သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆိုမာလီ ပင်လယ်ဓားပြ ပြန်ပေးဆွဲခံ မြန်မာသင်္ဘောသားများ ပြန်ရွေးနိုင်ရေး အခက်ကြုံ


ဆိုမာလီ ပင်လယ်ဓားပြ ပြန်ပေးဆွဲခံ မြန်မာသင်္ဘောသားများ ပြန်ရွေးနိုင်ရေး အခက်ကြုံ

ဆိုမာလီ ပင်လယ်ဓားပြတွေ ၆ လနီးပါး ပြန်ပေးဆွဲထားတဲ့ မြန်မာသင်္ဘောသား ၂၃ ယောက် လွတ်မြောက်ရေးအတွက် နိုင်ငံတကာ NGO တွေ အကူအညီရမှ ဖြစ်မယ်လို့ သူတို့ လွတ်မြောက်ရေးအတွက် ကူညီနေတဲ့ မြန်မာပြည်တွင်းက ဌာနေကိုယ်စားလှယ် တယောက်က ပြောပါတယ်။ အခြေအနေကို စုံစမ်းထားတဲ့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုကျော်ထင်က တင်ပြပေးထားပါတယ်။

ပြန်ပေးဆွဲခံထားရတဲ့ မြန်မာသင်္ဘောသား ၂၃ ယောက် လွတ်မြောက်ဖို့ နိုင်ငံတကာ NGO တွေ အကူအညီရမှ ဖြစ်မယ်လို့ သူတို့ လွတ်မြောက်ရေးအတွက် ကူညီနေတဲ့ Leader Marine ကုမ္ပဏီ တာဝန်ရှိသူ ဦးဌေးအောင်ကို ကိုးကားပြီး ဒီအပတ်ထုတ် Flower news ဂျာနယ်မှာ ဖော်ပြထားပါတယ်။

လိုက်ဘေးရီးယား မှတ်ပုံတင် MV. MSC Panama ဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့က တန်ဇန်နီးယားနဲ့ မိုဇမ်ဘစ် ရေပိုင်နက်အကြား ပြန်ပေးဆွဲ ခံခဲ့ရတာ ဖြစ်ပါတယ်။ သင်္ဘောရဲ့ စီမံခန့်ခွဲမှုကို စင်ကာပူ အခြေစိုက် St. Johns Ship Management က တာဝန်ယူပြီး ပိုင်ရှင်က အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါ အခြေစိုက် Ship Management Services ကုမ္ပဏီ ဖြစ်ပါတယ်။ ပိုင်ရှင်က ဒီသင်္ဘောကို ဒေ၀ါလီ ခံလိုက်ပြီလို့ သတင်းထွက်ပေါ်နေတာကြောင့် ဖမ်းဆီးခံ သင်္ဘောသားတွေရဲ့ မိသားစုက စိုးရိမ်မကင်း ဖြစ်နေကြတာပါ။ ဒါပေမဲ့ လက်ရှိအထိတော့ ရန်ကုန်အခြေစိုက် St. Johns Ship Management က တာဝန်ရှိသူ တယောက်က သင်္ဘောသား လစာတွေကို အခုချိန်ထိ ပုံမှန်ထုတ်ပေးဆဲလို့ ဗွီအိုအေကို ပြောပါတယ်။

သင်္ဘောသားတွေကို သင်္ဘောပိုင်ရှင်နဲ့ ကုမ္ပဏီက ဂရုမစိုက်တာကြောင့် စိုးရိမ်ရတယ်လို့ ပြည်ပအခြေစိုက် မြန်မာ့ ပင်လယ်ပျော်များ သမဂ္ဂ တာဝန်ရှိသူ ဦးအောင်သူရက ပြောပါတယ်။

“သူတို့တွေ အနေအထားကတော့ ရှင်းရှင်းပြောရရင် အခရာ အကျဆုံးဖြစ်တဲ့ ကုမ္ပဏီပိုင်ရှင်ကတောင်မှ လွှဲပြီး ထွက်ပြေးတယ်ဆိုရင် အင်မတန်မှ စိုးရိမ်ရတဲ့ အနေအထား ဖြစ်တာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ပင်လယ်ဓားပြတွေ လက်ထဲမှာ ဆိုတာက နေ့စဉ်နဲ့အမျှ လွယ်တာမှ မဟုတ်တာ။ အခု ရှင်းရှင်းပြောရင် ကုမ္ပဏီက ပိုက်ဆံ ထပ်ပြီး မတတ်နိုင်တဲ့အတွက် ဒါ ကိုယ်လွတ်ရုန်းတဲ့ သဘော ဖြစ်နေတယ်။ အဲဒီတော့ သူတို့ခန့်ထားတဲ့ သင်္ဘောသားတွေကိုလည်း ပစ်ပယ်လိုက်တဲ့ သဘောမျိုး ဖြစ်နေတာပေါ့။ ဓားပြတွေ လက်ထဲမှာ ဖြစ်ချင်ရာဖြစ် ဆိုတဲ့ဟာ ဖြစ်သွားတယ်။ သူတို့သင်္ဘောကြီးကိုတောင်မှ ဂရုမစိုက်ဘဲ။”

မြန်မာနိုင်ငံ ပင်လယ်ပျော်များ သမဂ္ဂကလည်း လန်ဒန်အခြေစိုက် နိုင်ငံတကာ သယ်ယူပို့ဆောင်ရေး လုပ်သားများ ဖက်ဒရေးရှင်း ITF နဲ့ ဆက်စပ်ပြီး သင်္ဘောသားတွေ လွတ်မြောက်ဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။

ဖမ်းဆီးခံထားရတာ ကြာပြီဖြစ်လို့ ရေနဲ့ အစားအသောက်လည်း ပြတ်လပ်နေမယ်လို့ ကူညီနေသူတွေက ခန့်မှန်းကြပါတယ်။ လက်ရှိအချိန်ထိ ဒီနှစ် ဧပြီလကုန်ပိုင်းက ပြန်ပေးဆွဲခံရတဲ့ MV Gemini သင်္ဘောက မြန်မာသင်္ဘောသား ၃ ယောက် အပါအ၀င် ၂၆ ယောက်ဟာ ဆိုမာလီ ပင်လယ်ဓားပြတွေ လက်ထဲမှာ ရှိနေဆဲပါ။

ပြီးခဲ့တဲ့နှစ် မတ်လတုန်းက ပြန်ပေးဆွဲခံရတဲ့ နော်ဝေနိုင်ငံသားပိုင် UTB Ocean သင်္ဘောက မြန်မာ ၂၁ ယောက်ဟာ ပြန်ပေးငွေ ဒေါ်လာ ၃.၅ သန်းပေးပြီး ၄ လနီးပါး အကြာမှာ ပြန်လည် လွတ်မြောက်လာခဲ့ပါတယ်။

XS
SM
MD
LG