ဆိုမာလီ ပင်လယ်ဓားပြတွေ ပြန်ပေးဆွဲခံထားရာက မြန်မာသင်္ဘောသားတွေ အများစုပါတဲ့ တောင်ကိုရီးယား သင်္ဘောကို ကယ်တင်နိုင်ခဲ့ပြီး ပင်လယ်ဓားပြတွေကို တောင်ကိုရီးယားကို ဖမ်းဆီး ခေါ်ဆောင်ခဲ့ပါတယ်။
တောင်ကိုရီးယား အစိုးရက အထူးဖွဲ့စည်းထားတဲ့ ရေကြောင်းရဲတပ်ဖွဲ့က သဘောင်္ပေါ်ကို ၀င်ရောက်စီးနင်းပြီး ပင်လယ်ဓားပြ ၅ ယောက်ကိုလည်း လက်ရ ဖမ်းဆီးနိုင်ခဲ့ပါတယ်။
သင်္ဘောပေါ်မှာ မြန်မာသင်္ဘောသား ၁၁ ယောက် ရှိနေခဲ့ပါတယ်။ စုစုပေါင်း သင်္ဘောသား ၂၁ ယောက်ရှိပြီး တောင်ကိုရီးယား ၈ ယောက်နဲ့ အင်ဒိုနီးရှား ၂ ယောက်တို့ကိုလည်း ကယ်တင်နိုင်ခဲ့ပါတယ်။
ဖမ်းဆီးထားတဲ့ ပင်လယ်ဓားပြ ၅ ယောက်ဟာ အထူးလေယာဉ်နဲ့ ပူဆန်းကို ရောက်လာပြီလို့ ကိုရီးယား ကမ်းခြေစောင့် တပ်ဖွဲ့က ပြောပါတယ်။ သူတို့ကို တောင်ကိုရီးယားမှာ တရားစွဲဆိုမှာပါ။ အပြစ်ရှိကြောင်း တွေ့ရှိရင် တသက်တကျွန်း ကျခံရဖွယ် ရှိပါတယ်။
ဇန်န၀ါရီလ ၂၁ ရက်က တက်ရောက် စီးနင်းခဲ့ရာမှာ ပင်လယ်ဓားပြ ၈ ယောက် သေဆုံးသွားခဲ့တယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။ သင်္ဘောမာလိန်မှူးလည်း ၀မ်းဗိုက်မှာ သေနတ်ထိမှန်ခံခဲ့ရပြီး အသည်းအသန် အခြေအနေမှာ ရှိနေပါသေးတယ်။
ပင်လယ်ဓားပြတွေနဲ့ ရင်ဆိုင်ဖို့ တောင်ကိုရီးယားနိုင်ငံက ရဲတပ်သား ၅၀ ပါတဲ့ အထူးတပ်ဖွဲ့တဖွဲ့ကို ဖွဲ့စည်းထားခဲ့တာ ဖြစ်ပါတယ်။
ဂျာမနီနိုင်ငံနဲ့ စပိန်နိုင်ငံတွေကလည်း ဆိုမာလီ ပင်လယ်ဓားပြတွေကို သူတို့နိုင်ငံမှာပဲ တရားစွဲဆို အပြစ်ပေးခဲ့ပါတယ်။