အာဖရိက ဦးချိုဒေသမှာ ဆယ်စုနှစ်အတွင်း အဆိုးရွားဆုံး မိုးခေါင်ရေရှားဒဏ် ခံနေရချိန်မှာပဲ ဆိုမာလီယာနိုင်ငံရဲ့ တောင်ပိုင်းနယ်မြေ ၂ ခုကို အငတ်ဘေး ကြုံနေရတဲ့ ဒေသတွေအဖြစ် ကုလသမဂ္ဂက ကြေညာလိုက်ပါတယ်။
ဘာကူးလ် (Bakool) နဲ့ ရှာဘဲလ် (Shabelle) အနိမ့်ပိုင်း ဒေသတွေမှာ အငတ်ဘေး ကြုံနေရတဲ့အကြောင်း ဗုဒ္ဓဟူးနေ့မှာပဲ ကုလသမဂ္ဂက ပြောဆိုလိုက်တာပါ။
စားနပ်ရိက္ခာ အကြီးအကျယ် ပြတ်လပ်မှုကို ချက်ချင်းကိုင်တွယ် ဖြေရှင်းတာမျိုး မလုပ်နိုင်ဘူးဆိုရင် ပြဿနာ ပိုမို ကျယ်ပြန့်လာနိုင်တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) ကလည်း သတိပေးလိုက်ပါတယ်။
စိုးရိမ်စရာကောင်းလောက်တဲ့ နှုန်းနဲ့ ဆိုမာလီ နိုင်ငံသားတွေ သေဆုံးနေကြရပြီး နှောင့်နှေး ကြန့်ကြာမှုတွေကြောင့် အသက်တွေ ဆုံးရှုံးနိုင်တယ်လို့လည်း အတွင်းရေးမှူးချုပ်က ကုလသမဂ္ဂ ရုံးချုပ်ရှိရာ နယူးယောက်မြို့မှာ သတင်းထောက်တွေကို ပြောဆိုခဲ့တာပါ။
တိုင်းပြည် လူဦးရေရဲ့ ထက်ဝက်လောက်ရှိတဲ့ လူပေါင်း ၃,၇၀၀,၀၀၀ ဟာ စားနပ်ရိက္ခာ ပြတ်လပ်မှုနဲ့ ရင်ဆိုင်နေကြရပြီး အာဟာရ ချို့တဲ့မှုကြောင့် လူပေါင်း ထောင်သောင်းချီ သေဆုံးခဲ့ပြီး ဖြစ်တယ်လို့လည်း ဆိုမာလီယာနိုင်ငံမှာ ရှိတဲ့ ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့ အကြီးအကဲ မာ့ခ် ဘောင်ဒန် (Mark Bowden) က ပြောပါတယ်။
ဆိုမာလီယာ တနိုင်ငံတည်း အတွက်ကိုပဲ ရှေ့လာမယ့် ၂ လအတွင်း အကူအညီအဖြစ် ဒေါ်လာသန်း ၃၀၀ လောက် လိုအပ်နေကြောင်းလည်း ကုလသမဂ္ဂက ပြောဆိုထားတာပါ။
ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) ကလည်း အရှေ့အာဖရိက ဒေသက စားနပ်ရိက္ခာ အကျပ်အတည်း ပြဿနာကို ဦးစားပေး အဆင့်အမြင့်ဆုံးအဖြစ် ဗုဒ္ဓဟူးနေ့မှာပဲ ကြေညာခဲ့ပါတယ်။