သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နေစွမ်းအင်သုံးလေယာဉ် ကမ္ဘာပတ်ခရီးစဉ်စတင်


ဆွစ်ဇာလန်နိုင်ငံထုတ် နေရောင်ခြည်စွမ်းအင်သုံး လေယာဉ်ဟာ ဒီကနေ့ အစောပိုင်းမှာပဲ Abu Dhabi မြို့ကနေ စတင်ထွက်ခွာသွားပြီး မြန်မာနိုင်ငံ မန္တလေးနိုင်ငံတကာလေဆိပ်ကို မတ်လ ၁၆ ရက် တနင်္လာနေ့မှာ ဆင်းသက်မယ်လို့ မြန်မာပြည်ဆိုင်ရာ ဆွစ်ဇာလန်သံရုံးက ဒီကနေ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

လောင်စာဆီမသုံးတဲ့ ဒီလေယာဉ်နဲ့ ကမ္ဘာပတ်ခရီးကို ပထမဆုံးအကြိမ်သွားနိုင်မယ်လို့ တီထွင်သူတွေက မျှော်လင့်နေကြပါတယ်။

ကာဗွန်ဖိုင်ဗာထိုင်ခုံတလုံးသာပါတဲ့ နေရောင်ခြည်စွမ်းအင်သုံး ဒီ လေယာဉ်ငယ်ရဲ့ အတောင်ပံက၂၃၆ ပေ ရှည်ပြီး ဒါဟာ ဘိုးရင်းအမှတ် 747 လေယာဉ်တောင်ပံထက်တောင် ရှည်ပါတယ်။ လေယာဉ်ရဲ့အလေးချိန်ကတော့ ကားတစီးရဲ့အလေးချိန်လောက်သာ ရှိပါတယ်။

လေယာဉ်အတောင်ပံထဲမှာ နေရောင်ခြည်စွမ်းအင် ဆိုလာဆဲလ်ပေါင်း ၁၇,ဝဝဝ တပ်ဆင်ထားပြီး ဒီဆဲလ်တွေထဲမှာ နေရဲ့စွမ်းအင်ကို သိုလှောင် ထိန်းချုပ်ထားရင်း လေယာဉ်ကို ညဘက်မှာပျံသန်းနိုင်အောင် ဖန်တီးထားတာ ဖြစ်ပါတယ်။

Si2 လို့ နာမည်ပေးထားတဲ့ ဒီလေယာဉ်ကို ၁၂ နှစ်ကြာ အချိန်ယူ တည်ဆောက်ခဲ့ပြီး ဆွစ်ဇာလန်သိပ္ပံပညာရှင် Bertrand Piccard နဲ့ Andre Borschberg တို့ တီထွင်ခဲ့ကြတာပါ။

ဒီ လေယာဉ်ပျံသန်းမယ့် လမ်းကြောင်းအရ အိုမန်၊ အိန္ဒိယ၊ မြန်မာနဲ့ တရုတ်နိုင်ငံတွေမှာ လေယာဉ် ခေတ္တ ဆင်းသက် ရပ်နားမှာဖြစ်ပါတယ်။

ဟာဝိုင်အီကနေတဆင့် ပစိဖိတ်သမုဒ္ဒရာကို ဖြတ်သန်းပြီးရင်တော့ အမေရိကန်ပြည်ထောင်စုက နေရာသုံးခုနဲ့ ရာသီဥတု အခြေအနေပေါ် မူတည်ပြီး နောက်ထပ် နေရာတွေမှာလည်း ရပ်နားသွားမှာ ဖြစ်ပါတယ်။

XS
SM
MD
LG