ဦးရော်နီညိမ်း။ ။VOA မြန်မာပိုင်းရဲ့ အပတ်စဉ်ကဏ္ဍအသစ်တစ်ခုဖြစ်တဲ့ “တပ်မှူးတပ်သား ပြောစကား”ဆိုတဲ့ ခေါင်းစဉ်နဲ့ အစီအစဉ်အသစ်အတွက်၊ အခုအခါမှာ အသက်(၉၁)နှစ်ထဲ ရောက်ရှိနေပြီဖြစ်တဲ့ ခေတ်သစ်ဗမာ့တပ်မတော်ကို စတင်တည်ထောင်သူတွေထဲက တစ်ဦးဖြစ်သူ ရဲဘော်သုံးကျိပ်ဝင် အငြိမ်းစားဗိုလ်မှူးချုပ်ကျော်ဇောက၊ အသံဖိုင်နဲ့ အမှာစကား ချီး မြှင့်ပေးပို့်ခဲ့ပါတယ်။ ဗိုလ်ချုပ်ကျော်ဇောက၊ ဗမာ့တပ်မတော်ကို ဦးစီးဦးဆောင် စတင်တည်ထောင်ခဲ့တဲ့၊ ဗမာ့လွတ်လပ်ရေးဗိသုကာနဲ့ ဗမာ့တပ်မတော်ရဲ့ ဖခင်ဗိုလ်ချုပ်အောင်ဆန်းကို၊ မမေ့မလျော့ကြဘို့ ၊ အခုလို အမှာစကား ပြောကြားပါတယ်။
ဗိုလ်ချုပ်ကျော်ဇော။ ။ဗိုလ်ချုပ်ဟာ၊ လွတ်လပ်ရေးကို လက်နက်နဲ့တိုက်ယူဖို့လိုတယ်လို့ သဘောပေါက်လာတော၊့ တခြား တိုင်းချစ်ပြည်ချစ်ခေါင်းဆောင်များနဲ့စုစည်းပြီး၊ ဗမာ့ တပ်မတော်ကို တည်ဆောက်ခဲ့တဲ့သူပါ။ ဗိုလ်ချုပ်ရဲ့စိတ်နေစိတ်ထားဟာ၊ အလွန်ရိုးသားဖြောင့်မတ်ပြီး၊ ဒီမိုကရေစီကိုလည်း ယုံကြည်သူဖြစ်ပါတယ်။ အရည်အချင်းအရလည်း၊ တိုင်း ပြည်ကို နှစ်အနည်းငယ်အတွင်းမှာ၊ စည်းရုံးသိမ်းသွင်းနိုင်သူ ဖြစ်ပါတယ် ဒါ့ကြောင့်၊ ဗိုလ်ချုပ်ရဲ့ အခြေခံတိုင်းချစ်ပြည်ချစ်နဲ့အရည်အချင်းတွေကို ယခုခေတ် တပ်မတော်သားများ အပါ အ၀င်၊ ဗမာပြည်သူအားလုံး လေ့လာအတုယူသင့်ပါတယ်။ တပ်မတော်သားများကိုလည်း ပြည်သူသာအမိ ပြည်သူသာအဖ၊ ပြည်သူကိုရန်သူလို သဘောမထားကြပါနဲ့လို့၊ ပန်ကြား လိုပါတယ်။ ဗမာပြည်ရဲ့ မပြီးဆုံးသေးတဲ့ ဒီမိုကရေစီတိုက်ပွဲအတွက်၊ တစ်ခန်းတစ်ကဏ္ဍက ပါဝင်လှုပ်ရှားနေကြတဲ့ သတင်းဌာနအသီးသီးကို ကျေးဇူးအထူးတင်ပါတယ်။ တပ်မတော် သားများနဲ့ ပြည်သူလူထုကြားနားလည်မှုရအောင်၊ ယုံကြည်မှုရအောင်၊ ကြိုးစားကြပါ လို့ တိုက်တွန်းချင်ပါတယ်။ ပြည်သူအများလိုလားတဲ့ ဒီမိုကရေစီစနစ် အမြန်ဆုံးရရှိနိုင်ပါစေ။”
