သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီ ပြန်လွှတ်ပေးတဲ့ အကျဉ်းသား ၉၆၀၀ ကျော်မှာ တက်ကြွသူတချို့ပါဝင်


ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးနေ့မှာ ရန်ကုန်အင်းစိန်ထောင်က လွတ်မြောက်မယ့်သူတွေကို စောင့်ဆိုင်းနေကြသူများ (ဇန်နဝါရီ ၄၊ ၂၀၂၄)
ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးနေ့မှာ ရန်ကုန်အင်းစိန်ထောင်က လွတ်မြောက်မယ့်သူတွေကို စောင့်ဆိုင်းနေကြသူများ (ဇန်နဝါရီ ၄၊ ၂၀၂၄)

မြန်မာနိုင်ငံ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဒီကနေ့ ဇန်နဝါရီ ၄ ရက်နေ့မှာ စစ်ကောင်စီက အကျဉ်းသား ၉၆၀၀ ကျော် လွှတ်ပေးရာမှာ နိုင်ငံရေးလှုပ်ရှားမှုတွေနဲ့ ဆက်နွယ်ပြီး ဖမ်းဆီးခံထားရသူတချို့ ပါဝင်ကြောင်းလည်း ကနဦးသတင်းတွေအရ သိရပါတယ်။ နိုင်ငံရေးအကျဉ်းသားရေး လှုပ်ရှားသူတွေကတော့ ပြန်လွှတ်ပေးသူတွေထဲမှာ လွတ်ရက်နီးသူတွေ ပါတယ်လို့ ပြောပါတယ်။ ဒီကနေ့ အကျဉ်းထောင်က လွတ်လာသူတွေ အခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ထားတာကို အလိမ္မာ ပြောပြပေးမှာ ဖြစ်ပါတယ်။

တနိုင်ငံလုံးမှာရှိတဲ့ အကျဉ်းထောင်တွေကနေ အကျဉ်းသား ၉၆၀၀ ကျော်ကို ပြစ်ဒဏ်ကနေ လွတ် ငြိမ်းခွင့်ပေးလိုက်တယ်လို့ စစ်ကောင်စီက ဒီနေ့ ဇန်နဝါရီ ၄ ရက်မှာ ကြေညာလိုက်ပေမယ့် ဒီထဲမှာ အမှုငယ်တွေသာ အများဆုံးပါရှိပြီး နိုင်ငံရေး လှုပ်ရှားမှုကြောင့် ထောင်ကျနေသူတွေ မဆိုသလောက် သာ ပါတယ်လို့ အကျဉ်းထောင်နဲ့နီးစပ်သူတွေကပြောပါတယ်။ ရန်ကုန်၊ အင်းစိန်ထောင်က ပြန်လွှတ်ပေးလိုက်တဲ့ ခန့်မှန်းခြေ အကျဉ်းသား ၂၀၀၀ လောက်မှာ သတင်းထောက် ကိုကောင်းဆက်လင်း၊ နာမည်ကြီး အနုပညာရှင် သဉ္ဇာဝင့်ကျော်၊ နန်းမွေ့စံတို့ ပါဝင် တယ်လို့လည်း အကျဉ်းထောင်နဲ့ နီးစပ်သူတဦးက ပြောပါတယ်။

"များတယ် ၂ထောင်ကျော်လောက်ရှိမယ်။ အသေးစိတ်စာရင်းတော့ထွက်မလာသေးဘူး။ ၅၀၅-က ၇၀ကျော်ပါတယ်။ ကိုကောင်း ဆက်လင်းလွတ်တယ်။ အိမ်ပြန်ရောက်သွားပြီ။ ကျန်တာတွေကတော့ ၅၀၅-ကအပြင်ထပ်ပြီးဆွဲထား တာတွေရှိတယ်။ မထက်ထက်အောင်တို့ကိုဝေလင်းယုတို့ဆို လက်နက်ပုဒ်မတွေပါတယ်။ မမူးရတနာ ဆို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနဲ့ ၁၀နှစ်ချထားသေးတယ်။ ကိုသူရိန်ကျော်လဲအဲအတိုင်းဘဲ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၄နဲ့ ၁၀နှစ်ချထားသေးတယ်။ ဆရာစည်သူအောင်မြင့်ဆိုလဲ ၅၀၅-က အပြင်ကိုဘဲ ရာဇသတ်ကြီးပုဒ်မ ၁၂၄-ကနဲ့ ၇နှစ်ထပ်ချထားတယ်။ မထက်ထက်ခိုင်ဆိုလဲ ၅၀၅-ကအပြင် မတရားအသင်းဆက်သွယ်ရေးပုဒ်မ ၁၇/၁နဲ့လဲချထားသေးတော့ကျန်နေဦးမှာပေါ့ နန်းမွေ့စံလွတ်တယ်။ သဉ္ဇာဝင့်ကျော်လွတ်တယ်။"

ကိုကောင်းဆက်လင်းဟာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၅ ရက်က ရန်ကုန်တိုင်း ကြည့်မြင်တိုင်မြို့နယ် ပန်းပင် ကြီးလမ်းမှာ ဆန္ဒပြ သတင်းယူချိန်မှာ စစ်တပ်ရဲ့ အကြမ်းဖက်ဖြိုခွဲမှုကြောင့် ပြင်းထန် ဒဏ်ရာတွေ ရရှိပြီး ထောင်ဒဏ်ချမှတ်ခံခဲ့ရတာဖြစ်ပါတယ်။

ဒီနေ့ လွှတ်ပေးသူတွေထဲမှာ ထောင်ဒဏ် ၂ နှစ် ၃ နှစ် ချခံထားရတဲ့ ၅၀၅ (က) နဲ့ ၅၂ (က) လို အမှုတွေ အများအပြားပါဝင်တယ်လို့လည်း အကျဉ်းသားတွေရဲ့ အခြေအနေကို စောင့်ကြည့်နေတဲ့ တရားလွှတ်တော် ရှေ့နေတဦးကလည်း ဗွီအိုအေကို အတည်ပြုပါတယ်။

မန္တလေးအိုဘိုထောင်ကနေ အကျဉ်းသား ၁၀၀၀ကျော် ပြန်လွှတ်ပေးလိုက်တဲ့ အထဲမှာတော့ NLD အစိုးရလက်ထက်က မြို့တော်ဝန်ဟောင်း ဒေါက်တာရဲလွင်၊ မြို့တော်စည်ပင်ကော်မတီဝင် ဦးကျော်ဇေယျတို့ပါဝင်လာခဲ့ပါတယ်လို့နီးစပ်သူတဦးက ခုလိုပြောပြပါတယ်။

"ခုတိတိကျကျသိရသေးတာ ၂ယောက်ဘဲသိရသေးတယ်။ ဒေါက်တာရဲလွင်ပါတယ်။ မြို့တော်ဝန်နောက် စည်ပင်ကော်မတီဝင် ဦးကျော်ဇေယျပါတယ်။ နိုင်ကျဉ်းထဲက ဒီ ၂ယောက်ဘဲ ပါတယ်။ သိသေးတာ။ ဆရာရဲကဒါပေမယ့်လွတ်ရက်စေ့နေပြီ။"

ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးနေ့မှာ ရန်ကုန်အင်းစိန်ထောင်က လွတ်မြောက်လာတဲ့ ဓါတ်ပုံသတင်းထောက် ကိုကောင်းဆက်လင်း (ဇန်နဝါရီ ၄၊ ၂၀၂၄)
ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးနေ့မှာ ရန်ကုန်အင်းစိန်ထောင်က လွတ်မြောက်လာတဲ့ ဓါတ်ပုံသတင်းထောက် ကိုကောင်းဆက်လင်း (ဇန်နဝါရီ ၄၊ ၂၀၂၄)

