေး စားနေကြတာပါ။ အဲဒီလို တာဝန်ယူတတ်တဲ့ ခေါင်းဆောင်ပီသလို့လည်း၊ အမှားတွေကိုပြင်ဆင်မဲ့ ခေါင်းဆောင်အဖြစ် ကျနော်တို့အားလုံးက မျှော်လင့်နေကြပါတယ်။

တကယ်တော့ ကြည်း-ရေ-လေ တပ်မတော်တစ်ခုလုံးရဲ့  အောက်ခြေက အရာရှိစစ်သည်တွေဟာ၊ ဟိုးအထက်က စစ်ခေါင်းဆောင်ကြီးတွေရဲ့  လက်အောက်မှာ၊ အဆင်ပြေနေကြတာ မဟုတ်ကြပါဘူး။ ကန့်သတ်ချုပ်ချယ်မှုတွေ၊ အကြောက်တရားတွေအပြင်၊ ဘယ်သူ့ကို ယုံကြည်အားထားပြီး လက်တွဲကြရမယ်ဆိုတာ မသိနိုင်သလို ဖြစ်နေရတာကြောင့်၊ ကိုယ့်ရဲ့  မိဘ အစစ်ဖြစ်တဲ့ ပြည်သူတွေနဲ့ မပေါင်းစည်းမိကြတာလို့၊ ကျနော်လို အောက်ခြေအကျဆုံး စစ်သည်တစ်ဦး ကတော့ စပြီး တွေးတောထင်မြင်နေမိပါပြီ။ ကျနော်တို့ ကြည်း-ရေ-လေ တပ်မ တော် အရာရှိစစ်သည်တွေအားလုံးဟာ၊ "ပြည်သူသာအမိ ပြည်သူသာအဖ" ဆိုတာကို ပြန်သတိရကြပြီး၊ ပြည်သူနဲ့ နီးနီးကပ်ကပ် ပေါင်းစည်းလာအောင် လုပ်ဆောင်ရေးကို ဦးစားပေး လုပ်ဆောင်ကြပါလို့၊ တပ်မတော်သားအချင်းချင်း တင်ပြပန်ကြားလိုက်ပါတယ် ခင်ဗျာ။

ဦးရော်နီညိမ်း။ ။ သောတရှင်များခင်ဗျာ၊ မူရင်းဆောင်းပါးတွေကို၊ စည်းလုံးခြင်းရဲ့ အင်အား အမည်နဲ့ အင်တာနက်websiteပေါ်မှာ၊ အပြည့်အစုံ ဖတ်ရှုနိုင်ကြပါတယ်။ လိပ်စာကတော့ http://w ww.photayokeking.org ဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်ကြီးအတွင်းက၊ ၁၉၄၄ခုနှစ်မှာ တကမ္ဘာလုံးအနှံ့ ဖြစ်ပွားနေတဲ့ ဒီစစ်ပွဲကြီးကို အဆုံးသတ် ငြိမ်းချမ်းရေးရယူကြပြီး၊ ကမ္ဘာ့သမိုင်းကိုပြောင်းလဲပစ်နိုင်အောင် ရည်ရွယ်ကြိုးပမ်း လုပ်ဆောင်ခဲ့လို့၊ ဂျာမန်တပ်မတော်ထဲမှာ သေဒဏ်ပေးခြင်းခံရသူ ဒုတိယဗိုလ်မှူးကြီး ခလောက်(ခ်)ရှိန့်(က်) ခါဖယ်(န်) စတော့ဖယ်(န်)ဘာ့(ဂ်) (Lt. Col. Claus Schenk Graf von Stauffenberg) ကွယ်လွန်ခဲ့တာ၊ ဒီနှစ်မှာ (၆၆)နှစ်ရှိခဲ့ပါပြီ။ တကမ္ဘာလုံးကိုဒုက္ခပေးနေသူ နာဇီခေါင်းဆောင်ဟစ်တလာ ကို ဖယ်ရှားပြီး၊ ငြိမ်းချမ်းရေးရအောင်ကြိုးပမ်းခဲ့တဲ့ ဒုတိယဗိုလ်မှူးကြီး ခလောက်(ခ်)ရှိန့်(က်) ခါဖယ်(န်) စတော့ဖယ်(န်) ဘာ့(ဂ်)ကို၊ အာဇာနည်မျိုး သေရိုးမရှိ ဆိုသလို၊ ဒီကနေ့ ဂျာမဏီ နိုင်ငံမှာ၊ သူ့နံမည် အထိမ်းအမှတ် လမ်းတွေ အဆောက်အဦးတွေ ပန်းခြံတွေနဲ့ သူရဲကောင်းအဖြစ်ဂုဏ်ပြုထားကြပါတယ်။ မြန်မာနိုင်ငံမှာလည်း မြန်မာ့သမိုင်းကို အကောင်းဘက်ကို ဦးတည်ပြောင်းလဲသွားအောင်၊ ၁၉၇၆ခုနှစ်တုံးက ကြံစည်ကြိုးပမ်းလုပ်ဆောင်ခဲ့တဲ့ ဗိုလ်ကြီးအုန်းကျော်မြင့် ဆိုသူ အရာရှိတစ်ဦး၊ မြန်မာ့တပ်မတော်ထဲမှာ ရှိခဲ့ပါတယ်။ ဒုတိယဗိုလ်မှူး ကြီး ခါဖယ်(န်)စတော့ဖယ်(န်)ဘာ့(ဂ်) နဲ့ တို့ ဗိုလ်ကြီးအုန်းကျော်မြင့်တို့ရဲ့ ကြိုးပမ်းမှုတွေကို နှိုင်းယှဉ်ပြီး၊ မြန်မာ့တပ်မတော် တပ်မှူးဟောင်းတစ်ချို့ က၊ ဗီအိုအေကို ပြောကြားကြသမျှ ကို၊ နောက်သီတင်းပတ်၊ ဇွန်(၂၀) ရက်နေ့၊ တနင်္ဂနွေနေ့မနက်၊ “တပ်မှူးတပ်သား ပြောစကား” အပတ်စဉ်ကဏ္ဍမှာ တင်ဆက်သွားမှာ ဖြစ်ပါတယ်။ စောင့်မျှော် နားဆင်ကြပါ ခင်ဗျာ။ ကျနော် ရော်နီညိမ်း ပါ။

XS
SM
MD
LG