သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ဆိုမာလီမှာ တပ်ဖွဲ့တွေ လျှော့ချရေး ကန်ငြင်းဆို


ဆိုမာလီယာနိုင်ငံ၊ မိုဂါဒစ်ရှူးမြို့ ဗုံးထိမှန်ထားတဲ့ အဆောက်အဦး (ဒီဇင်ဘာ ၂၂၊ ၂၀၁၈)

အမေရိကန်က ဆိုမာလီနိုင်ငံမှာ လုပ်နေတဲ့ သူတို့ရဲ့ စစ်ဆင်ရေးတွေကို လျှော့ချဖို့စီစဉ်နေတယ် ဆိုတဲ့ သတင်းနဲ့ ပတ်သက်ပြီး အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက ငြင်းဆိုလိုက်ပါတယ်။

ဆိုမာလီမှာရှိတဲ့ အမေရိကန်စစ်ဆင်ရေးလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး လတ်တလောမှာ မူဝါဒ အပြောင်းအလဲ မရှိဘူးလို့ အမေရိကန်ပင်တာဂွန်စစ်ဌာနချုပ်ပြောခွင့်ရ ရေတပ်တပ်မှူး Candice Tresch က ဗီအိုအေကို ပြောပါတယ်။ အမေရိကန်အနေနဲ့ ဆိုမာလီ အစိုးရက အယ်လ်ရှာဘတ် သူပုန်တွေကို နှိမ်နင်းဖို့လုပ်နေတာတွေ ဆက်ပြီးတော့ ထောက်ခံသွားမှာဖြစ်တယ်လို့ ပြောပါတယ်။

အမေရိကန်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေက အယ်လ်ရှာဘတ်သူပုန်အဖွဲ့ရဲ့ အကြီးတန်း တာဝန်ရှိ သူတွေကို ချေမှုန်းနိုင်လိုက်တာကြောင့် အမေရိကန်အနေနဲ့ ဆိုမာလီနိုင်ငံမှာ စစ်ဆင်ရေးတွေကို လျှော့ချသွားဖို့ စီစဉ်နေ တယ်လို့ အမေရိကန် NBC သတင်းဌာနက သောကြာနေ့မှာ ပြောကြားခဲ့ပါတယ်။

၂၀၁၈ ခုနှစ်အတွင်း အယ်လ်ရှာဘတ်သူပုန်တွေကို တိတိကျကျပစ်မှတ်ထားပြီး လေကြောင်းကနေ ၄၇ ကြိမ် အမေရိကန်ဘက်က တိုက်ခိုက်ခဲ့တယ်လို့ ပန်တာဂွန်စစ်ဌာနချုပ်က ပြောပါတယ်။ ဒါ့အပြင် ၂၀၁၇ ခုနှစ်မှာ ၃၅ ကြိမ်၊ ၂၀၁၆ မှာ ၁၅ ကြိမ် လုပ်ခဲ့ပါတယ်။ ဒေသတွင်းမှာ အယ်လ်ရှာဘတ်သူပုန် အဖွဲ့တွေ လွတ်လပ်စွာ လှုပ်ရှား နေတာတွေ ရပ်တန့်နိုင်အောင် နဲ့ အကြမ်းဖက်အဖွဲ့ကွန်ရက်တွေကို ဖိအားတွေ တိုးပေးသွားနိုင်ဖို့အတွက် အမေရိကန်ဘက်က ပြီးခဲ့တဲ့ ဇန်န၀ါရီ ၂ ရက်နေ့က လေကြောင်းကနေတိုက်ခိုက်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၈ သြဂုတ်လက စာရင်းအရတော့ ဆိုမာလီနိုင်ငံမှာ အယ်လ်ရှာဘတ်သူပုန် တိုက်ခိုက်ရေးသမား ၃ ထောင်ကနေ ၇ ထောင်ကြားရှိပြီး ဆိုမာလီနိုင်ငံ IS စစ်သွေးကြွအဖွဲ့ဝင် ၇၀ ကနေ ၂၅၀ ကြားလောက် ရှိတယ်လို့ ခန့်မှန်းကြောင်း အမေရိကန်စစ်ဘက်တာဝန်ရှိသူတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG