သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အငြိမ်းစားဗိုလ်ချုပ်ကြီး သူရဦးတင်ဦး (အပိုင်း - ၂)


ဦးရော်နီညိမ်း။ ။ ပြီးခဲ့တဲ့ မတ်လ(၂၇)ရက်နဲ့(၂၈)ရက်နေ့တွေမှာ၊ VOA မြန်မာပိုင်းက ထုတ်လွှင့်သွားခဲ့တဲ့ “တပ်မှူးတပ်သား ပြောစကား” အပတ်စဉ်ကဏ္ဍအသစ်မှာ၊ မြန်မာ့တပ်မ တော်ရဲ့ ကာကွယ်ရေးဦးစီးချုပ်ဟောင်း အငြိမ်းစားဗိုလ်ချုပ်ကြီးသူရဦးတင်ဦးက၊ ဒီကနေ့ မြန်မာ့တပ်မတော်ရဲ့ ဆောင်ပုဒ်ဟာ “တပ်မတော်သာအမိ တပ်မတော်သာအဖ” ဖြစ်နေပုံနဲ့၊ သူ ဖြတ်သန်းခဲ့တဲ့ “ပြည်သူသာ အမိ ပြည်သူသာ အဖ ” ပြည်သူကိုဦးထိပ်ထားခဲ့တဲ့ တပ်မတော်အကြောင်း၊ နိဒါန်းပျိုး ပြောကြားခဲ့ပါတယ်။ ၁၉၄၈ခုနှစ် လွတ်လပ်ရေးရပြီးတဲ့နောက်၊ ဗမာ့တပ်မတော်ရဲ့အကြီးအကဲဟာ ကာကွယ်ရေးဦးစီးချုပ်ဖြစ်ပေမယ့် ၊ ပြည်သူ့ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပါလီမန်လွှတ်တော်က ကာကွယ်ရေးဝန်ကြီးဌာနအတွက်၊ Parliamentary Secretary ခေါ် ပါလီမန်အတွင်းဝန်တစ်ယောက်၊ တခါ အစိုးရဝန်ကြီးအဖွဲ့(Cabinet)ကလည်း၊ အတွင်းဝန်တစ်ယောက်၊ စုစုပေါင်း အတွင်းဝန်(Secretary) နှစ် ယောက် ခန့်အပ်ထားရှိပြီးတော့၊ ကာကွယ်ရေးဦးစီးချုပ်ရဲ ့ အထက်ကနေ ဗမာ့တပ်မတော်ကြီးကို ထိန်းကွပ်သွားပုံတွေကို၊ အငြိမ်းစားဗိုလ်ချုပ်ကြီး သူရဦးတင်ဦးက အခုလို ဆက် လက်ပြောပြပါတယ်။

ဗိုလ်ချုပ်ကြီးတင်ဦး။ ။ တစ်ယာက်က Parliamentary Secretary for Defence ၊ မြန်အောင်သခင်ချစ်မောင် ဗျ။ ဒါ တစ်ယောက်၊ နောက်တစ်ယောက်က Secretary of Defence ။ ဒါက၊ ကျနော်တို့ Cabinet က လာ တာ။ Defence Secretary က ဦးမောင်မောင် ဗျ။ ဒီ နှစ်ယောက်က၊ ကျနော်တို့ တပ်မတော်ကြီး နဲ့ပတ်သက်တဲ့ အုပ်ချုပ်စီမံရ မယ့် အပိုင်းတွေမှာ၊ လူဖြစ်စေ ငွေဖြစ်စေ ပစ္စည်းဖြစ်စေ ဘာဖြစ်စေ၊ နိုင်ငံတော်နဲ့ပတ်သက်တဲ့ ပြည်သူလူထုတွေဆီက Tax နဲ့၊ အခွန်နဲ့၊ ကျနော်တို့၊ ဒါ တပ်မတော် ဖွဲ့ထားတာဖြစ် တဲ့အတွက်၊ တပ်မတော်လည်း အကျိုုးရှိရာရှိကြောင်း၊ ပြည်သူလူထုနဲ့ ပတ်သက်တဲ့ အခွန်ကြေးငွေကိုလည်း၊ ကျနော်တို့၊ ချွေတာရာချွေတာကြောင်း တော်တော်လေး ထိန်းထိန်း သိမ်းသိမ်းနဲ့ လုပ်တဲ့အတွက်၊ တပ်မတော်မှာ၊ တခါထဲ၊ ငွေရေးကြေးရေးပိုင်း၊ အတော်လေး စီစီစစ်စစ် လုပ်တယ်။ Defence Secretary က သိပ်စစ်တာ။ သူတို့က တကယ့်ကို တော်ပြီးတော့၊ သိပ်နားလည်တယ်။ ဟို ငွေရေးကြေးရေးကိစ္စနဲ့ပတ်သက်လို့၊ ဘယ်လိုမှ ကျနော်တို့က လှည့်စားလို့မရဘူး။ သူတို့ မပေးဘူးဆို၊ မပေးဘူး။ ဒါဘဲ။ Parliamentary Secretary က ဒု-ဝန်ကြီး ဗျ။ Defence ကို လာပြီး ကွပ်ကဲတာဘဲ။ မရဘူး။ သူ့ကိုလည်း ဟိုအပေါ်က၊ Cabinet ကနေပြီးတော့ သူ့ကို၊ ဟုတ်လား၊ ထိန်းထားတာ။ ဟို ကျနော် တို့ ဟိုဒင်းပေါ့။ Cabinet အတွင်းဝန်ချုပ်ပေါ့ ဗျာ။ အတွင်းဝန်ချုပ်အောက်မှာ သူ (ဦးမောင်မောင်)က၊ ဒီ Defence နဲ့ပတ်သက်လို့ တာဝန်ခံရတော့၊ ဟိုကလည်း တကယ့်ကို ထိန်း ထားတာ၊ ဟုတ်လား၊ မရဘူး ။ ဟို အတွင်းဝန်ချုပ် ဦးရွှေမရ တို့၊ ဘာတို့ဆိုတာ အင်မတန် နံမည်ကြီးတွေ၊ ဒါက တစ်ပိုင်း။ ဟိုဘက်က Parliamentary Secretary ဆိုတာက၊ တပ်မတော်နဲ့ပတ်သက်တဲ့၊ ပြည်သူလူထုကို ဆက်ဆံတဲ့အပိုင်းမှာ၊ နော်၊ ဒီ ပြည်သူလူထုတွေဟာ အဓိက အင်အားစု၊ ခေါင်းဆောင်မှုရှိတယ် ဆိုတာကို၊ သဘောပေါက်အောင် ဆိုပြီး တော့ ထားတဲ့အဖွဲ့။

ဦးရော်နီညိမ်း။ ။ အသက်(၂၇)နှစ်အရွယ်မှာ၊ ဒုတိယဗိုလ်မှူးကြီးအဆင့်နဲ့ တပ်ရင်းမှူးဖြစ်ခဲ့တဲ့ ဦးတင်ဦးဟာ၊ နွားတစ်ကောင်ကို သတ်မိတဲ့အတွက်၊ ပါလီမန်လွှတ်တော်အထိ သွား ရောက်ဖြေရှင်းခဲ့ရပုံတွေကို အခုလို ဆက်ပြီး ပြောပါတယ်။

