သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကြမ်းဖက်မှုတိမ်းရှောင်သူတချို့ နေရပ်ပြန်


ကင်းလှည့်လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ပဲခူးတိုင်းဒေသကြီးအတွင်း လုံခြုံရေး ယူပေးနေစဉ်။
ကင်းလှည့်လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ပဲခူးတိုင်းဒေသကြီးအတွင်း လုံခြုံရေး ယူပေးနေစဉ်။
ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်းက အကြမ်းဖက်မှုတွေကြောင့် နေရပ်စွန့်ခွာပြီး ရန်ကုန်ကို သွားရောက် ခိုလှုံနေကြတဲ့ မွတ်ဆလင် ဒုက္ခသည် အများစုကို ဒီကနေ့ မနက်အစောပိုင်းကပဲ သူတို့ရဲ့နေရပ်တွေဖြစ်တဲ့ မင်းလှ၊ အုတ်ဖို၊ ဇီးကုန်း၊ နတ်တလင်းမြို့တွေကို ပြန်ပို့ပေးနိုင်ခဲ့တယ်လို့ ငြိမ်းချမ်းမှု တည်ဆောက်ရေးကွန်ယက်က ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။
နယ်မြေ လုံခြုံရေးအခြေအနေတွေ အတန်ငယ် အေးချမ်းသွားပြီလို့ ဆိုရနိုင်ပေမဲ့ ပဲခူးတိုင်း အနောက်ဘက်ခြမ်းမှာ ပုဒ်မ ၁၄၄ ကို မရုတ်သေးပါဘူး။ ဒါပေမဲ့ တားမြစ်ထားတဲ့ နာရီတွေကိုတော့ အနည်းငယ် လျှော့ချပေးလိုက်ပြီလို့ မင်းလှမြို့ခံတစ်ဦးက ပြောပါတယ်။ ဒီအကြောင်းအပြည့်အစုံကိုတော့ ရန်ကုန် အခြေစိုက် ဗွီအိုအေသတင်းထောက် ကိုအောင်ရဲမောင်မောင်က ပြောပြပေးမှာဖြစ်ပါတယ်။

မကြာသေးခင်က ဘာသာရေးအသွင်ဆောင်တဲ့ ပဋိပက္ခတွေ ဖြစ်ပွားခဲတဲ့ ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်းမြို့တွေက ဒုက္ခသည် ၁၀၀ ကျော် ကို ရန်ကုန်ကနေ သူတို့နေရပ်တွေကို ဒီကနေ့မနက် အစောပိုင်းကပဲ ပြန်လည် ပို့ဆောင်ပေးနိုင်ခဲ့ပြီဖြစ်တယ်လို့လည်း ငြိမ်းချမ်းမှု တည်ဆောက်ရေး ကွန်ယက်က နိုင်ငံရေး အကျဉ်းသားဟောင်းတစ်ဦးဖြစ်တဲ့ ဦးထွန်းကြည်က ပြောပါတယ်။

“မင်းလှ၊ အုတ်ဖိုက ဒုက္ခသည် တစ်ရာကျော်ကို သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ ဆွေးနွေးညှိနှိုင်းပြီးတော့ လုံခြုံ စိတ်ချစွာ ပြန်လည် ပို့ဆောင်ပေးခဲ့ပါတယ်။”

ပဲခူတိုင်းဒေသကြီး အနောက်ခြမ်းက မွတ်ဆလင် လူမျိုးအများစုပါတဲ့ ဒုက္ခသည် ၁၀၀ ကျော်ကို သူတို့နေရပ်ကနေ ရန်ကုန်ကို ခေါ်လာပြီး အကူအညီတွေ ပေးနိုင်ဖို့ ဒေသခံတွေရဲ့ အုပ်ချုပ်ရေးအာဏာပိုင်တွေနဲ့ ညှိနှိုင်းမှုအတော်အများများ လုပ်ခဲ့ရတယ်လို့ ဦးထွန်းကြည်က ပြောပါတယ်။
အဲဒီဒုက္ခသည်တွေကို နေရပ်ပြန်ပို့ဖို့အတွက် ပထမအသုတ်အနေနဲ့ လူ ၁၃ ဦးကို အရင် ပ့ိုဆောင်ပေးခဲ့ပြီးတော့ နယ်မြေတည်ငြိမ်မှုတွေကို လေ့လာစေခဲ့ပြီးတဲ့နောက်မှာ ကျန်တဲ့လူ ၁၀၀ ကျော်ကို ဒီကနေ့ မနက်အစောပိုင်းးမှာ ပဲခူတိုင်း အနောက်ခြမ်းက မြို့တွေကို ပြန်ပို့ခဲ့တာ ဖြစ်ပါတယ်။

“ငြိမ်းချမ်းမှု တည်ဆောက်ရေးကွန်ယက်က ၂၈ ရက်မှာ သွားခေါ်တယ်။ သွားခေါ်ပြီးတော့ မြို့နယ် အာဏာပိုင်တွေနဲ့ ညှိနှိုင်းပြီးတော့ တရားဝင် ခေါ်လာတယ်၊ တရားဝင် သူတို့ကို ပြန်ပို့မယ်ဆိုတဲ့အချိန်မှာ အထူးသဖြင့် မင်းလှက ဒေသဆိုင်ရာ အာဏာပိုင်တွေနဲ့ ညှိနှိုင်းပြီးတော့ ပထမခရီးအနေနဲ့ ၁၃ ယောက်ကို သွားပို့တယ်။ ၁၃ ယောက် သွားပို့တဲ့ အချိန်မှာလည်း နယ်မြေအေးချမ်းပါတယ်။ နယ်မြေလည်း တည်ငြိမ်နေပါတယ်။ ပတ်ဝန်းကျင်မှာရှိတဲ့ ဗုဒ္ဓဘာသာဝင်တွေကလည်း လှိုက်လှိုက်လဲှလှဲ ကြိုဆိုပါတယ်။ အပြုံးနဲ့ ကြိုဆိုပါတယ်။ အခုကတော့ ထပ်ပြီးတော့ ၁၀၀ ကျော်ကို ပို့တာပါ။ အဲဒါလည်း အဆင်ပြေ ချောမွေ့ပါတယ်။”

နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဦးဖြစ်တဲ့ ဦးထွန်းကြည်က ပြောခဲ့တာပါ။

အခုလို ဒုက္ခသည်အများစုရဲ့ မိသားစုတွေကို ကူညီပေးရေးအတွက် ၂၀၀၇ ရွှေဝါရောင်တုန်းက တက်ကြွ လှုပ်ရှားခဲ့တဲ့ နိုင်ငံရေး အကျဉ်းသား ဘုန်းတော်ကြီးတွေ ဦးဆောင်တဲ့ ရွှေဝါရောင်သံဃာတော်များ ကွန်ယက်နဲ့ ဘာသာပေါင်းစုံပါဝင်တဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းတွေ၊ ဥပဒေပညာရှင်တွေ ပါဝင်ဖွဲ့စည်းထားတဲ့ ငြိမ်းချမ်းမှု တည်ဆောင်ရေး ကွန်ယက်တို့ကနေ ပူးပေါင်းပြီး ကူညီခဲ့တာဖြစ်ပါတယ်။

မတ်လအတွင်း မိတ္ထီလာ အကြမ်းဖက်မှုတွေနဲ့ ဆက်စပ်ပြီးဖြစ်ပွားခဲ့တဲ့ ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်းက ဒုက္ခသည်တွေကို ရန်ကုန်က မင်္ဂလာတောင်ညွှန့် ၁၀၁ လမ်းထိပ်က ရောင်နတ်ဗလီဘေး ပုဂ္ဂလိက အဆောက်အအုံတစ်ခုမှာ နေရာပေးပြီး ကူညီတာတွေ ဆောင်ရွက်ပေးခဲ့တယ် လို့လည်း ငြိမ်းချမ်းမှုတည်ဆောက်ရေး ကွန်ယက်က ခေါင်းဆောင်ပိုင်း တာဝန်ရှိသူတွေက ပြောပါတယ်။

မိတ္ထီလာမြို့မှာ ထိခိုက်သေဆုံးမှုတွေ ကြုံခဲ့ရတဲ့အထိ ဆူပူမှုတွေ ဖြစ်ခဲ့ပြီးနောက် ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်း၊ ဒေသ အတော်များများမှာလည်း ဘာသာရေး အသွင်ဆောင် အကြမ်းဖက်မှုတွေ ဆက်တိုက် ဖြစ်ပွားခဲ့ပါတယ်။

အဲဒီလို ဖြစ်ပွားခဲ့တာကြောင့် အရေးပေါ် အခြေအနေ ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ပြီး တည်ငြိမ်အောင်အခြေအနေတွေကို ထိန်းခဲ့ရတာလည်း ဖြစ်ပါတယ်။
လက်ရှိအချိန်မှာတော့ နယ်မြေဒေသ အနည်းငယ် တည်ငြိမ်လာပြီး ဈေးဆိုင်တွေလည်း အတော်များများ ပြန်ဖွင့်လာနိုင်တာကြောင့် အာဏာပိုင်တွေက ထုတ်ပြန်ထားတဲ့ ပုဒ်မ ၁၄၄ ကို အချိန်အနည်းငယ် လျှော့ပေးလိုက်တယ်လို့လည်း မင်းလှဒေသခံလည်းဖြစ်၊ မင်းလှမြို့ ပေါ်က တိုင်တရာဗလီရဲ့ ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဦးစံလှက ပြောပါတယ်။

“အခုတော့ အေးချမ်းတာပေါ့ဗျာ။ အခုတော့ အားလုံး ကိုယ့်အိမ်အသီးသီး သွားနေကြပြီ။ ဆိုင်တွေ ဘာတွေလည်း ပြန်ဖွင့်နေကြပါပြီ။ လုံခြုံရေးကတော့ ညပိုင်းပဲ ကင်းလှည့်တဲ့ သဘောရှိတယ်။ နေ့ခင်း၊ နေ့လည်ကတော့ ဘာမှ သိပ်မတွေ့တော့ပါဘူး ခင်ဗျ။ အခြေအနေကတော့ အေးချမ်းပါတယ်။ ပုဒ်မ ၁၄၄ ကိုလည်း လျှော့ထားပါတယ်။ ည ၁၀ နာရီက မနက် ၄ နာရီ။”

မိတ္ထီလာနဲ့ ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်းဒေသတွေမှာဆူပူမှုတွေအပြီး အကြမ်းဖက်သူ (၆ဂ) ဦးကို အာဏာပိုင်တွေက ဖမ်းဆီးထားပြီး လိုအပ်သလို အရေးယူ ဆောင်ရွက်နေတယ်လို့လည်း ပြည်ထဲရေး ဝန်ကြီးဋ္ဌာနက သတင်းထုတ်ပြန်ထားပါတယ်ခင်ဗျာ။
XS
SM
MD
LG