သုံးရလွယ်ကူစေသည့် Link များ

ဗန်းမော်-မြစ်ကြီးနားကားလမ်း ပြန်ဖွင့်


တရုတ်နိုင်ငံ ရွှေလီမြို့မှာ KIO နဲ့ မြန်မာအစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေ တွေ့ဆုံစဉ်
မြန်မာအစိုးရနဲ့ ကချင်လက်နက်ကိုင်တပ်ဖွဲ့တွေ အကြား ဆွေးနွေးညှိနှိုင်းမှုတွေ စတင်ခဲ့ ပြီးနောက် အခုအခါ ကချင်ပြည်နယ်တွင်း အခြေအနေတွေ တည်ငြိမ်စ ပြုလာနေပြီ လို့ ဒေသခံတွေက ပြောပါတယ်။ အချိန်အတော်ကြာ ပိတ်ထားခဲ့ရတဲ့ ဗန်းမော်-မြစ်ကြီးနား ကားလမ်းကိုလည်း ပြန်လည် ဖွင့်လှစ်နိုင်တဲ့အထိ ဖြစ်လာခဲ့တာမို့ ငြိမ်းချမ်းရေးလမ်းစ တခုအဖြစ်နဲ့လည်း မျှော်လင့်နေကြပါတယ်။ ကချင်ပြည်နယ်တွင်းက နောက်ဆုံးအခြေ အနေတွေကိုတော့ ဗွီအိုအေသတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

KIO နဲ့ အစိုးရတပ်အကြား ပစ်ခတ်တိုက်ခိုက်တာတွေဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလဆန်း ပိုင်း ဆွေးနွေးပြီးတဲ့နောက် သိသိသာသာ ငြိမ်သက်လာခဲ့ရာက နောက်ဆုံးအကြိမ်အဖြစ် ဒီလ ၁၁ ရက်နေ့ ဆွေးနွေးပြီးချိန်မှာတော့ တိုက်ပွဲ ဖြစ်ပွားတာတွေဟာ မရှိသလောက်ကို ရပ်ဆိုင်းလာခဲ့တာ ဖြစ်ပါတယ်။

နောက်ဆုံးအကြိမ် ဆွေးနွေးပြီးနောက် ထပ်မံ ထူးခြားလာတာကတော့ တနှစ်ကျော်ကြာ ပိတ်ထားရတဲ့ ဗန်းမော်-မြစ်ကြီးနားကားလမ်းကို ပြန်လည် ဖွင့်လှစ်နိုင်ခဲ့တာလည်း ဖြစ် ပါတယ်။ ဒီလို ကားလမ်း ပြန်ဖွင့်နိုင်တဲ့အတွက် ဗန်းမော်ဒေသခံတယောက် ပြောတာက

“မနေ့က ၁၈ ရက်နေ့မှာ ဒီဗျူဟာမှူးတွေကောပါတယ်။ လမ်းဖွင့်ပွဲ ဗျောက်တွေ ဘာတွေ ဖောက်ပြီးမှ ဖွင့်ပြီးမှ ထွက်သွားတယ်ခင်ဗျ။ သတင်းထောက်တွေလည်း ပါသွားတယ်။ လောလောဆယ် အခြေအနေမှာတော့ KIA ရော၊ စစ်တပ်ရော လုံးဝ အပစ်အခတ်လည်း ရပ်သွားပြီ။ သေနတ်သံလည်း မကြားတာ တလကျော်ကြာ သွားပြီခင်ဗျ။ လောလောဆယ် သွားလာခြင်းကတော့ နည်းနည်းတော့ တထိတ်ထိတ်နဲ့ သွားရတာပေါ့ဗျာ။ မိုင်းတွေ ဘာတွေလည်း ချမှာ စိုးရတာကိုး။ ဒါပေမဲ့ အားလုံးက
တော့ အေးချမ်းသွားပါပြီ။ လမ်းပွင့်သွားတယ်ဆိုတော့ အားလုံး ပျော်ကြတယ်ခင်ဗျ။ ဗန်းမော်တမြို့လုံး။ နောက် မြစ်ကြီးနားဘက်က ရွာတွေ၊ ဒေါ့ဖုန်းယန်ရွာတွေရော၊ ရွာတွေဆို ပိုဆိုးတာပေါ့ဗျာ။ သူတို့က ဒီဗန်းမော်နဲ့ လိုင်ဇာကြားမှာ နေထားတော့ ခါတိုင်းဆို တရုတ်ပစ္စည်းက လိုင်ဇာက နီးနီးနားနား စားသောက်ရပေမဲ့ အခုကျ ဗန်းမော်က ပြန်ဝယ်ရတဲ့ထိဖြစ်တော့ ခုလမ်းဖွင့်တော့ သူတို့ တအားပျော်တာပေါ့။ လမ်းပွင့်သွားတဲ့အတွက်ကြောင့် ကျနော်တို့ ဗန်းမော်မြို့အနေနဲ့လည်း တိုးတက်သွား မယ်လို့ မြင်ပါတယ်။ ငြိမ်းချမ်းရေးအတွက် လည်း ရှေ့လျှောက် ကောင်းသွားမယ် လို့ မြင်ပါတယ်ခင်ဗျ။”

