သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖမ်းဆီးခံရတဲ့ သတင်းသမားတချို့ တရားရုံးစစ်ဆေးမှုပြီးစီးလုနီးပါးရှိ


သတင်းထောက်တွေအပါအဝင် အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က ဖမ်းဆီးနေစဉ် (ရန်ကုန်၊ ဖေေါ်ဝါရီလ ၂၇ ရက်)
သတင်းထောက်တွေအပါအဝင် အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က ဖမ်းဆီးနေစဉ် (ရန်ကုန်၊ ဖေေါ်ဝါရီလ ၂၇ ရက်)

စစ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးတရားစွဲဆိုထားတဲ့ သတင်းသမားတချို့ကို တရားရုံးစစ်ဆေးမှုတွေ ပြီးစီးလုနီးပါးရှိပြီမို့ ဒီရက်ပိုင်းအတွင်းမှာ ပြစ်ဒဏ်အမိန့်တွေ ချမှတ်နိုင်ချေရှိပါတယ်။ သတင်းသမားတချို့ကတော့ ပြင်းထန်တဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ပါ စွဲဆိုခံနေရတာပါ။ ဒီအကြောင်း ရန်ကုန်က သတင်းပေးပို့ထားတာ အလိမ္မာ ပြောပြပါလိမ့်မယ်။

သြဂုတ်လ ၁၅ ရက်နေ့က ဖမ်းဆီးပြီး တရားစွဲခံထားရတဲ့ ဗွီအိုအေမြန်မာပိုင်း ပြင်ပဆောင်းပါးရှင် ဦးစည်သူ အောင်မြင့်နဲ့ BBC Media Action ရဲ့ "ခံစားကြည့်" အစီအစဉ်တင်ဆက်သူ မထက်ထက်ခိုင်တို့ ကိုစွဲဆိုထား တဲ့အမှုတွေထဲက တချို့ကိုမကြာခင်မှာ အပြီးသတ်အမိန့်ချမှတ်ဖွယ် ရှိပါ တယ်။ ဦးစည်သူအောင်မြင့်အပေါ် တပ်မတော်ပြိုကွဲအောင် လှုံ့ဆော်လုပ်ဆောင်မှု ရာဇသတ်ကြီးပုဒ်မ ၅၀၅-က နဲ့ အမှုနှစ်မှုအပြင် နိုင်ငံတော်အ ကြည်ညို ၏ပျက်အောင် ပြုလုပ်မှု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၂၄-ကနဲ့ပါအမှုနဲ့ပါ တရားစွဲဆို စစ်ဆေးနေတာပါ။

ဦးစည်သူအောင်မြင့်နဲ့အတူ ဖမ်းဆီးခံခဲ့ရတဲ့ BBC Media Action ရဲ့ခံစားကြည့် အစီအစဉ်တင်ဆက်သူ မထက်ထက်ခိုင်ကိုလည်း ရာဇသတ်ကြီးပုဒ်မ ၅၀၅-က၊ မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇/၁ တို့နဲ့ တရားစွဲထားပါတယ်။ သူ့အမှုတွေထဲက ရာဇသတ်ကြီးပုဒ်မ ၅၀၅-ကအမှုကို ဒီရက်ပိုင်းအတွင်းအပြီးသတ်အမိန့် ချမှတ်ဖို့ရှိတယ်လို့ သူ့ရှေ့နေကပြောပြပါတယ်။

"ဗဟန်း ၅၀၅ အမှုကလေ အပြီးသတ်လျှောက်လဲချက် ပေးပြီးသွားပြီဆိုတော့ အမိန့်ကကျတော့ မနက်ဖန ်မချဖြစ်ရင် နောက်တပါတ်ကြာသပတေးနေ့ချပါမယ်။ မင်္ဂလာ တောင်ညွှန့်ရုံးကတော့ ၂၆ရက်ချိန်းထားတယ်။ အဲဒါက ခံပြသက်သေတယောက်ကျန်သေးတယ်။ ခုလောလော ဆယ်လိုအပ်ချက်ကတော့ဆေးပေါ့နော်။ အထဲမှာဆေးကိုထိထိရောက်ရောက် မ ON နိုင်တော့ ဆေးနဲ့ပတ်သတ် တဲ့ အခက်အခဲတွေရှိတယ်။"