ဗိုလ်ချုပ်ကြီးတင်ဦး။ ။ ကျနော် ပြောပြမယ်။ အတွေ့အကြုံတစ်ခု နော်။ ကျနော် တပ်ရင်းမှူးဘဝတုံးက၊ ကျနော်လည်း တပ်ရင်းမှူးငယ်ငယ်နဲ့ဆိုတော့ ဒုဗိုလ်မှူးကြီး ဆိုတော့၊ လျှမ်း လျှမ်းတက်ပေါ့ ဗျာ။ သိပ်တက်ကြွ တာပေါ့၊ နော်။ တက်ကြွနေတော့၊ မန္တလေးမှာ ဘယ်လိုဖြစ်လဲဆိုတော့၊ ကျနော်က ကျနော့်တပ်ကြီးကို မန္တလေးတောင်ခြေမှာ လှလှပပထားတယ်ဗျ။ ဥပမာပေါ့ ဗျာ။ ခြံကို အကာနဲ့အရံနဲ့၊ နောက်ပြီးတော့ မီးဘေးအတားအဆီးနဲ့၊ နောက်ပြီးတော့ ကျနော်တို့ ဒီ ဆိုင်းဘုတ်တို့ဘာတို့ထားတာပြုတာတွေက။ အဲဒီမှာ၊ ကျနော်တို့တပ် ရဲ့ ဘေးမှာ၊ ဟို ကျနော်တို့၊ ဗတလစ(ဗမာနိုင်ငံလုံးဆိုင်ရာ တောင်သူ လယ်သမားအစည်းအရုံး) ပေါ့ဗျာ။ ဗမာနိုင်ငံတောင်သူလယ်သမားအစည်းအရုံး ပေါ့။ အဲတော့ သူတို့က၊ အဲဒီ မှာက သူတို့နွားတွေက လယ်သမားတွေ နွားတွေပေါ့ ဗျာ။ ကျနော်တို့၊ နွားကျောင်းတာတွေ ရှိတယ် ဗျ။ နွားတွေက တခါတရံမှာ ဟို စားကျက်ကနေ လွတ်လွတ်ပြီးတော့လာရင်းနဲ့၊ တပ်ထဲဝင်ပြီးတော့ စားရင်းနဲ့ ဟိုတိုးဒီတိုးနဲ့၊ အဲဒီတော့၊ ဆိုင်းဘုတ်တွေပြုတ်၊ ဘာတွေ ပြုတ်နဲ့ ပေါ့။ အဲလို ဖြစ်တော့၊ အဲဒါနဲ့ ကျနော် သူတို့ကို ပြောခဲ့တယ်၊ မထိန်းရင်နော၊် ခင်ဗျား တို့ နွားကို ကျနော် သတ်စားမှာလို့၊ ကျနော်က ပြောတာ။ အဲဒါနဲ့ နောက်တစ်ခါကျတော့ နွားက လာစားတယ်ပေါ့ဗျာ။ လာစားတော့ အဲဒီမှာ နွားသတ်ပြီးတော့ တပ်ရင်းမှာ ဖွယ်ဖွယ် ရာရာ လုပ်စားပစ်လိုက်တာပေါ့ ။ ဒါပေမဲ့ ဗတလစက၊ သူ၊ ဘယ်နေမလဲဗျ။ သူက၊ သူက တိုင်တာပေါ့ ဗျ။ သူ့ရဲ ့အစည်းအရုံးတွေ ဘာတွေ အနေနဲ့ တိုင်တာပေါ့ ။ တိုင်တော့၊ ရန်ကုန်က ကျနော်တို့ စစ်ရုံးက ကြားတာပေါ့ ဗျာ ။ ကြားတော့ အဲဒီမှာ ပါလီမန်မှာလည်း မေးခွန်း ဘာတွေ ဖြစ်တာပေါ့။ ဒီလိုဘဲ၊ မန္တလေးမှာ ရှိနေတဲ့တပ်က၊ တပ်ရင်း(၁)၊ အဲဒီက တပ်ရင်းမှူးကနေ ပြီးတော့ အဲဒီမှာ သူတို့ နွားကို သတ်စားပြီးတော့ ပိုက်ဆံလည်း မပေးဘူးပေါ့ဗျာ။ ဒါဟာ ကျနော်တို့ သိပါသလားပေါ့ ။ ဒါကို သိရင်၊ ဘယ်လို အရေးယူထားသလဲ ပေါ့။ မေးတဲ့အခါကျတော့။

