သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖွဲ့စည်းပုံပုဒ်မ ၅၉ (စ) မပြင်ဆင်သင့်ဟု ယူဆသူတွေဟောပြော


၂၀၀၈ ဖွဲ့စည်းပုံပါ ဥပဒေပုဒ်မ (၅၉-စ)၊ နိုင်ငံခြားသားနဲ့လက်ထပ်သူများ သမ္မတမဖြစ်စေရ ဥပဒေကို မပြင်သင့်ကြောင်း ဟောပြောဆွေးနွေးပွဲ။ (ဖေဖော်ဝါရီ ၂၊ ၂၀၁၄) ဓာတ်ပုံကို Lone Lone ရဲ့ ဖေ့စ်ဘုတ်မှ ကူးယူဖော်ပြပါသည်။
၂၀၀၈ ဖွဲ့စည်းပုံပါ ဥပဒေပုဒ်မ (၅၉-စ)၊ နိုင်ငံခြားသားနဲ့လက်ထပ်သူများ သမ္မတမဖြစ်စေရ ဥပဒေကို မပြင်သင့်ကြောင်း ဟောပြောဆွေးနွေးပွဲ။ (ဖေဖော်ဝါရီ ၂၊ ၂၀၁၄) ဓာတ်ပုံကို Lone Lone ရဲ့ ဖေ့စ်ဘုတ်မှ ကူးယူဖော်ပြပါသည်။
စစ်အစိုးရဟောင်းရဲ့ ဖွဲ့စည်းပုံပုဒ်မ ၅၉ ( စ)မှာ နိုင်ငံခြားသားနဲ့ လက်ထပ်ထားသူတွေ သမ္မတ မဖြစ်စေရလို့ ပါဝင်တာကြောင့် လာမယ့် (၂ဝ၁၅)ရွေးကောက်ပွဲမှာ NLD ပါတီအနိုင်ရခဲ့ရင်တောင်မှ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်ဖို့ အခွင့်လမ်းနည်းပါးသွားပါပြီ။ စစ်အစိုးရ စီစဉ်ရေးဆွဲခဲ့တဲ့ (၂ဝဝ၈) ဖွဲ့စည်းပုံကို ပြင်ဆင် သင့်/ မသင့် ဆိုတာထက် (၂ဝ၁ဝ) ရွေးကောက်ပွဲကို ဝင်သင့်/ မဝင်သင့်ဆိုတာပဲ ဦးစားပေးဆုံးဖြတ်ခဲ့ကြတဲ့ နိုင်ငံရေးပါတီတွေနဲ့ လူမှုအဖွဲ့စည်းတွေဟာ (၂ဝဝ၈) ဖွဲ့စည်းပုံကို ရှုဒေါင့်အမျိုးမျိုးနဲ့ ဝေဖန်သုံးသပ်လာကြပါတယ်။ ဖွဲ့စည်းပုံပုဒ်မ (၅၉/ စ) ကို လုံးဝမပြင်ဆင်သင့်လို့ ယုံကြည်နေကြတဲ့ နိုင်ငံရေးပါတီတချို့နဲ့ လူမှုအဖွဲ့စည်းခေါင်းဆောင်တချို့က ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ဗိုလ်စိန်မှန်ကွင်းမှာ ဟောပြောဆွေးနွေးမှုတွေ လုပ်ခဲ့ကြပါတယ်။ အပြည့်အစုံကို VOA မြန်မာပိုင်းသတင်းထောက် ကိုကျော်ထင်က ရန်ကုန်မြို့ကနေ သတင်းပေးပို့ထားပါတယ်။

ဒီကနေ့ဟောပြောပွဲကို သံဃာတော်တွေ အပါအဝင် လူသိများတဲ့ လွှတ်တော် ကိုယ်စားလှယ် တွေဖြစ်ကြတဲ့ ဦးအောင်သိန်းလင်း၊ ဒေါ်ခင်ဝိုင်းကြည်တို့နဲ့အတူ လူဦးရေ (၁,၀၀၀) ထောင်ခန့် တက်ရောက်ခဲ့ကြပါတယ်။

