သုံးရလွယ်ကူစေသည့် Link များ

မြန်မာသင်္ဘောသားတွေ လွတ်ရေး ဆိုမာလီ ပင်လယ်ဓားပြနဲ့ သင်္ဘောကုမ္ပဏီ ညှိနှိုင်းမှုပေါ် မူတည်


မြန်မာသင်္ဘောသားတွေ လွတ်ရေး ဆိုမာလီ ပင်လယ်ဓားပြနဲ့ သင်္ဘောကုမ္ပဏီ ညှိနှိုင်းမှုပေါ် မူတည်

မြန်မာသင်္ဘောသား ၂၃ ယောက် လိုက်ပါလာတဲ့ လိုက်ဘေးရီးယားနိုင်ငံ မှတ်ပုံတင် MV Panama ကုန်တင်သင်္ဘောကို ဆိုမာလီ ပင်လယ်ဓားပြတွေက တန်ဇန်းနီးယားနိုင်ငံ အရှေ့ပိုင်းမှာ သောကြာနေ့က ပြန်ပေးဆွဲထားပါတယ်။ ပြန်ပေးဆွဲခံရတဲ့ မြန်မာသင်္ဘောသားတွေ ပြန်လွတ်မြောက်ဖို့ဆိုရင် ပင်လယ်ဓားပြတွေ တောင်းဆိုတာကို သင်္ဘောကုမ္ပဏီဘက်က ပေးနိုင်စွမ်း ရှိမရှိပေါ်မှာ မူတည်တယ်လို့ ပင်လယ်ပျော်များ အသင်းက ပြောပါတယ်။ အပြည့်အစုံကို မသိင်္ဂီထိုက်က တင်ပြပေးထားပါတယ်။

မြန်မာသဘောင်္သား ၂၃ ယောက် လိုက်ပါလာတဲ့ လိုက်ဘေးရီးယားနိုင်ငံ မှတ်ပုံတင် MV Panama သင်္ဘောကို ဆိုမာလီ ပင်လယ်ဓားပြတွေက ပြန်ပေးဆွဲထားပါတယ်။ ဒီလို အန္တရာယ်ရှိတဲ့ ခရီးသွားလာကြတဲ့ သင်္ဘောသားတွေအတွက် အပြည်ပြည်ဆိုင်ရာ ပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ်က ကာကွယ်ပေးထားတာတော့ ရှိပါတယ်။ သင်္ဘောသားတွေ အနေနဲ့ ဒီလမ်းကြောင်းကို ရွေးချယ်သွားကြတာ ရှိသလို မသိဘဲ သွားလိုက်ရတာလည်း ရှိတဲ့အကြောင်း မြန်မာနိုင်ငံ ပင်လယ်ပျော်များ သမဂ္ဂက ဦးအောင်သူရက ပြောပါတယ်။

“ဆိုမာလီဘက်ကို သွားတဲ့အချိန်ကျရင် သင်္ဘောသားတွေမှာ ဘာရပိုင်ခွင့် ရှိရမလဲဆိုတော့ သူတို့မှာ ရွေးချယ်ပိုင်ခွင့် ရှိရမယ်။ ဒီသင်္ဘော လမ်းကြောင်းကို မလိုက်ချင်ဘူးဆိုရင် ကုမ္ပဏီက ခွင့်ပြုရမယ်။ အဲဒီလိုမျိုး ပေါ်လစီ ထားထားတာပေါ့လေ။ ဒါပေမဲ့လည်း တချို့သော ကုမ္ပဏီက စာချုပ် ချုပ်ထားတာတော့ လမ်းကြောင်းကို မပြောဘဲနဲ့ ကျနော်တို့ သင်္ဘောသားတွေ မသိလိုက်ဘဲ လိုက်လိုက်ရတဲ့ အနေအထားတွေလည်း အများဆုံး တွေ့ရတာပေါ့လေ။”

ဒီသင်္ဘောသားတွေ လွတ်မြောက်လာဖို့ အခြေအနေက ဆိုမာလီ ပင်လယ်ဓားပြတွေနဲ့ သင်္ဘောကုမ္ပဏီ ညှိနှိုင်းမှုပေါ် မူတည်ပြီး ကာလတခုအထိတော့ စောင့်ဆိုင်းရပါလိမ့်မယ်လို့ သူက ပြောပါတယ်။

“ဆိုမာလီ ဓားပြတွေ တောင်းဆိုမှုက ကုမ္ပဏီ အနေအထားနဲ့ လိုက်လျောညီထွေမှု ရှိဖို့ဆိုတဲ့ဟာကိုပဲ ကျနော်တို့ မူတည်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ လုပ်လေ့လုပ်ထ ရှိတာကတော့ အချိန်ဆွဲထားလေ့ရှိတယ်။ သူတို့ကိုတော့ တလလောက် ကြာမယ်ပေါ့။ တလ၊ တလခွဲ၊ နှစ်လ၊ အဲဒီအချိန်ကျရင်တော့ ငွေကြေးတွေ ညှိကြတာပေါ့။ ဟိုဘက်ဒီဘက် ညှိကြရင်း တချို့လည်း အနေအထားပေါ့လေ။ ဒီကြားထဲမှာတော့ ပြီးခဲ့တဲ့ သာဓကတွေဆိုရင် သင်္ဘောသားတွေကိုတော့ ကောင်းကောင်းမွန်မွန်ရယ်လို့တော့ မဟုတ်ဘူးပေါ့၊ သူတို့ကို လိုအပ်တဲ့ဟာလေးတွေ ဖြည့်ဆည်းပေးတာတော့ ရှိတယ်။ ဒါပေမဲ့လည်း နေရထိုင်ရတာ နည်းနည်းတော့ ဆင်းရဲတာပေါ့လေ။”