ဦးရော်နီညိမ်း။ ။ အဲဒါ ပါလီမန်ထဲထိရောက်သလား အန်ကယ်၊ ပါလီမန်ထဲကို။

ဗိုလ်ချုပ်ကြီးတင်ဦး။ ။ ရောက်တာပေါ့။ ဒါမျိုးကျတော့ star question ကျတော့ကာ၊ ရောက်တာပေါ့။ ကျနော့်ဆီတော့၊ ဒါ၊ Parliamentary Secretary ကခေါ်တယ်။ လာပါဆို တော့၊ ဟို၊ မြန်အောင်သခင်ချစ်မောင်။ အဲဒီတော့ အဲဒါ သူ့ဆီသွားရတာပေါ့။ ကျနော့်ကို ကြိမ်းတာဘဲဗျ ။ လုပ်သင့်လုပ်ထိုက်တာလည်း မဟုတ်ဘူး၊ မင်းတို့ဥစ္စာက သိပ်ပြီးတော့ တရားလွန်တယ်ပေါ့။ ဒီလိုမလုပ်ရဘူး ဒါနဲ့ ပတ်သက်လို့ ဘယ်လို ပြေပြေလည်လည် လုပ်ရမယ်။ အဲဒီတော့ လုပ်ပုံလုပ်နည်း မင်း မှားတယ်လို့၊ ကျနော့်ကို ထိုက်သင့်အားလျော်စွာ၊ ဟို၊ ကြိမ်းမောင်းဆူပူတာတွေ ခံရတယ်ဗျ။ ရဲဘော်ရဲဘက်စိတ်နဲ့ပြောတာဘဲ။ ဒါပေမဲ့ ပြောတဲ့အခါမှာ၊ သူတို့က ဒီ၊ ပြည်သူလူထုရဲ့ နစ်နာမှုက ဘယ်လိုဖြစ်တယ်ဆိုတာ အပေါ် မူ တည်ပြီးတော့၊ မင်းတို့ ကိုယ်တိုင်ကပင်လျှင် ပြည်သူပြည်သား ဖြစ်တယ်၊ ဒါကြောင့်မို့လို့ ပြည်သူပြည်သားဖြစ်တဲ့အတွက်၊ နော်၊ အရပ်ဘက်စည်းကမ်းကို ချိုးဖောက်လို့မရဘူး။ မင်း တို့က၊ တပ်မတော်စည်းကမ်းလည်း ထိန်းရမယ်။ အရပ်ဘက်ရဲ့ ဓလေ့ထုံးတမ်းအစဉ်အလာကိုလည်း ရိုသေရမယ်။ ဒါမျိုးတွေ သင်တာဗျ။ အဓိပ္ပါယ်က ကျနော့်ကို ကာကွယ်ရေးဦးစီး ချုပ်က ပြောလည်း ရတာဘဲ လေ။ ကာကွယ်ရေးဦးစီးချုပ်ကလည်း၊ ဟို၊ ပြောတော့ပြောတာပေါ့။ ဒါပေမယ့် Parliamentary Secretary က၊ သူတို့ရဲ့ ဒီ ကျနော်တို့ ပြည်သူ့ဆန္ဒနဲ့စိုးမိုးတဲ့ပုဂ္ဂိုလ်က Defence ရဲ ့၊ ကျနော်တို့၊ Parliamentary Secretary ဖြစ်တော့၊ အဲ၊ သူကပြောဘို့တာဝန်ရှိ တော့၊ ကျနော့်ကို ခေါ်ပြောတာပေါ့ ဗျ။ အဲဒီတော့ ဒီလိုဟာမျိုးတွေ ရှိတယ်လေ။ အဒီဲတော့ ကျနော်ကလည်း၊ ဒီလိုပြောတယ်ဆိုတော့၊ နောင်တော့ ဘယ်လုပ်ရဲမလဲ ဗျ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ အန်ကယ်၊ အဲဒီတော့လေ။ ဒီကနေ့ခေတ်နဲ့ ပြန်ကြည့်ရင်၊ ကျနော်တို့၊ တပ်မတော်ကနေပြီးတော့၊ တပ်ရင်းမှူးတစ်ယောက်ရဲ့အမိန်နဲ့ နွားတစ်ကောင်ကို သတ်စားတာဟာ၊ ပါလီမန်ထဲထိ လွှတ်တော်ထဲထိ တက်ပြီး ဖြေရှင်းရတယ်ဆိုတာ၊ အခုခေတ် တပ်မတော်သားတွေ၊ ယုံချင်မှတောင် ယုံမယ်၊ အန်ကယ်။ အဲဒီတော့၊ အဲ့ဒီ့ စနစ်က ဘယ်လို၊ ဘယ်လို၊ ကွာခြားတယ် ဆိုတာ။

ဗိုလ်ချုပ်ကြီးတင်ဦး။ ။ ဒါပေါ့။ စနစ် ကွာခြားတာပေါ့ ဗျာ။ ကျနော် ဘယ်လုပ်ရဲတော့မလဲ။ ကျနော်တို့တင် ပြောတာမဟုတ်ဘူး။ လယ်သမားအစည်းအရုံးကလည်း သူတို့ကို ပြော တယ်။ မင်းတို့ဘက်ကလည်းဘ၊ဲ ဒါနဲ့ပတ်သက်တာအားလုံးကို သူ့ တပ်ဝင်းအတိုင်းဘဲ၊ သူ လုံခြုံရေးယူထားတဲ့ အနေအထားမှာ မင်းတို့နွားတွေလည်း မင်းတို့ထိန်းဦးပေါ့။ ဘယ် မင်းတို့က ဒီလိုနဲ့ တခါထဲ၊ ဝင်ချင်တိုင်းဝင်ပြီး လုပ်ချင်တိုင်း လုပ်နေတယ်ဆိုတော့လည်း၊ သူတို့ကလည်း၊ ဘယ်ခံမလဲ။ ဘယ်ကြိုက်မလဲ။ သူတို့ ကလည်း လုံခြုံရေးနဲ့ ပတ်သက် လို့ ကြည့်ရရှုရတာတွေ ရှိမှာပေါ့ ။ သူတို့ဘက်ကလည်း အတားအဆီး ဖြစ်သွားတယ် လေ။ ကျနော်တို့ဘက်ကလည်းဘဲ၊ ဒီဟာနဲ့ပတ်သက်တာ စည်းကမ်းထိန်းသိမ်းဘို့ ဖြစ်သွား တယ်လေ။ ဆိုတော့၊ ကောင်းသွားတာပေါ့။ အဲဒီလိုဟာမျိုးတွေက ရှိတယ်လေ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ခင်ဗျ။ အန်ကယ်။ ဟုတ်ကဲ့။

ဗိုလ်ချုပ်ကြီးတင်ဦး။ ။ နောက်တစ်ခု ပြောပြဦးမယ်ဗျ။ ပြည်သူလူထုရဲ့ စိုးမိုးမှုက၊ ဘယ်လောက် ထက်သန်လဲဆိုတာ၊ ကျနော် ပြောပြမယ်။

ဦးရော်နီညိမ်း။ ။ တစ်ခါ၊ ရာထူးအရှိန်အဝါပေါ်မှာ ဝင့်ဝါပြီး၊ တပ်မတော်အရာရှိတစ်ဦးအနေနဲ့ အမှတ်မထင် လုပ်ဆောင်ခဲ့မှုအပေါ် ပြည်သူလူထုကို အကာအကွယ်ပေးထားတဲ့ ဥပဒေ လုပ်ထုံးလုပ်နည်းတွေနဲ့ သူအရေးယူခံခဲ့ရပုံကိုလည်း၊ အငြိမ်းစားဗိုလ်ချုပ်ကြီး သူရဦးတင်ဦးက အခုလို နောက်ထပ် အတွေ့အကြုံတစ်ခုကို ပြောပြပါတယ်။

