ကင်ညာနိုင်ငံ ကမ်းလွန်ဒေသမှာ မြန်မာသင်္ဘောသားတွေ အပါအဝင် သင်္ဘောသား ၂၅ ယောက် ပါဝင်တဲ့ သင်္ဘောတစီးကို ဆိုမာလီ ပင်လယ်ဓားပြတွေက ပြန်ပေးဆွဲသွားတယ်လို့ သင်္ဘောကုမ္ပဏီက အတည်ပြု ပြောကြားပါတယ်။
စင်ကာပူနိုင်ငံ မှတ်ပုံတင် MT Gemini သင်္ဘောဟာ ကင်ညာနိုင်ငံက မွန်ဘားဆား ဆိပ်ကမ်းမြို့ကို ဦးတည် ခုတ်မောင်းနေတုန်း စနေနေ့က ပင်လယ်ဓားပြတွေရဲ့ ပြန်ပေးဆွဲမှုကို ခံရတာဖြစ်ကြောင်း Glory သင်္ဘောကုမ္ပဏီက ပြောပါတယ်။
သင်္ဘောဟာ အခုချိန်မှာ ဆိုမာလီနိုင်ငံဘက်ကို ခုတ်မောင်းနေတယ်လို့ ဆိုပါတယ်။ ဒီသင်္ဘောပေါ်မှာ စားအုန်းဆီစိမ်း တန်ချိန် ၂၈,၀၀၀ ကို တင်ဆောင်လာတာပါ။
သင်္ဘောပေါ်ပါလာသူ သင်္ဘောသားတွေဟာ အင်ဒိုနီးရှား နိုင်ငံသား ၁၃ ယောက်၊ တောင်ကိုရီးယား နိုင်ငံသား ၄ ယောက်၊ တရုတ်နိုင်ငံသား ၅ ယောက်နဲ့ မြန်မာနိုင်ငံသား ၃ ယောက်တို့ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီသင်္ဘောသားတွေ လွတ်မြောက်ရေးအတွက် အစွမ်းကုန် ကြိုးစားနေပါတယ်လို့ သင်္ဘောကုမ္ပဏီက ပြောပါတယ်။
လွန်ခဲ့တဲ့နှစ်တွေအတွင်း ဆိုမာလီ ပင်လယ်ဓားပြတွေဟာ သင်္ဘောတွေကို ပြန်ပေးဆွဲ ငွေတောင်းပြီး ဒေါ်လာသန်းပေါင်းများစွာ ရနေကြတာ ဖြစ်ပါတယ်။