စစ်အုပ်ချုပ်ရေးကောင်စီဘက်က အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မတချို့ကို ပြီးခဲ့တဲ့နှစ် ဩဂုတ်လပိုင်းက ပြန်လည်ပြင်ဆင်ပြီး၊ ထပ်တိုးပုဒ်မခွဲတွေ ထည့်သွင်းခဲ့ပါတယ်။ မြန်မာနိုင်ငံတွင်းမှာရှိတဲ့ သတင်းမီဒီယာ လုပ်ငန်း လုပ်ကိုင်နေသူတွေ၊ အရင်က သတင်းထောက်လုပ်ခဲ့ဖူးတဲ့ သတင်းမီဒီယာသမားတချို့ကို ထောင်ဒဏ် ၇နှစ်အထိ ချမှတ်နိုင်တဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂-ကနဲ့ စွဲဆိုထားပါတယ်။ ပုဒ်မ ၅၂-က ဆိုတာက အကြမ်းဖက်အုပ်စုတစ်ခုခုတွင်ဖြစ်စေ၊ အကြမ်းဖက်လုပ်ငန်းများဆောင်ရွက်ရာတွင်ဖြစ်စေ ပါဝင်စေရန် တိုက်တွန်းမှု၊ စည်းရုံးသိမ်းသွင်းမှု၊ ဝါဒဖြန့်မှု၊ စုဆောင်းရန်ပြုလုပ်မှုများကို တရားစွဲဆိုဖို့ ပြဌာန်းထားတဲ့ပုဒ်မဖြစ်ပါတယ်။

ဒီပုဒ်မတွေနဲ့ တရားစွဲခံရတဲ့ သတင်းသမားဦးရေဟာ ၁၀ဦးထက်မနည်းရှိနေပါတယ်။ ဒီထဲမှာ မေလ ၁ဝ ရက်နေ့ ဘားအံမြို့အနီး သံလွင်မြစ်ကူးတံတား စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခံခဲ့ရတဲ့ မဲခေါင်သတင်းဋ္ဌာန (MNA) ရဲ့ အလွတ်တန်းသတင်းထောက် မောင်မောင်မျိုးလဲပါဝင်ပါတယ်။ သူ့ကိုလည်း လာမယ့် သောကြာ နေ့မှာ အပြီးသတ်အမိန့်ချဖို့ရှိနေပါတယ်။ သူဟာ မတရားဖမ်းဆီးခံရတာဖြစ်သလို ပြင်းထန်တဲ့ပုဒ်မနဲ့ပါ အရေးယူခံနေရတယ်လို့ မဲခေါင်သတင်းဌာန အယ်ဒီတာ ကိုဉာဏ်လင်းထက်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလက ဖမ်းဆီးခံရတဲ့ အလွတ်တန်းသတင်းထောက် ကိုစိုးရာဇာထွန်းကိုလည်းစစ်ကောင်စီက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂ -ကနဲ့ တရားစွဲဆိုထားတာမှာ အခုဆို ရုံးချိန်း ၁၁ချိန်း ကြားနာ ပြီးပြီဖြစ်တယ်လို့ နီးစပ်သူတဦးကဆိုပါတယ်။ PDF တွေကို ဆက်သွယ်သတင်းမေးတဲ့အပေါ် အကြမ်းဖက်အောင်အားပေးလှုံဆော်မှုဆိုတဲ့ ဒီဥပဒေနဲ့ တရားစွဲခဲ့တာဖြစ်တယ်လို့ သူက ပြောပါတယ်။

"သတင်းထောက်တယောက်ကို ဒီလိုလူမဆန်စွာဖမ်းဆီးသွားတဲ့ အတွက် မိသားစုဝင်တယောက်အနေနဲ့ ခံရခက်တာပေါ့။ လွတ်လပ်တဲ့မီဒီယာသမားတယောက်အနေနဲ့ သတင်းအလုပ် ကိုလုပ်နေရင်း မတရားပူဒ်မတပ်မတရားဖမ်းခံရတဲ့ အတွက် စိတ်မကောင်းဖြစ်မိပါတယ်။"

ကိုစိုးရာဇာထွန်းဟာ တပ်မတော်ပြိုကွဲအောင် လှုံ့ဆော်မှု ပုဒ်မ ၅၀၅-ကနဲ့ဖမ်းဆီးခံရပြီး ပြီးခဲ့တဲ့နှစ်ကပဲ အကျဉ်းထောင်ကပြန် လည်လွတ်မြောက်လာတာဖြစ်ပါတယ်။ လွတ်မြောက်ပြီး ၇လအကြာမှာထပ်မံဖမ်းခံရပြီး ပုဒ်မ ၅၂ -ကနဲ့ တရားစွဲဆို ခံရတာပါ။

အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ဖမ်းဆီးခံရတဲ့ သတင်းသမား ၁၅၀ထက် မနည်းဖမ်းဆီးခံခဲ့ရတယ်လို့ သတင်းသမားကာကွယ်ရေးအဖွဲ့တွေက မှတ်တမ်းပြုစုထားပါတယ်။ အများစုက ပြန်လည်လွတ်မြောက်လာပြီး လက်ရှိမှာ သတင်းသမား အယောက် ၅၀ ထက်မနည်း အကျဉ်းထောင်အသီးသီးမှာ ဖမ်းဆီးထိမ်းသိမ်းခံနေရဆဲပါ။ အဲဒီအထဲ သတင်းသမားသုံးဦးကတော့ အကျဉ်းထောင်ထဲမှာ အသက်ဆုံးရှုံးခဲ့ရပါတယ်။

----------------------------------













XS
SM
MD
LG