သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆိုမာလီပင်လယ်ဓားပြတွေ ထိုင်းကုန်တင်သင်္ဘောကို ပြန်ပေးဆွဲ


ဆိုမာလီပင်လယ်ဓားပြတွေ ထိုင်းကုန်တင်သင်္ဘောကို ပြန်ပေးဆွဲ
ဆိုမာလီပင်လယ်ဓားပြတွေ ထိုင်းကုန်တင်သင်္ဘောကို ပြန်ပေးဆွဲ

အိုမန်နိုင်ငံအရှေ့ဘက် အာရေဗျပင်လယ်ထဲမှာ ထိုင်းသင်္ဘောသား ၂၇ ယောက်ပါသွားတဲ့ ထိုင်းပိုင် ကုန်တင် သင်္ဘောတစင်းကို ဆိုမာလီပင်လယ်ဓားပြတွေက ပြန်ပေးဆွဲသွားပါတယ်။ ကုန်ပစ္စည်းတန်ချိန် နှစ်သောင်း ကျော်နဲ့ Thor Nexus ကုန်တင်သင်္ဘောဟာ အာရပ်စော်ဘွားများပြည်ထောင်စု (UAE) ကနေ ဘင်္ဂလားဒေ့ရှ် နိုင်ငံကိုအသွား ပြန်ပေးဆွဲခံသွားရတာလို့ ဥရောပသမဂ္ဂရဲ့ ပင်လယ်ဓားပြတိုက်ဖျက်ရေးအဖွဲ့ကပြောပါတယ်။

အိုမန်နိုင်ငံ Salalah ဆိပ်ကမ်း အရှေ့ဘက် မိုင် ၄၀၀ ကျော်မှာ သင်္ဘောကို ဆိုမာလီဓားပြတွေ ဖမ်းဆီးသွားတာ ဖြစ်ပါတယ်။ သင်္ဘောသားအားလုံး ထိုင်းလူမျိုးတွေဖြစ်ကြပါတယ်။ သင်္ဘောပေါ်က ကုန်ပစ္စည်းတွေကတော့ ဘာတွေလဲဆိုတာ တိတိကျကျ မသိရသေးပါဘူး။ ဒီသင်္ဘောအပါအဝင် လက်ရှိမှာ ဆိုမာလီဓားပြတွေ ပြန်ပေး ဆွဲထားတဲ့ သင်္ဘောက အနည်းဆုံး ၂၆ စင်း ရှိသွားပြီဖြစ်ပြီး သင်္ဘောသားပေါင်း ၆၀၀ ကျော် အဖမ်းခံထားရ ပါတယ်။

ဆိုမာလီနိုင်ငံကမ်းလွန်နဲ့ နိုင်ငံအရှေ့ပိုင်းပင်လယ်ထဲမှာ လက်နက်ကိုင် ဆိုမာလီ ပင်လယ်ဓားပြတွေဟာ သင်္ဘောတွေကို ပြန်ပေးဆွဲရာက ဒေါ်လာသန်းပေါင်း မြောက်များစွာ ရရှိနေပါတယ်။ ပြန်ပေးဆွဲမှု အများစုမှာ ပြန်ပေးငွေကို သင်္ဘောကုမ္ပဏီတွေက ပေးကြတဲ့အတွက် လူတွေ ထိခိုက်ဒဏ်ရာရမှုမရှိဘဲ ပြန်လွတ်လာကြ တာများပါတယ်။ ဒါပေမဲ့ ပြန်ပေးငွေပေးဖို့ ညှိကြတဲ့အချိန်ကတော့ တခါတခါ လနဲ့ချီကြာပါတယ်။

ပင်လယ်ဓားပြရန်က ကာကွယ်ဖို့ နိုင်ငံတကာက စစ်သင်္ဘောတွေ ပင်လယ်ထဲမှာ ကင်းလှည့်နေကြတဲ့ကြားကပဲ လတ်တလောနှစ်တွေအတွင်း ပင်လယ်ဓားပြတွေက သင်္ဘောအစီး ၆၀ လောက်ကို ပြန်ပေးဆွဲခဲ့ကြတာ ဖြစ်ပါ တယ်။

XS
SM
MD
LG