ဗိုလ်ချုပ်ကြီးတင်ဦး။ ။ ပေါက်မြို့မှာ ကျနော်က တပ်ခွဲမှူးဆိုတော့ ဗိုလ်ကြီးပေါ့ ဗျာ။ အဒီဲတော့ တစ်နေ့ကျတော့၊ ကျနော့်ဆီ ကို ကြေးနန်းဝင်လာတယ် ဗျ။ ကျနော့်ကို ဗိုလ်မှူးအဖြစ် ခန့်အပ်လိုက်တယ်။ အဲဒီတပ်ရင်းမှာပဲ ဒု တပ်ရင်းမှူးနဲ့၊ ဗိုလ်မှူးအဖြစ် တာဝန်ခန့်လိုက်တယ်။ အခုမင်းက ပေါက်မြို့မှာတာဝန်ထမ်းဆောင် နေတဲ့အတွက်၊ မင်း အမြန်ဆုံး မင်းတပ် ရင်းရှိတဲ့ မန္တလေးကို သတင်းပို့ ဆိုတဲ့ အမိန့်စာက ရောက်လာတယ် ဗျ။ ရောက်လာတော့။ ကျနော်ကလည်း အဲဒါနဲ့ပတ်သက်ပြီးတော့၊ ပြန်ဘို့အတွက် လေယဉ်ပျံကွင်းတွေဘာတွေ လုပ်တော့၊ လေယဉ်ပျံဆင်းတယ် ဗျ။ လေယဉ်ပျံ ဆင်းလာပြီးတော့၊ ဒီ လေယဉ်ပျံက ရန်ကုန်ကို ပြန်ရမှာ။ ဟို၊ လူတွေ လာခေါ် ရင်းနဲ့ ရန်ကုန်ပြန်ရမှာ။ အဲဒီတော့ ကျနော်က၊ အဲ၊ ကျနော်လည်းလိုက်မယ်၊ ကျနော် မန္တလေးကို ပြန်ရမယ်။ ဒီတော့ ကျနော်လိုက်ပြီးတော့၊ ကျနော့်ကို မိတ္ထီလာမှာ ချပေးပါ။ ပြီးတော့မှ ခင်ဗျား ရန်ကုန်ပြန်ပါ၊ ဒီလို ကျနော်ပြောတော့၊ ဟို လေယဉ်ပျံမောင်းတဲ့ အမောင်းသမားက အမေရိကန် ဗျ။ သူက Mr. Hare တဲ့၊ အဲဒီတော့ သူက ပြောတယ်၊ မင်း ဒီ manifestoလေးကို လက်မှတ်ထိုးလိုက်။ အဲဒီ manifesto အတိုင်းဆို၊ ငါ လေယဉ်ပျံဆင်းပေးမယ်၊ ပြောတော့၊ ကျနော်ကလည်းပဲ ဗျာ။ ချက်ချင်းခန့်လိုက်တဲ့ Major ဆိုတော၊့ သွေးလေးကလည်း နားထင်ရောက်နေတာ့၊ ဒီ manifesto ရေးတာမှာ၊ ကျနော်က ဘယ်လိုတောင် ရေးတယ် အောက်မေ့လဲ။ တစ်ခါထဲကို၊ MAJOR TIN OO ၊ အဲဒါကို၊ Capital Letter နဲ့ရေးတယ် ဗျ။ ပြီးတော့ ကျနော့် ရဲ့ နံပါတ် BC- 3651 ။ အောက်က ထည့်လိုက်သေးတယ် ဗျ။ (Recently Promoted Major) ဆိုပြီးတော့ bracket နဲ့ ထည့်လိုက်သေးတယ်၊ သေချာအောင်လို့ ဆိုပြီး တော့။ လူရည် မလည် တာပေါ့ ဗျာ။ ကျနော့်ကို တင်လာတယ် ဗျ။ ကျနော်ကလည်း လိုက်သွားတော့၊ မိတ္ထီလာမှာ သူ ချပေးတယ်။ ချပြီး လေယဉ်ပျံက ရန်ကုန်ပြန်သွားတယ်။ ဒါပေမယ့်လို့ သူ့ ရဲ့ Schedule က၊ ပေါက်က နေပြီးတော့ ရန်ကုန်၊ တိုက်ရိုက်ပြန်ရမှာကိုး။ ကျနော်က မိတ္ထီလာကို ဆင်းခိုင်းတဲ့ Order ပေးလိုက်တဲ့အတွက်၊ ဟိုကနေပြီးတော့ ဘာပြောလဲဆိုတော့၊ ဒီလေယဉ်ပျံဟာ ရန်ကုန်ပြန်ရောက်ပြီးရင်၊ ထားဝယ်ကို တစ်ခေါက်သွားတဲ့ သယ်ရမယ့် လေယဉ်ပျံ။ အဲဒီတော့ ထားဝယ်ကို မသွားဖြစ်လိုက်တဲ့ အတွက်ကြောင့်မို့လို့ ၊ မိတ္ထီလာကို ဆင်းလိုက်တဲ့အတွက်၊ ထားဝယ်ကို သွားဖို့အတွက် နောက်ကျလိုက်တဲ့ အတွက်ကြောင့်မို့လို့၊ ဒီသွားရတဲ့ဟာနဲ့ ရရမယ့် ဝင်ငွေဟာ၊ သူတို့ရဲ့ ၊ ဒီ ကျနော်တို့၊ ဌာနက ထိခိုက်ပါ တယ်။ ဒါကို သက်ဆိုင်ရာတွေ၊ အမိန့်ပေးတဲ့ အရာရှိကို အရေးယူပေးပါလို့ လာတယ် ဗျ။

ဦးရော်နီညိမ်း။ ။ အန်ကယ်၊ အဲဒါ အရပ်ဘက်၊ အရပ်ဘက် UBA (Union of Burma Airways) လေယဉ်ပျံ Company ကလား ။

ဗိုလ်ချုပ်ကြီးတင်ဦး။ ။ အရပ်ဘက်UBA လေယဉ်ပျံ။ UBAကို၊ ကျနော်က နေပြီးတော့၊ တခါထဲ၊ မိတ္ထီလာဆင်းခိုင်းတာ။ သူသွားရမယ့် Scheduleက ရန်ကုန်။ ဒါပေမယ့် ကျနော်က တော့၊ ကျနော့်ကိုယ် ကျနော်၊ စစ်ဗိုလ်ပေါ့ ဗျာ ။ တခါထဲ၊ ဗိုလ်မှူးတောင် ဖြစ်နေပြီပဲ။ ဒါနဲ့ပတ်သက်တာက ငါအမိန့်ပေးလို့ရတယ်၊ ဒါ၊ ဆင်းပေးရမှာပေါ့၊ ဗျာ။ အဲ ဟိုကလည်း၊ ဆင်း ပေးမယ်၊ You better sign the manifesto ၊ manifestoကို လက်မှတ်ထိုး။ ကျနော် ထိုးပေးတယ်၊ ခုနလိုပေါ့ ဗျာ။ MAJOR TIN OO၊ BC-3651 Recently Promoted Major တွေဘာတွေ ရေးပေးလိုက်တာပေါ့ ။ အဲဒါနဲ့၊ တခါထဲ၊ ကျနော် တပ်ရောက်ပြီး ၃/၄ ရက်ကြာတော့၊ ရန်ကုန်က ခေါ်တာပဲဗျ။ လာခဲ့ဆိုတော့၊ သွားရတာပေါ့ ဗျာ။ သွားတော့၊ ဟိုရောက် တော့ ဒီလိုဒီလိုပဲဆိုတော့၊ ဟုတ်တယ် မှန်တယ်။ ဟင်၊ မင်းကဘာဖြစ်လို့ ဒီဟာနဲ့ပတ်သက်လို့၊ ဒါကို ဒီလို မိတ္ထီလာဆင်းဖို့ အမိန့်ပေးရတာလဲ။ မင်းက ဘာဖြစ်လို့ အမိန့်ပေးနိုင် တဲ့ အာဏာရှိလို့လဲ။ ခွင့်တောင်းပါဦးလား။ အဆင့်ဆင့် ဌာနတွေကို၊ ငါတို့ကို ခွင့်တောင်း ပြီးမှ လုပ်ပါလား။ မင်း ခွင့်မတောင်းပဲ လုပ်တော့။ အဲဒါနဲ့ ဗျာ။ ဟို တရားတဘောင်ဖြစ်တာ၊ မသိ နားမလည်တဲ့ အရာရှိငယ်တစ်ယောက်အနေနဲ့ ဖြစ်တာမို့ဆို ပြီးတော့၊ ကျနော့်ကိုှဗျာ၊ လခ ဖြတ် တယ်ဗျ။ လခ ဖြတ်တယ်။ တစ်ထောင်ကျော်ကျော်လောက် ဖြတ်လိုက်တယ်။ အဲဒီတော့ ကျနော့် မှာ၊ လစဉ်လေ။ ဟို၊ တစ်လထုတ်တဲ့ လစာထဲက၊ ၁၀၀ ၊ ၁၀၀ အဲဒါ နှိမ်ပြီးမှ၊ အဲဒီ့ UBA ကိုပေးရတယ် ဗျာ။ အဲဒီလို ကျနော်တို့မှာက အုပ်ချုပ်ခံခဲ့ရတယ်။ ကျနော် တို့ လုပ်ချင်တိုင်းလုပ်လို့ မရဘူး ဗျ။ နောက်တစ်ခု၊ ကျနော် ပြောဦးမယ် နော်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ဟုတ်ကဲ့ ။ မိမိစီးလာတဲ့လေယဉ်ကို စစ်ဗိုလ်အရှိန်အဝါသုံးပြီး၊ မိမိ ဆင်းစေလိုတဲ့ မြို့မှာ ဆင်းစေဘို့၊ အမိန့်စာရေးပေးခဲ့ရာက၊ လေကြောင်း Company ကို နစ်နာမှုလျော်ကြေးပေးခဲ့ရပုံတွေကို၊ သတိတရ ပြန်ပြောပြပြီးတဲ့နောက်မှာ၊ နိုင်ငံရေးအရ တိုင်းပြည်အတွက် လုပ်တာဘဲဆိုပြီး၊ စစ်ဗိုလ်အရှိန်အဝါနဲ့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ တရားစီရင်ရေးမှာလည်း ဝင်ရောက်စွက်ဖက်မိလို့၊ ပါလီမန်ဒီမိုကရေစီခေတ်က တရားဥပဒေနဲ့ သူရင်ဆိုင်ခဲ့ရပုံ၊ အငြိမ်းစားဗိုလ်ချုပ်ကြီး သူရဦးတင်ဦး ပြောစကားတွေကို၊ လာမယ့် ဧပြီလ(၁၁)ရက်နေ့ တနင်္ဂနွေနေ့မနက်၊ “တပ်မှူးတပ်သား ပြောစကား” အစီအစဉ်မှာပဲ ဆက်ပြီး ထုတ်လွှင့်သွားမှာ ဖြစ်ပါကြောင်း၊ သတင်းကောင်း ပါးလိုက်ပါတယ် ခင်ဗျာ။ ကျနော် ရော်နီညိမ်း ပါ။

XS
SM
MD
LG