တက်ရောက်လာသူအများစုဟာ “ပုဒ်မ (၅၉) ကို မပြုပြင်ရေး” လို့ပါတဲ့ တီရှပ်ဖြူတွေ ဝတ်ဆင်ထားကြပါတယ်။ ဒီနေ့အခမ်းအနားကို မြန်မာအမျိုးသား ကွန်ယက်က စီစဉ်တာဖြစ်ပါတယ်။ ပုဒ်မ (၅၉)ကို ပြင်ရင် ဘာဖြစ်လာနိုင်သလဲ ဆိုတာကိုတော့ မြန်မာအမျိုးသားကွန်ယက် ခေါင်းဆောင် ဦးကိုယ်တော်လေးက ခုလိုပြောပါတယ်။

“ကျနော်တို့က ဒီဥစ္စာကို ဆက်ထားသင့်တယ်ထင်လို့ ထားတာ၊ ဒီဥစ္စာ ဆက်ထားလို့ ဘာအခြေအနေ ဖြစ်လာမှာလဲဆိုတာက နိုင်ငံတော် သမ္မတနေရာကို အမျိုးကောင်းသားတွေ အမျိုးကောင်းသမီးတွေ ရောက်အောင်ရည်ရွယ်ထားတဲ့ ဥပဒေပုဒ်မဖြစ်လို့ ကျနော်တို့က အမျိုးသားရေးရှုထောင့်က ပြောတာလေ။”

စစ်ဗိုလ်ချုပ်ဟောင်းတဦးဖြစ်တဲ့ ပြည်ခိုင်ဖြိုးပါတီထိပ်တန်းခေါင်းဆောင် ဦးအောင်သိန်းလင်းကလည်း လုံးဝလက်မခံဘူးလို့ ပြောပါတယ်။

“ကျနော်တို့လွှတ်တော်ကိုယ်စားလှယ်ဆိုတာ လွှတ်တော်မှာ ကျနော်က ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်မယ်လို့ ကတိသစ္စာပြုထားတဲ့ လူဖြစ်တဲ့အတွက် မင်းမှာသစ္စာ လူမှာကတိအတိုင်းဖြစ်ရမယ်၊ ဒါဆိုစဉ်းစားလို့ ရပါပြီနော်။”

ဦးဆောင်ဆွေးနွေးသူတယောက်ဖြစ်တဲ့ မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေး ပါတီဥက္ကဋ္ဌဦးနေမျိုးဝေကတော့ တိုင်းတပါးသွေးနှောတွေလက်ထဲ တိုင်းပြည်ရောက်မသွားစေဖို့ ဒီဥပဒေကို လုံးဝမပြင်သင့်ဘူးလို့ ဆိုပါတယ်။

“ဒီနေရာမှာ ဒီလို နေပူထဲမှာလာပြီးတော့ တက်ရောက်နေတဲ့ ပုဂ္ဂိုလ်တွေဟာ ကျနော်ပြောမယ့် အကြောင်းအရာကို သိပြီးသူများဖြစ်ပါတယ်။ ပုဒ်မ- ၅၉) ကို မပြင်သင့်ကြောင်း ခံယူပြီးသား ဖြစ်ပါတယ်။ အဲဒီပုဂ္ဂိုလ်တွေကို ဟောပြောလို့ အကျိုးမရှိပါဘူး၊ ကျနော်ပြောချင်တာ ဒီအခမ်းအနား ပြင်ပမှာ ပုဒ်မ (၅၉)ကို ပြင်ဆင်ဖို့ ကြိုးစားနေတဲ့ ပုဂ္ဂိုလ်တွေကို ဒီလိုမပြောင်းလဲလိုတဲ့ ခင်ဗျားတို့ကို တိုင်တည်ပြီး သူတို့က ိုပြောတာဖြစ်ပါတယ်။”

(၂ဝဝ၈) ဖွဲ့စည်းပုံဟာလူထုဆန္ဒနဲ့ကိုက်ညီ/ မညီဆိုတာလည်း အငြင်းပွားစရာပါ။ NLDဗဟိုကော်မတီဝင် ဦးငြိမ်းသစ်ကတော့ ဖွဲ့စည်းပုံဆိုတာ လူထုဆန္ဒနဲ့ ကိုက်ညီရမယ်လို့ ဆိုပါတယ်။