ဧရာဝတီတိုင်း ဟင်္သာတထောင်က ပြန်လွှတ်ပေးလိုက်တဲ့ အကျဉ်းသား ၁၉၀ ကျော်နဲ့ မြင်းခြံထောင်က ပြန်လွှတ်ပေးလိုက်တဲ့ ၅၀ လောက်မှာ နိုင်ငံရေးအကျဉ်းသားတွေ မပါဘူးလို့လည်း နီးစပ်သူတွေက ပြောပါတယ်။ သက်ဆိုင်ရာ မိသားစုတွေကို ကြိုတင်အသိပေးတာ၊ ပြန်လွှတ်ပေးတဲ့ အကျဉ်းသားစာရင်းကို ထုတ်ပြန်တာမျိုး မရှိတာကြောင့် နိုင်ငံရေးအကျဉ်းသား အရေအတွက်ကိုတော့ အတိအကျ သိနိုင်ဖို့ ခက်ခဲနေပါတယ်။ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်ကတော့ အကျဉ်းသားတွေ ထောင်ချီ လွှတ်ပေးလိုက်ပေမဲ့ နိုင်ငံရေးဆန္ဒမပါဘူးလို့ ဝေဖန်လိုက်ပါတယ်။

"ဒီတကြိမ်မှာလည်း စေတနာရှိလို့မဟုတ်ဘူး။ ထွက်ပေါက်တွေပိတ်နေတယ် ၂၀၂၂ မှာပိုဆိုးတယ်။ ၂၀၂၃ပိုဆိုးတယ်။ ခု ၂၀၂၄ကတော့ခြေကုန်လက်ပန်းကျနေပြီ။ မျက်နှာစာအသီးသီးမှာလည်းရှုံးနှိမ့်နေ တယ်။ နိုင်ငံရေးစီးပွားရေးသံတမန်ရေးကြည့်မလားပေါ့ အဲမှာထွက်ပေါက်တွေပိတ်နေတဲ့ အခါကျ‌တော့ထုံးစံအတိုင်းဘဲ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ကိုလက်နက်အဖြစ်အသုံးချတာပေါ့နော်။ နိုင်ငံ ရေးအရဆန္ဒမရှိဘူးစိတ်စေတနာမပါဘူး။ နောက်တခုကအဖြေလဲမဟုတ်ဘူးသူတို့စစ်အာဏာတည်မြဲ ရေးအကျိုးစီးပွားအတွက်ကိုဘဲ။ ရည်ရွယ်လုပ်ပေးတယ်လို့ ဦးထွန်းကြည်ကတော့ရှုမြင်ပါတယ်"

လက်ရှိအကျဉ်းထောင်တွေထဲမှာ စစ်ကောင်စီဘက်က ပြီးခဲ့တဲ့ နှစ်အောက်တိုဘာလကစတင်ကာ ထောင်ဝင်စာလူတွေ့ခွင့်ပေးထားခဲ့ပါတယ်။ ဒါပေမယ့်နှစ်ရှည်ထောင်ချခံရသူတွေနဲ့ ထိပ်တန်း NLD ခေါင်းဆောင်ပိုင်းတွေကိုတော့ ခုချိန်ထိတွေ့ဆုံခွင့်မရသေးပါဘူး။
နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ စာရင်းတွေအရ အာဏာသိမ်းချိန်ကနေ ၂၀၂၄ ဇန်နဝါရီ ၃ရက်ထိ ဖမ်းဆီးခံထားရသူ အကျဉ်းသား ၂၅၀၀၀ ကျော်ရှိပြီး သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၁၆၂) ဦး ရှိတယ်လို့ဖော်ပြထားပါတယ်။ ဖမ်းဆီးခံရပြီးနောက် ပြန်လည်လွတ်မြောက်လာသူ ဦးရေကတော့ (၅၈၀၀) ဦးရှိတယ်လို့လည်း ဖော်ပြထားပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken ရဲ့ မြန်မာ့လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ထုတ်ပြန်ချက်မှာတော့ မတရားဖမ်းဆီးထားသူတွေ အားလုံးကို ပြန်လွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG