သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိုဘားမား မြန်မာခရီးစဉ် လူ့အခွင့်အရေးအဖွဲ့တွေ ကန့်ကွက်


အမေရိကန်သမ္မတ တဦးအနေနဲ့ မြန်မာနိုင်ငံကို လာမယ့် ခရီးစဉ်အတွင်း သမ္မတ အိုဘားမား ဟာ နိုင်ငံအကြီးအကဲတွေနဲ့ တွေ့ဆုံမှာဖြစ်သလို မြန်မာလူထုကိုလည်း မိန့်ခွန်းပြောဆိုဖို့ ရှိနေ ပါတယ်။ နာရီပိုင်းပဲ ကြာမယ့် ခရီးစဉ်အတွင်း ရန်ကုန်မှာပဲ တွေ့ဆုံမှုတွေကို ပြုလုပ်မယ်လို့ သိရပါ တယ်။ လူ့အခွင့်အရေးအဖွဲ့တွေကတော့ ဒီခရီးစဉ်ဟာ မဖြစ်သင့်ဘူးလို့ ကန့်ကွက်နေကြတုန်းပါ။ ဒီ ခရီးစဉ်အခြေအနေနဲ့ပတ်သက်လို့ စုံစမ်းမေးမြန်းထားတာတွေကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

သမ္မတအိုဘားမားခရီးစဉ်နဲ့ ပတ်သက်လို့ ရန်ကုန်အမေရိကန်သံရုံးကနေ သတင်းမီဒီယာတွေကို အသိပေးတဲ့ ထုတ်ပြန်ချက်ထဲ ရန်ကုန်ခရီးစဉ်ကိုပဲ ဖော်ပြထားတာမို့ နေပြည်တော်ကို သွားမသွား ဆိုတာ မသေချာပါဘူး။ ရန်ကုန်မှာပဲ မြန်မာလူထုကို မိန့်ခွန်းပြောဖို့ရှိတယ်လို့ အဲဒီ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ရန်ကုန်မှာ သတင်းထွက်နေတာကတော့ ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမမှာ ဖြစ်ဖို့များတယ်လို့ ယူဆပြောနေပါတယ်။ သံရုံးနဲ့ မြန်မာအာဏာပိုင်တွေဖက်ကတော့ လုံခြုံရေးအရ သမ္မတအိုဘားမားရဲ့ခရီးစဉ်ကို အသေးစိတ် မပြောပါဘူး။

မနေ့တုန်းက အိမ်ဖြူတော်အရာရှိတွေနဲ့ တွေ့ဆုံခဲ့တဲ့ Amnesty International ဝါရှင်တန်ဒီစီရုံး တာဝန်ခံ T Kumar ကတော့ သမတအိုဘားမားအနေနဲ့ ရန်ကုန်ကိုပဲ သွားရောက်မယ်လို့ သူတို့ သိထားရတဲ့အကြောင်းပြောပါတယ်။ USCB အမေရိကန်အခြေစိုက် မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့ အမှုဆောင် ဒါရိုက်တာဦးအောင်ဒင်ကတော့ ဒါဟာ ခရီးစဉ်မသွားခင် ညှိုနှိုင်းဆွေးနွေး ချက်တွေကြောင့် နေပြည်တော်မသွားဖို့ အခြေအနေဖြစ်လာတာလို့ ပြောပါတယ်။ USCB အဖွဲ့ဟာ သမ္မတ မြန်မာနိုင်ငံသွားမယ့်ခရီးစဉ်ကို ကန့်ကွက်ကြတဲ့ လူ့အခွင့်အရေးအဖွဲ့တွေထဲက တခုပါ။

“မြန်မာနိုင်ငံကို သွားရောက် လည်ပတ်ဖို့ အချိန်မတန်သေးဘူးလို့ ကျနော် ယူဆပါတယ်။ အဲဒီလို ယူဆတဲ့အတွက်ကြောင့် သမ္မတကိုရော၊ သမ္မတရဲ့ တာဝန်ရှိပုဂ္ဂိုလ်တွေကိုရော ကျနော် ကန့်ကွက်ထားပါတယ်။”

ဒါပေမဲ့ အခု ခရီးစဉ်သွားတဲ့အခါမှာ နေပြည်တော်ကိုတော့ မသွားဘူးလို့ သိရပါတယ်။ Protocol အရဆိုရင်တော့ ခရီးစဉ်က တမျိုးတော့ ဖြစ်နေပါတယ်။ ကိုအောင်ဒင် ဒီအပေါ်မှာရော ဘယ်လို ယူဆပါသလဲ။

“ကျနော် နားလည်သလောက်က ဒေါ်အောင်ဆန်းစုကြည် ကိုယ်နှိုက်ကိုက ဒီခရီးစဉ်ကို အစပိုင်း တုန်းက ကန့်ကွက်ခဲ့တယ်ဗျ။ ဒီအချိန်၊ ဒီကာလမှာ အမေရိကန် သမ္မတကိုယ်တိုင် မြန်မာပြည် လာပြီးတော့ ဦးသိန်းစိန်ရဲ့ အပြောင်းအလဲ ကိစ္စတွေကို ထောက်ခံတာမျိုး အချိန်မတန်သေးဘူးလို့ အန်တီ ဒေါ်အောင်ဆန်းစုကြည်က ကိုယ်တိုင်က ယူဆတယ်လို့ ကျနော် ကြားရပါတယ်။ ဒါကြောင့်မို့လို့ ပထမ သူ ကန့်ကွက်ခဲ့တယ်။ ကန့်ကွက်ခဲ့ပြီး နောက်ပိုင်းကျတော့ အမေရိကန် အစိုးရဘက်က အတင်းကို ချဉ်းကပ်တဲ့အခါမှာ အပေးအယူ သဘောအရပေါ့ဗျာ- ကဲ၊ ဒါဆိုရင်တော့ နေပြည်တော် မလာနဲ့၊ ရန်ကုန်မှာဆိုရင်တော့ ဖြစ်နိုင်လောက်တယ် ဆိုတာမျိုးပေါ့ဗျာ။ အဲဒီလို အပေးအယူ လုပ်တဲ့သဘောမျိုး ဖြစ်သွားတယ်လို့ ကျနော်တို့ သိရပါတယ်။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်အမတ်တဦးဖြစ်တဲ့ ဦးဝင်းထိန် ကလည်း နေပြည်တော်ကို မသွားဘူးဆိုရင် ဒါဟာ လက်ရှိ မြန်မာအစိုးရက လုပ်နေတဲ့ ပြုပြင်ပြောင်းလဲမှုတွေ အပေါ်မှာ အမေရိကန်သမ္မတအနေနဲ့ စိတ်ချယုံကြည်မှု အပြည့်မရှိသေးဘူး ဆိုတဲ့သဘော သက်ရောက်မယ်လို့ ယူဆပါတယ်။

“သို့သော်လည်း ရန်ကုန်မှာပဲ တွေ့ပြီးတော့ သမ္မတက လာတွေ့မယ်ဆိုတော့ - ဒါဆိုရင်တော့ မဟုတ် သေးဘူး၊ သို့သော်လည်း ဗမာပြည်မှာ လုပ်နေတဲ့ ပြုပြင်ပြောင်းလဲရေး အခြေအနေတွေဟာ အမေရိကန်နိုင်ငံက စိတ်ချလက်ချ မရှိသေးဘူးဆိုတာကို ပြချင်တာလားဆိုတာ စဉ်းစားစရာ ရှိပါတယ်။"

မနေ့ကတော့ ဝါရှင်တန်အခြေစိုက်တဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတွေဟာ သမ္မတအိမ်ဖြူတော်မှာပဲ အိမ်ဖြူတော်အကြီးတန်းအရာရှိတွေနဲ့ တွေ့ဆုံပြီး သမ္မတအိုဘားမားရဲ့ မြန်မာနိုင်ငံနဲ့ ကမ္ဘောဒီး ယားနိုင်ငံ ခရီးစဉ်အပေါ်မှာ ဆွေးနွေးတိုက်တွန်းမှုတွေ လုပ်ခဲ့ပါတယ်။ အဓိကကတော့ လူ့အခွင့် အရေးဆိုင်ရာကိစ္စတွေပါ။ တတ်ရောက်ခဲ့သူတဦးဖြစ်တဲ့ Amnesty International နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့က T Kumar ကတော အဓိက အချက်သုံးချက်ကို ဆွေးနွေး တင်ပြခဲ့တယ်လို့ ဆိုပါတယ်။

“အဓိက သုံးချက်ရှိပါတယ်။ ပထမအချက်ကတော့ အကျဉ်းထောင်တွေထဲမှာ ကျန်နေသေး တဲ့ နိုင်ငံရေးအကျဉ်းသားတွေ ကိစ္စပါ။ ဒီလူတွေ လွတ်မြောက်လာဖို့ ကိစ္စကို သမ္မတအိုဘားမား အနေနဲ့ အားသွန်ခွန်စိုက် တွန်းအားပေးဖို့လိုပါတယ်။ နောက်တချက်ကတော့ ရိုဟင်ဂျာ လူနည်းစုတွေအနေနဲ့ မြန်မာနိုင်ငံထဲက အခြားလူမျိုးစုတွေနည်းတူ အခွင့်အရည်တန်းတူရဖို့ ကိစ္စဖြစ်ပါတယ်။ နောက် - အမေရိကန် ကုမ္ပဏီတွေ မြန်မာနိုင်ငံထဲ ရင်းနှီးမြုပ်နှံကြတဲ့အခါမှာ လူ့အခွင့်အရေးနဲ့ စီးပွားရေး လုပ်ငန်းဆိုင်ရာမှာ နိုင်ငံတကာစံနှုန်းစံထားတွေအတိုင်း လိုက်နာကြဖို့ သမ္မတအိုဘားမားအနေနဲ့ အမေရိကန် စီးပွားရေးလုပ်ငန်းတွေကို တွန်းအားပေးသင့်ပါတယ်။”

ဒီ ခရီးစဉ်ဟာ စောလွန်းသေးတယ်ဆိုပြီး ကန့်ကွက်တဲ့အထဲမှာ Amnesty International လည်း ပါဝင်ပါတယ်။ နေပြည်တော်ကို သွားသည်ဖြစ် မသွားသည်ဖြစ်စေ နိုင်ငံတကာအမြင်မှာ သမ္မတ အိုဘားမားရဲ့ ခရီးစဉ်ဟာ မြန်မာအစိုးရကို အပြုသဘော လက္ခဏာပြချက်ပဲဖြစ်တယ်လို့ T kumar က ယူဆပါတယ်။ USCB ဦးအောင်ဒင်ကတော့ မြန်မာအစိုးရရဲ့ ပြုပြင်ပြောင်းလဲမှုတွေဟာ သိသာထင်ရှားတဲ့ တိုးတက်မှုတွေ မတွေ့ရတာကြောင့် သူတို့အနေနဲ့ ဒီခရီးစဉ်ကို ကန့်ကွက်ရတာ ဖြစ်တယ်လို့ ပြောပါတယ်။

“သမ္မတဦးသိန်းစိန်ရဲ့ လုပ်ရပ်တွေအပေါ်မှာ ကျနော်တို့ ဘာမှ သေချာတဲ့၊ စိတ်ချရတဲ့ အာမခံချက် မရှိသေးဘူးပေါ့ဗျာ။ သူကတော့ ပြောနေတာပေါ့။ နောက်ကြောင်းပြန်မလှည့်ပါဘူး၊ ရှေ့ဆက် တိုးပါ့မယ်တို့- ဒါပေမဲ့လည်း လုပ်နေတဲ့အပြောင်းအလဲတွေက တကယ်တန်းကျတော့ တဝက် တပျက်ပဲ ရှိသေးတယ်ဗျ။ ဥပမာဆိုပါတော့- နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးတယ်။ သို့သော်လည်း နောက်ထပ် နိုင်ငံရေးအကျဉ်းသား ၃၀၀ ကျော်လောက်က အခုအချိန်အထိ ဖမ်းဆီး ထိန်းသိမ်းထားဆဲပဲ ဖြစ်တယ်။ နောက် ဘယ်တုန်းကမှလည်း နိုင်ငံရေးအကျဉ်းသား ရှိပါတယ် လို့ ဝန်မခံခဲ့ဘူး။ ဒီလူတွေဟာ ပြစ်မှုကျူးလွန်လို့ ထောင်ကျခဲ့တာလို့ - ဒီမျိုးပဲ သူ အမြဲ ပြောခဲ့တာကိုး။”

သမ္မတအိုဘားမားဟာ ရန်ကုန်ခရီးစဉ်အတွင်း မြန်မာသမ္မတဦးသိန်းစိန်၊ မြန်မာ့ ဒီမိုကရေ စီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့အပြင် အခြား လူမှုအဖွဲ့အစည်းက ကိုယ်စားလှယ်တွေနဲ့ လည်း တွေ့ဆုံမယ်လို့ သိရပါတယ်။ ဒီခရီးစဉ်ဟာ အချိန်စောလွန်းသေးတယ်လို့ လူ့အခွင့်အရေး အဖွဲ့အစည်းတွေက ယူဆကြပေမယ့် ဒီခရီးစဉ်ကြောင့် မြန်မာအစိုးရ လုပ်နေ တဲ့ ပြုပြင်ပြောင်းလဲ မှုတွေကို အားပေးရာရောက်ပြီး အခြေအနေတွေ ပိုတိုးတက်ကောင်းမွန်လာနိုင်တယ်လို့လည်း ယူဆမှုတွေ ရှိကြပါတယ်။
XS
SM
MD
LG