ဦးရော်နီညိမ်း။ ။ဗမာ့တပ်မတော်ကို စတင်တည်ထောင်ခဲ့သူတွေထဲက၊ တစ်ဦးအပါအ၀င်ဖြစ်တဲ့ ဗိုလ်ချုပ်ကျော်ဇောရဲ့ ပြောစကားတွေကို၊ တင်ဆက်ပေးခဲ့တာပါ ခင်ဗျာ။ ၁၉၄၂ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်မှာ၊ BIA (Burma Independence Army) ဗမာ့လွတ်လပ်ရေးတပ်မတော်အဖြစ် စတင်ပေါက်ဖွားခဲ့ရာက၊ ဆက်လက်တည်ရှိလာခဲ့တဲ့ ခေတ်သစ်မြန်မာ့တပ်မ တော်ရဲ့ ကာကွယ်ရေးဦးစီးချုပ်အဆက်ဆက်ထဲက၊ ၁၉၇၄ ခုနှစ်ကနေ ၁၉၇၆ ခုနှစ်အထိ မြန်မာ့တပ်မတော်ရဲ့ ကာကွယ်ရေးဦးစီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ၊ အငြိမ်းစား ဗိုလ် ချုပ်ကြီး သူရဦးတင်ဦးရဲ့ ပြောစကားတွေကို၊ ဆက်ပြီး တော့ တင်ဆက်ပေးပါရစေ ခင်ဗျာ။ အငြိမ်းစားဗိုလ်ချုပ်ကြီး သူရဦးတင်ဦးက၊ သူ တပ်သားကလေးအဖြစ် ဗမာ့ကာကွယ်ရေး တပ်မတော်(BDA)(Burma Defence Army)ကို မ၀င်ရောက်မှီ၊ နောက်ခံ သမိုင်းအကျဉ်းနဲ့  ဂျပန်ခေတ်မင်္ဂလာဒုံဗိုလ်သင်တန်းအပတ်စဉ်(၃) တက်ရောက်ခဲ့ပုံတွေကို၊ စပြီး ပြောပြပါ တယ်။
ဗိုလ်ချုပ်ကြီးတင်ဦး။ ။ ဗမာ့လွတ်လပ်ရေးတပ်မတော်ခေတ်ကို ကျနော် မမှီပါဘူး။ ၁၉၄၃ ခုနှစ် ကျနော်တို့ သြဂုတ်လ(၁)ရက်နေ့မှာ၊ မြန်မာနိုင်ငံတော်ကို ဂျပန်ကပေးတဲ့ လွတ်လပ် ရေးအတုရတယ်ပေါ့ ဗျာ၊ လွတ်လပ်ရေးအတု ရတဲ့အချိန်မှာ၊ အရင်တုန်းက ဖွဲ့စည်းထားတဲ့ ဗမာ့တပ်မတော်ကို ပြန်လည်ပြီးတော့ ဗမာ့ ကာကွယ်ရေးတပ်မတော် ဖွဲ့ပါတယ်။ အသက် (၁၆)နှစ်ပြည့်ပြီးတော့ (၁၇)နှစ်ထဲမှာပေါ့။ အဲဒီမှာ စပြီး ၀င်တာပဲလေ။ ကျနော်က။ တပ်ထဲကိုဝင်တာပေါ့ စစ်ထဲဝင်တဲ့အခါ ကျတော့လည်းပဲ၊ မိခင်က ကျနော့်ကို ဆောင်းတွင်းကြီးပေါ့၊ အဲဒီတော့ ပုသိမ်ဘူတာကို လိုက်ပို့တယ်။ ပို့တော့၊ အဲဒီတော့ မိခင်က သူ့ကို ကန်တော့တဲ့အခါကျတော့၊ ကန်တော့တော့၊ အမေ ပြောတဲ့စကားလေးက ကနေ့ ထိ ကျနော့်မှာ အသည်းစွဲနေတာက၊ သူက ကျနော်က ကန်တော့တော့ ငိုတယ်။ မျက်ရည်တွေ ကျ တာပေါ့။ အမေက မျက်ရည်မကျနဲ့ ။ နော် ။ မင်းဟာ သေမြေကြီး ရှင်ရွှေထီး။ နောက်ပြီးတော့ စစ်သွားတိုက်တာကို၊ စစ်တိုက်ရမှာကို ကြောက်ပြီးတော့၊ ငါတို့အိမ်ကို ပြန်လာလို့ရှိရင်၊ အမေ ရှက် တယ်။ အဲဒီလိုဟာမျိုး၊ မိခင်က ပြောလိုက်တာ။ အဲဒါ စိတ်ထဲမှာစွဲနေတယ် ဗျ။ စမ်းချောင်း ပဒုမ္မာ ကွင်းမှာရှိတဲ့ အဲ ကျနော်တို့ စစ်ဝန်ကြီးကင်းတပ်မှာ ကျနော်က ၀င်လိုက်တယ်ဗျ။ တပ်သားသစ် အဖြစ် ၀င်လိုက်တယ်ပေါ့ဗျာ။ တပ်သားသစ်မ၀င်ခင်မှာ ကျနော်က ပုသိမ်က လာစဉ်၊ လာကတည်းက၊ ကျနော်တို့  တပ်မတော် တတိယပတ်ဗိုလ်သင်တန်းကျောင်းတက် ဖို့အတွက် လျှောက်လွှာလေး ရေးပြီး တစ်စောင် ယူလာခဲ့တယ်ဗျ။ အဲဒီ စစ် ၀န်ကြီးရုံးမှာ၊ ဟို ကျနော်တို့က ဒီက၊ စာတိုက်ကနေ၊ ပို့ထားတာရှိတယ်။ နောက်ပြီးတော့၊ ကျနော်တို့ လျှောက်ထားတဲ့သူတွေကို ခေါ်ပြီး တော့ စာမေးပွဲဖြေခိုင်းတယ်။ နောက်ဆုံး စာမေးပွဲစစ်လို့ result က၊ သူတို့ လူ(၃၀) ယူတာမှာ၊ ကျနော်က position 31 ဗျ ။ ဆိုတော့ ကျနော် မပါဘူး။ အဲဒါနဲ့အဲဒီမှာ (၁၀)တန်းအထိ သင်ခဲ့ဖူးတဲ့ သူတွေကို၊ ကျနော်တို့ ဗမာ့တပ်မတော်အချက်ပြတပ်ရင်း Signal ပေါ့။ အဲဒါ ဖွဲ့တယ်။ အဲဒီ ဖွဲ့တာ မှာ၊ ကျနော်တို့ ပညာတတ်တဲ့ကလေးတွေကို ပို့မယ်ဆိုပြီးတော့၊ ကျနော်က အဲဒီမှာ ပါသွားပြီး တော့၊ ဆက်သွယ်ရေးတပ်ရင်းမှာ တာဝန်ထမ်းဆောင်ရတာပေါ့။ ဟို ပညာသင်ရတာပေါ့ ဗျာ။ training ပေါ့။ ဆက်သွယ်ရေးပညာ သင်ရတာပေါ့။ အဲဒီတော့ ဂျပန် morse (ဆက်သွယ်ရေး သင်္ကေတများ) တွေရော၊ ဗမာmorse တွေရော သင်ရတယ် ဗျ။ အဲတော့ သင်နေတုန်းမှာပဲဗျာ။ တပ်မတော်ဗိုလ်သင်တန်းကျောင်းတတိယပတ်၊ လူနဲ့ပတ်သက်လို့ တချို့ လျော့သွား တာတွေ ရှိပါလိမ့်မယ်။ အဲတော့ ကျနော်က နံပတ်(၃၁)ဆိုတော့၊ ကျနော် အရွေးခံရတော့ တတိယပတ် ဗိုလ်သင်တန်းကျောင်းတက်ရတယ် ဗျ။ ဗိုလ်သင်တန်းကျောင်းက ရဲဘော်သုံး ကျိပ်ပေါ့၊ ကျနော်တို့ ဗိုလ်မှူးလေးဇေယျ၊ အဲဒီတော့၊ သူက ကျောင်းအုပ်ကြီး။ အဲဒီတော့ သူ့ဆီမှာ တက်ရတယ်ဗျ။ သင်တန်းပြီးခါနီး တ၀က်လောက်ကျတော့၊ အဲဒီနေရာကို ဗိုလ်ရန် နိုင် ရောက်လာတယ်။ အဲတော့၊ ဗိုလ်ဇေယျက ပြန်သွားတယ်။ ဗိုလ်ရန်နိုင် ရောက်တယ်။ အဲတော့ ကျောင်းဆင်းတော့ ဗိုလ်ရန်နိုင်နဲ့ဆင်းရတယ်။ ကျောင်းဆင်းပြီးတော့က ကျနော် အနောက်မြောက်တိုင်းကို၊ ကျနော် ရောက်တယ်။”
ဦးရော်နီညိမ်း။ ။အခုလို သက်ရှိထင်ရှားရှိနေဆဲ ဗမာ့တပ်မတော်ခေါင်းဆောင်ဟောင်းနှစ်ဦးရဲ့ ကိုယ်တိုင်ပြောစကားတွေကို တင်ဆက်ပြီးတဲ့အခါမှာ၊ ခေါင်းဆောင်တွေရဲ့ အမြင်သ ဘောထားတွေကို တင်ပြသွားမှာ ဖြစ်ပါတယ်။ အသက်အရွယ်အရ အငြိမ်းစားဗိုလ်မှူးချုပ်ကျော်ဇောနဲ့ အပြန်အလှန်ဆွေးနွေးမှုကို တင်ပြနိုင်ခြင်းမရှိတာ၊ နားလည်ပေးဘို့  တောင်းပန် အပ်ပါတယ် ခင်ဗျာ။ ဆက်လက်ပြီးတော့ အငြိမ်းစားဗိုလ်ချုပ်ကြီးသူရဦးတင်ဦးနဲ့ တပ်မတော်ရေးရာ ဆွေးနွေးတင်ပြချက်တွေကို ဆက်ပြီး တင်ဆက်ပေးပါရစေ။
အန်ကယ်ကိုယ်တိုင်လဲ မင်္ဂလာဒုံဗိုလ်သင်တန်းအပတ်စဉ်(၃)မှာ ဗိုလ်လောင်းအဖြစ်နဲ့ တပ်မတော် ထဲကို ၀င်တဲ့အခါမှာ၊ အဲအချိန်မှာ တပ်မတော် စစ်အရာရှိတစ်ယောက်ဖြစ်လာအောင် ကိုယ့်ကိုယ် ကို ဘယ်လိုမွေးမြူမယ်/ ဒီအထဲကို ဘယ်လိုဝင်မယ် ဆိုတဲ့ စိတ်ဓာတ်မျိုးရှိခဲ့ပါသလဲ ခင်ဗျ။
ဗိုလ်ချုပ်ကြီးတင်ဦး။ ။ အဲ ကျနော်တို့ငယ်ငယ်တုန်းကတော့ ဒီ ပုသိမ်ဗဟိုအမျိုးသားအထက်တန်းကျောင်း ပေါ့။ အဲဒီတော့ ကျောင်းဆရာကြီးတွေကလည်း၊ သိတဲ့အတိုင်းဘဲ။ သူ တို့ကလည်း လစာရတာ မဟုတ်ပဲနဲ့၊ တကယ့် National ကျောင်းမှာ၊ အဲဒီတုန်းကလည်း ဟို ဦးဖိုးကျားတို့ စသည်ဖြင့်ပေါ့ ဗျာ။ အမျိုးသားကျောင်းပညာဝန်တွေ ဘာတွေဖြစ်တော့၊ ဟို တော်တော်လေးပဲ ကျနော်တို့က၊ အဲဒီချိန်ခါက၊ အမျိုးသားရေးနဲ့ ပတ်သက်လို့ တော်တော်လေး မျိုးချစ်စိတ်ထက်သန်ဘို့  စပြီးတော့ ဒီလို ဟို၊ ကျနော်တို့ စိတ်ဓါတ်တက်ကြွ အောင် သင်ကြားပေးတဲ့ ကျောင်းပေါ့လေ။ အဲဒီမှာ ဘာတွေ ထူးခြားလာလည်းဆိုတော့၊ ကျောင်းမှာက ကျနော်တို့ ကျောင်းသားသမဂ္ဂ ရှိတယ်။ ပုသိမ်မြို့ လုံးဆိုင်ရာကျောင်းသား သမဂ္ဂ ပေါ့လေ။ အဲဒီမှာ ကျောင်းသားကိစ္စတွေနဲ့  လှုပ်ရှားမှုတွေ ရှိကြတော့၊ အဲဒီမှာ လှုပ်ရှားမှုတွေထဲမှာပဲ ကျနော်တို့ ပါကြ ၀င်ကြ လုပ်ကြရတာပေါ့ဗျာ။ ဒီဟာတွေက စိတ်ဓါတ်တွေ က တက်ကြွနေတဲ့ သဘောတွေရှိတယ်ဗျ။
ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ အန်ကယ်၊ ဟုတ်ကဲ့၊ အဲဒီတော့ အကုန်လုံးကိုခြုံငုံပြီး ကြည့်လိုက်မယ်ဆိုရင်၊ ဗိုလ်သင်တန်းကျောင်းကို အန်ကယ် အခုလိုမျိုးတက်ဖြစ်သွားတဲ့ အဓိကစေ့ ဆော်ချက်က၊ ကိုယ်ကြီးပွါးဘို့ လား၊ ကိုယ်စစ်ဗိုလ်ဖြစ်ရင် နေရာကောင်းရမယ်/ရာထူးရမယ် အဲဒီလို ရည်ရွယ်ချက်နဲ့လား။
ဗိုလ်ချုပ်ကြီးတင်ဦး။ ။ ဟာ ။ ဘယ်၊ အဲဒါမျိုးတွေ ဘယ်တော့မှ ခေါင်းထဲ မရောက်ဘူး ဗျ။ ဘယ်တော့မှ ခေါင်းထဲ မရောက်ဘူး။ ဒီ ကျနော်တို့ တပ်ထဲဝင်မယ်။ နောက်ပြီးတော့ ကျနော်တို့  တပ်မတော်မှာ တာဝန်ထမ်းဆောင်မယ်၊ နောက်ပြီးတော့ အမိဗမာနိုင်ငံအတွက် လုပ်မယ်၊ ဒီလိုနဲ့ ကျောင်းသားတွေ စိတ်ဓါတ်နဲ့ ပါတာဘဲ။ နောက်ပြီးတော့ ဟို ကျောင်း ရောက်တော၊့ ဗိုလ်သင်တန်းကျောင်းရောက်တော့လည်းဘ၊ဲ ဥပမာဆိုလို့ရှိရင် ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်ကလည်း၊ ကျနော်တို့  စစ်သေနာပတိအနေနဲ့ ကျောင်းကိုလာလာပြီး တော့ စိတ်ဓါတ်ရေးရာနဲ့ပတ်သက်လို့ ဟောတယ်ပြောတယ်ဗျ။ ဟောတဲ့ပြောတဲ့ထဲမှာ သူပြောနေတာ အမြဲတမ်းပြောတာက၊ ငါပေးနိုင်တာက မင်းတို့ကို (ဟုတ်လား) စားဖို့သောက် ဖို့ဆိုရင်ပေါ့။ ငါ့အနေနဲ့ ခု ကျောက်ခဲသလဲပဲ ပေးနိုင်မယ်ပေါ့။ ဒါမျိုးတွေ ပေါ့လေ။ နောက်တစ်ခုက၊ ဒီ၊ တပ်မတော်ထဲမှာ ကျနော်တို့ ဒီ စစ်သည် ကောင်းဖြစ်ဖို့ဆိုတဲ့ ဟာတွေ နဲ့ ပတ်သက်ပြီးတော့ရယ်၊ နောက်၊ နိုင်ငံတော်နဲ့ ပတ်သက်တဲ့ ရှေ့ ကျနော်တို့တည်ဆောက်ရမယ့် ကိစ္စအပိုင်းတွေမှာ၊ လွတ်လပ်ရေးရပြီးရင် ဘယ်လိုတည်ဆောက်မယ်၊ စသည်ဖြင့် ဒါ တွေကို ဟောတဲ့ပြောတဲ့အခါမှာ၊ အင်မတန်တက်ကြွတယ်။ နောက်ပြီးတော့ သင်တန်းဆရာတွေကိုယ်တိုင်ကလည်းပဲ ကျနော်တို့၊ ဒီ၊ ကျနော်တို့ တပ်စုမှူးတွေဘာတွေက ပြီးခဲ့တဲ့ သင်တန်းပတ် ပထမပတ် ၊ ဒုတိယပတ် ဆင်းတဲ့သူတွေ။ အဲဒီလို စိတ်ဓာတ်တွေနဲ့ ပြောဟောနေတာတွေက နေ့ တိုင်းလိုဘဲ။ ပင်ပန်းတာကတော့၊ တကယ်ပင်ပန်းတယ်ဗျ။ ကျနော့် အသက်အရွယ်နဲ့။ ကျနော် အဲဒီတုံးက (၁၆)နှစ်ပြည့်ပြီးခါစ၊ (၁၇)နှစ်ထဲမှာဆိုတော့ အရမ်းပင်ပန်းတယ်။ နောက်ပြီးတော့၊ သူတို့ လက်နက်ကြီးတွေ စက်သေနတ်ကြီးတွေ ဘာတွေနဲ့ ။ ဒါပေမယ့်လို့ ပျော်တယ်ဗျ။ ပျော်တာကိုက အမိဗမာနိုင်ငံတွက် ရည်မှန်းချက်ကြီးကရှိနေလို့၊ ပျော်တယ်ဗျ။ သိပ်ပျော်တာပဲ။
ဦးရော်နီညိမ်း။ ။အန်ကယ်တို့ ဒီ တပ်မတော်ထဲကို ၀င်တဲ့သူအပိုင်းမှာရော၊ နောက် အန်ကယ်တို့ကို လေ့ကျင့်ပျိုးထောင်ပေးတဲ့ ဗိုလ်သင်တန်းကျောင်းကရော၊ ရည်ရွယ်ချက်က ကိုယ်ကျိုးမဘက် တိုင်းပြည် အတွက်လုပ်ဖို့ သက်သက်ဘဲ။ ဒါပေမယ့်၊ ဟုတ်ကဲ့၊ ဟုတ်ကဲ့။
ဗိုလ်ချုပ်ကြီးတင်ဦး။ ။ သေချာတယ်၊ သေချာတယ်။ ဒါ ရာခိုင်နှုန်းအပြည့်။ ရာခိုင်နှုန်းအပြည့်၊ အဲ့ဒီ စိတ်ဓါတ်က၊ အဲ့ဒီ စိတ်ဓါတ်က၊ အဲ့ဒီ စိတ်ဓါတ်က၊ ဒီဘက်အထိ ပါလာတာဗျ။ ကျနော်တို့က။
ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ အန်ကယ်၊ ကျနော်ထပ်သိချင်တာက၊ ၁၉၅၇ခုနှစ်မှာ အန်ကယ်ကိုယ်တိုင် ဗိုလ်သင်တန်းကျောင်းအုပ်ကြီး ဖြစ်တယ်။ အဲဒီတုံးက အန်ကယ် အသက်(၃၀) ဘဲ ရှိသေးတယ်။ အဲဒီတော့ အန်ကယ်ကိုယ်တိုင် ဒုဗိုလ်မှူးကြီးအနေနဲ့ ဒီ ဗိုလ်သင်တန်းကျောင်းအုပ်ကြီး ဖြစ်တဲ့အချိန်မှာ၊ အန်ကယ် မွေးထုတ်မယ်ဆိုတဲ့ ဒီ ဗိုလ်သင်တန်းအပတ်စဉ် တွေအပေါ်မှာရော၊ အန်ကယ် ဘယ်လို စေတနာမျိုး၊ ဘယ်လို တိုင်းပြည်အတွက် ရည်ရွယ်ချက်မျိုး၊ အန်ကယ် ထားရှိခဲ့ပါသလဲ။
ဗိုလ်ချုပ်ကြီးတင်ဦး။ ။ ဟို ကျနော်တို့ အရာရှိတွေဟာ၊ သူတို့ရဲ့ မူလတာဝန်ဖြစ်တ၊ဲ့ ဒီ ကျနော်တို့၊ စစ်ပညာကို ကောင်းစွာသင်ပြီးတဲ့နောက် ပေါ့လေ၊ ကျနော်တို့ရဲ့ အမိနိုင်ငံ တော်ကြီးရဲ့ အန္တရာယ် ရန်စွယ် မှန်သမျှကို၊ ၀န်ထမ်းကောင်းပီပီ တစ်ယေက်အနေနဲ့ တခါထဲ၊ တာဝန်ကျေပွန်အောင် ကျနော်တို့၊ စစ်မြေပြင်မှာဖြစ်ဖြစ်၊ စစ်မြေပြင်မဟုတ်တဲ့ နေရာမှာ ဖြစ်ဖြစ်ပေါ့လေ၊ ပြည်သူလူထုရဲ့ ကြည်ညိုမှုရအောင်၊ နောက်ပြီးတော့ ပြည်သူနဲ့ ဆက်ဆံတဲ့အခါမှာ တသားတည်းဖြစ်အောင်၊ အဲ၊ ဒါတွေကို ကျနော်တို့တတ်နိုင်သမျှ ပြောဟောပြီး တော့ ပို့ချတာပဲဗျ။
ဦးရော်နီညိမ်း။ ။အန်ကယ် ခု ရှင်းပြတဲ့အတိုင်း၊ ကျနော်၊ ကျနော်၊ နားလည်သဘောပေါက်တာက၊ အန်ကယ်တို့ အဲ့ဒီတုန်းကဆို၊ ကျနော်တို့  တပ်မတော်အရာရှိ စစ်သားအားလုံးက ဒါ ပြည်သူလူထုကိုဦးထိပ်ထားတယ် ဆိုတဲ့ဟာကို ညွှန်ပြနေတာပေါ့နော်။ (ဗိုလ်ချုပ်ကြီးတင်ဦး။ ။ဒီ သဘောဘဲ၊ ဟုတ်တယ်) အန်ကယ့်ပြောချက် အရ။ ဒီ အခုခေတ် တပ်မတော် ဗိုလ်သင်တန်း ကျောင်းတွေက မွေးထုတ်လိုက်တဲ့ အရာရှိတွေကျတော့၊ သူတို့  မှာက၊ ခုနတုံးက သူတို့ ကို၊ ဒီလိုမျိုး စစ်ဗိုလ်ဖြစ်လာအောင်က၊ ဒီ၊ အပေါ်က အာဏာရှင်စနစ်က လုပ် ပေးတာဆိုတော့၊ ဒီစနစ်ကိုပဲ သူတို့က၊ ဒီ၊ သစ္စာရှိရမယ်ဆိုတဲ့ ဟာကလဲ၊ သူတို့ မှာ၊ ရိုက်သွင်းခံနေရတယ်။ နောက်တစ်ခုက (ဗိုလ်ချုပ်ကြီးတင်ဦး။ ။ဒါက ဒီလိုကိုး ဗျ။) ကျနော် အန်ကယ်တို့ခေတ်က ဗိုလ်သင်တန်းကျောင်းကဆင်းတဲ့ အရာရှိကြီးတွေဆီက၊ ကျနော် ကြားဖူးတာရှိတယ်။ အန်ကယ်တို့၊ ဒီမိုကရေစီအရေးကို ကာကွယ်စောင့်ရှောက်ရမယ် ဆိုတာ လည်းဘဲ၊ ဒီ၊ ဗိုလ်သင်တန်းကျောင်း တွေမှာ၊ ကျနော့်ကို ပြောတာတော့၊ စစ်တက္ကသိုလ်အပတ်စဉ်(၁)က ဗိုလ်ကြီးဟောင်းခင်မောင်ညွန့်က ပြောတာ။ သူတို့မှာ အဲဒါ ရှိခဲ့တယ်တဲ့။ အဲဒါက ကွာတာပေါ့နော်။ အန်ကယ်ကိုယ်တိုင် ဗိုလ်သင်တန်းကျောင်းအုပ်ကြီးဖြစ်ခဲ့တော့၊ အဲဒါလေး၊ ကျနော် သိချင်ပါတယ်။
ဗိုလ်ချုပ်ကြီးတင်ဦး။ ။ဟုတ်တယ်၊ ဟုတ်တယ်၊ ဟုတ်တယ်။ ဟို၊ ခုနပြောသလို ဗိုလ်မှူးခင်မောင်ညွန့် တို့ခေတ်တုံးကလည်း၊ ဟုတ်တယ်။ အဲဒါ သင်ကြားပို့ချနေတဲ့ အချိန်မှာ လည်းဘဲ၊ ကျနော်တို့၊ တိုင်းပြည်အတွက် အရာရှိဖြစ်ခဲ့လို့ရှိရင်၊ ဒီအရာရှိဟာ၊ တပ်မှူးကောင်းတစ်ယောက်အနေနဲ့၊ ဒါကို၊ ကျနော်တို့၊ တိုင်းပြည်ကို ဘယ်လိုကာကွယ်မလဲဆိုတဲ့ ဟာကိုဘဲ၊ အာရုံထည့်ပြီးသင်ပေးတာ။ နောက်တစ်ခုက ဒီ၊ Slogan ကိုက၊ ပြောင်းသွားတယ်လေ။ Slogan က၊ ဒီကြွေးကြော်သံက၊ သူတို့က၊ ဟို၊ “တပ်မတော်သည် အမိ၊ တပ်မ တော်သည် အဖ” ဆိုပြီး လုပ်တာကိုးဗျ။ အမှန်ကတော့ “ပြည်သူသည် အမိ ၊ ပြည်သူသည် အဖ” ဘဲဟာ။ ဟို၊ ပြည်သူလူထုရဲ့ အခန်းက သိပ်ကြီးမားတယ် ဗျ။
ဦးရော်နီညိမ်း။ ။ နောက်တစ်ပတ်၊ ဧပြီလ(၄)ရက်၊ တနင်္ဂနွေနေ့မနက်မှာ၊ အငြိမ်းစားဗိုလ်ချုပ်ကြီး သူရဦးတင်ဦးရဲ့ “ပြည်သူသာ အမိ ၊ ပြည်သူသာ အဖ” ဆိုတဲ့၊ ပြည်သူကို ဦးထိပ် ထားခဲ့တဲ့ ဗမာ့တပ်မတော်ခေတ်အကြောင်း၊ ပြောစကားတွေကို ဆက်ပြီး တင်ဆက်ပေးမှာ ဖြစ်ပါတယ်။ စောင့်မျှော် နားဆင်ကြပါ ခင်ဗျာ။ ကျနော်၊ ရော်နီညိမ်းပါ။