ပြန်ပေးဆွဲခံရတဲ့ သင်္ဘောသားတွေရဲ့ လျော်ကြေးငွေ ရပိုင်ခွင့်တွေက သင်္ဘောကုမ္ပဏီနဲ့ ချုပ်ထားတဲ့ စာချုပ်ပေါ်မှာပဲ မူတည်နေပြီးတော့ နိုင်ငံတကာ အဖွဲ့အစည်းတွေ အနေနဲ့ကတော့ ဒီစာချုပ်အတိုင်း သင်္ဘောသားတွေ ရပိုင်ခွင့် အပြည့်အ၀ ရမရကို စောင့်ကြည့် ဖိအားပေးနိုင်ပါတယ်လို့ ဦးအောင်သူရက ဆက်ပြောပါတယ်။

“ကုမ္ပဏီနဲ့ ကျနော်တို့ သင်္ဘောသား ချုပ်ထားတဲ့ စာချုပ်အပေါ်မှာ မူတည်တာပေါ့လေ။ စာချုပ်ထဲမှာတော့ အမှန်တကယ် ဆိုမာလီဘက်ကို သွားမယ်ဆိုရင်တော့ သူတို့ကို မသွားမီ အချိန်ကာလမှာပဲ လစာအနေနဲ့ ၂ ဆတို့၊ ၃ ဆတို့ ပေးရမယ့်အပြင် တခြား အကျိုးခံစားပိုင်ခွင့်တွေပေါ့၊ အဲဒါတွေကို နဂို မူလကတည်းက သတ်မှတ်ထားရမှာပေါ့လေ။ အခုလို ဖြစ်ပြီဟေ့ ဆိုရင်တော့ ပေးကို ပေးရမယ့်ဟာ ဖြစ်သွားတာပေါ့။”

မြန်မာသင်္ဘောသား အများစုက သင်္ဘောကုမ္ပဏီတွေနဲ့ တိုက်ရိုက် စာချုပ်ချုပ် လုပ်ကိုင်ကြတာ မဟုတ်ဘဲ မြန်မာနိုင်ငံမှာရှိတဲ့ သင်္ဘောသား အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီတွေကနေ တဆင့် အလုပ်လုပ်ကိုင်ကြတာ ဖြစ်တဲ့အတွက် ဒီ အေဂျင်စီတွေက သင်္ဘောသားတွေ လွတ်မြောက်ရေး ရပိုင်ခွင့်တွေကို ကူညီလုပ်ကိုင် ပေးကြတာတော့ ရှိတယ်လို့ သူက ဆက်ပြောပါတယ်။

“ကုမ္ပဏီ ပိုင်ရှင်တွေကို တိုက်ရိုက်ဆိုတဲ့ ပုံစံ မဟုတ်ဘဲနဲ့ ကျနော်တို့ သင်္ဘောသားတွေက Routing အေးဂျင့်အနေနဲ့ သွားတော့ Routing အေးဂျင့်တွေကပဲ စီမံခန့်ခွဲတဲ့ ကုမ္ပဏီတွေနဲ့ ညှိနှိုင်းပြီးတော့ ကြိုးစား ဆောင်ရွက်ပေးတာတွေတော့ ရှိပါတယ်။ ဥပမာ ရေကြောင်းဦးစီးဌာနက ပါဝင် ပတ်သက်ပြီးတော့ ဖြေရှင်းပေးတယ်ဆိုတဲ့ အနေအထားကတော့ မတွေ့ရပါဘူး။”

အခု မြန်မာသင်္ဘောသားတွေ လိုက်ပါလာတဲ့ လိုက်ဘေးရီးယား အလံတင် သင်္ဘောက အာဖရိကတိုက် တန်ဇန်းနီးယား နိုင်ငံကနေ မိုဇမ်းဘစ်နိုင်ငံကို ခုတ်မောင်းလာတာပါ။ ဒီသင်္ဘောကို ပြီးခဲ့တဲ့ သောကြာနေ့က ဆိုမာလီ ပင်လယ်ဓားပြတွေက အမြန်ရေယာဉ် ၂ စီးနဲ့ စီးနင်းခဲ့တာ ဖြစ်ပါတယ်။ ဆိုမာလီ ရေပိုင်နက်မှာ ပင်လယ်ဓားပြ အန္တရာယ် ရှိတာကြောင့် နေတိုးတပ်ဖွဲ့နဲ့ EU ရေတပ်တို့က ကင်းလှည့်မှုတွေ ရှိနေတဲ့ကြားကနေ အခုလို ထပ်မံ ပြန်ပေးဆွဲခံရတာ ဖြစ်ပါတယ်။

MV Panama သင်္ဘောနဲ့အတူ ပြန်ပေးဆွဲခံနေရတဲ့ မြန်မာသင်္ဘောသားတွေ အခြေအနေနဲ့ ပတ်သက်ပြီး သင်္ဘောကုမ္ပဏီ ကိုယ်စားလှယ်ကို မေးမြန်းဖို့ ဗွီအိုအေက ကြိုးစားဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

XS
SM
MD
LG