“၅၉-စ က ပြည်သူလူထုက ရွေးချယ်တင်မြှောက်ခဲ့တဲ့ လွှတ်တော် ကိုယ်စားလှယ်တွေအတွက် အဟန့် အတားဖြစ်စေတဲ့ ပုဒ်မတခုဖြစ်ပါတယ်။ အမှန်တော့ ပြည်သူလူထုက ရွေးချယ်တဲ့၊ စစ်မှန်တဲ့ ကိုယ်စားလှယ်တွေပါဖို့ ( ၅၉-စ) ကို ဖျက်သိမ်းရမှာဖြစ်ပါတယ်။ ဒီ (၅၉-စ) က ဗိုလ်ချုပ်အောင်ဆန်း ရေးဆွဲခဲ့ (၄၇)ဥပဒေမှာ ပါတယ်ဆိုပြီး ဖြီးဖြန်းပြောနေတာတွေရှိတယ်။ တကယ်တော့ ဗိုလ်ချုပ် အောင်ဆန်းရေးခဲ့တဲ့ (၄၇) ဖွဲ့စည်းပုံမှာ အပိုဒ်ခွဲတွေ လုံးဝမပါဝင်ပါဘူး၊ အဲဒါကို ပါဝင်တယ်ဆိုပြီး သူတို့ပြောနေတာပေါ့၊ တကယ်ကျတော့ ဗိုလ်ချုပ်ရေးခဲ့တဲ့ ဥပဒေတွေ၊ လမ်းစဉ်တွေကိုလည်း သူတို့က လုံးဝလိုက်နာခဲ့တာ မရှိပါဘူး၊ အခု (၅၉-စ) ပြင်တော့မယ်ကျမှ ဒါ ဗိုလ်ချူပ်ချခဲ့တဲ့ ဥပဒေဆိုပြီး ဗိုလ်ချုပ်ကို ချည်တိုင်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ဖယ်ရှားဖို့ကြိုးစားနေတဲ့ လုပ်ရပ်ပါပဲ။

“နောက်ပြီး (၅၉-စ) တို့၊ အမျိုးသားညီလာခံက ချမှတ်တဲ့ ဖွဲ့စည်းပုံတို့ဆိုတာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ မပါဝင်ခဲ့ပါဘူး။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် (၄ဝဝ)ကျော်ထဲက (၁၃) ယောက်ပဲ ပါဝင်ရေးဆွဲခဲ့တဲ့ ဒီညောင်နှစ်ပင်အမျိုးသားညီလာခံမှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၁၃)ယောက်ပဲ ပါဝင်ရေးဆွဲခဲ့တာ ပြည်သူအားလုံးသိပါတယ်။ ဒီတော့ စစ်အာဏာရှင် စိတ်ကြိုက် ရေးဆွဲထားတဲ့ ဥပဒေဟာ ဒီမိုကရေစီ သွားနေတဲ့မူနဲ့လည်းမကိုက်ပါဘူး၊ ပြည်သူရွေးချယ်တဲ့အစိုးရ၊ ပြည်သူရွေးချယ်တဲ့ သမ္မတဖြစ်ဖို့ ဒီ (၅၉-စ) ကိုမဖြစ်မနေပြင်ရမယ်လို့ ပြောချင်ပါတယ်။”

ပြီးခဲ့တဲ့လကုန်ပိုင်းမှာ မြန်မာနိုင်ငံဆီ လာရောက်လည်ပတ်ခဲ့တဲ့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဟူဂိုဆွိုင်းက ပုဒ်မ (၅၉-စ)ကို ပြင်ဆင်ဖို့ တိုက်တွန်းခဲ့သလို သမ္မတ ဦးသိန်းစိန်ကလည်း ဖွဲ့စည်းပုံပြင်ဆင်ရာမှာ တိုင်းရင်းသားအရေးကိုပါ ထည့်သွင်းစဉ်းစားကြဖို့ ရေဒီယိုမိန့်ခွန်းမှာ ပြောဆိုသွားပါတယ်။
XS
SM
MD
LG