သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆိုမာလီအကြမ်းဖက်တိုက်ခိုက်မှု ကုလဝန်ထမ်း ၇ ဦးသေ


ဆိုမာလီယာနိုင်ငံမှာ လူ ရ ဦး အနည်းဆုံး သေခဲ့ရတဲ့ ဒီနေ့ ဗုံးခွဲတိုက်ခိုက်မှုကို သူတို့ လက်ချက်လို့ al-Shabab အကြမ်းဖက်အဖွဲ့က ဒီနေ့ ထုတ်ပြောလိုက်ပါတယ်။

ဆိုမာလီယာနိုင်ငံမြောက်ပိုင်း Garowe မြို့မှာ ကုလသမဂ္ဂ ဘတ်စ်ကားတစီးကို အခုလို ဗုံးခွဲအကြမ်းဖက်ခဲ့တာကြောင့် ကုလသမဂ္ဂဝန်ထမ်း ၄ ဦး သေဆုံးခဲ့ရပြီး၊ နောက်ထပ် ၄ ဦးလည်း ပြင်းထန်တဲ့ ဒဏ်ရာတွေ ရခဲ့တယ်လို့ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့က ဆိုပါတယ်။

ဒီသေဆုံးသွားသူတွေထဲမှာ နိုင်ငံခြားသား ၄ ဦး ဆိုမာလီ ၂ ဦးနဲ့ အသေခံ ဗုံးခွဲသမားတဦး ပါတယ်လို့ ဆိုမာလီရဲတွေက ထုတ်ပြောခဲ့ပေမဲ့ ဘယ်နိုင်ငံက နိုင်ငံခြားသားတွေ သေသွားတယ်တော့ မသိရသေးပါဘူး။

ဆိုမာလီယာဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Nick Kay က ဒီကုလသမဂ္ဂ ဝန်ထမ်းတွေအနေနဲ့ တဲခိုခန်းကနေ ရုံးကိုသွားနေတုန်း အခုလို တိုက်ခိုက်ခံခဲ့ရတာဖြစ်တယ်၊ ဒီလုပ်ရပ်ကြောင့် လူတွေသေခဲ့ရတာအတွက် တုန်လှုပ်ခြောက်ခြားခဲ့ရတယ်လို့ ထုတ်ပြောခဲ့ပါတယ်။

တကယ်တော့ ဒီနေ့ ဗုံးခွဲတိုက်ခိုက်မှုဟာ ၃ ရက်အတွင်း ဒီ al-Shabab အဖွဲ့ရဲ့ ၃ ကြိမ်မြောက် နိုင်ငံတကာဝန်ထမ်းတွေကို ဆက်တိုက် သေကျေအောင် တိုက်ခိုက်မှု ဖြစ်ပါတယ်။

တနင်္ဂနွေနေ့တုန်းကလည်း al-Shabab စစ်သွေးကြွတွေအနေနဲ့ပဲ Burundi နိုင်ငံက အာဖရိကသမဂ္ဂ ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင် ၃ ဦးကို နိုင်ငံမြောက်ပိုင်းက Lego မြို့မှာ သတ်ပစ်ခဲ့ပြီး၊ အခြားတပ်သား အများအပြားကိုလည်း ဒဏ်ရာရစေခဲ့ပါတယ်။ အဲ့ဒီတိုက်ခိုက်မှုဟာ သူရဲဘောကြောင်သူတွေရဲ့ ခြုံခိုတိုက်ခိုက်မှုဖြစ်တယ်လို့ အာဖရိကသမဂ္ဂက ဝေဖန်ပြစ်တင်ခဲ့ပါတယ်။

XS
SM
MD
LG