လက်ရှိမှာတော့ ဗန်းမော်-မြစ်ကြီးနားလမ်းက တံတားတချို့ဟာ အသုံးပြုမရသေးဘူးလို့ သိရကြောင်းလည်း ပြောပါတယ်။ ကချင်ပြည်နယ်ရဲ့ အရေးပါတဲ့ ဆက်သွယ်ရေးလမ်း
ဖြစ်တဲ့ မြစ်ကြီးနား-မန္တလေး မီးရထားလမ်း အခြေအနေကိုတော့ မိုးညှင်းမြို့ခံတဦးက အခုလို ပြောပြပါတယ်။

“ပထမအကြိမ် သူတို့ ဦးအောင်မင်းတို့နဲ့ တွေ့တယ်မို့လား။ ရွှေလီလေ။ အဲ့ဒီနောက်ပိုင်းကို ဒီဘက်မှာ မိုးညှင်းကနေလို့ မြစ်ကြီးနားလမ်းအထိလောက်မှာ မိုင်းခွဲတာ မရှိတော့ပါဘူး။ မီးရထားလမ်းမှာ။ သွားရေးလာရေး ဘာညာကတော့ အခုကတော့ စိုးရိမ်စိတ်မရှိကြတော့တာ ပေါ့လေ။ တောက်လျှောက် တခါတည်း အေးသွားရင် တခါတည်း ဟို ခုပြောတာက ceasefire လုပ်ရုံတင် မဟုတ်တော့ဘူးလေ။ တခါတည်းကို ပြည်တွင်းစစ် လုံးဝ ချုပ်ငြိမ်းသွားတာကို အဲ့ဒီထိ မျှော်လင့်တာပေါ့။”

KIA နဲ့ အစိုးရစစ်တပ်အကြား ၁ နှစ်နဲ့ ၈ လကျော် ကြာမြင့်ခဲ့တဲ့ စစ်ပွဲကာလအတွင်း မှာ မြစ်ကြီးနား-မန္တလေး မီးရထားလမ်းမှာ အနည်းဆုံး ၅၆ ကြိမ်လောက် မိုင်းခွဲ တိုက်ခိုက်ခံရတာလည်း ဖြစ်ပါတယ်။ ဒီစစ်ပွဲကာလအတွင်းမှာ ကချင်ပြည်နယ်တွင်း က ဒေသခံပြည်သူ ၁ သိန်းကျော်ဟာ အစိုးရထိန်းချုပ်ရာ မြို့ကြီးတွေက ဒုက္ခသည် စခန်းတွေမှာ ခိုလှုံနေရသလို တရုတ်-မြန်မာနယ်စပ် KIO ထိန်းချုပ်ရာ ဒေသက ဒုက္ခသည်စခန်းတွေမှာလည်း ခိုလှုံနေကြရတာ ဖြစ်ပါတယ်။

KIO ဌာနချုပ် လိုင်ဇာမြို့အနီးက ဂျယန်းစခန်းကို ရောက်နေတဲ့ ဒုက္ခသည် အမျိုးသမီး တဦးကတော့ လုံခြုံစိတ်ချရတဲ့အခြေအနေရှိမှ နေရပ်ပြန်လိုတယ်လို့ ပြောပါတယ်။

“အခုအခြေအနေက သဲသဲကွဲကွဲ ဘာကိုမှ မဆုံးဖြတ်တတ်သေးပါဘူး။ ဘာဖြစ်လို့လဲဆိုရင် အခုဒီလို ဆွေးနွေးပွဲလည်း လုပ်နေပါတယ်။ ဒါပေမဲ့ ကားလမ်းကနေလည်း စစ်ကားတွေ အသွားအပြန်တွေ တော့ ရှိနေတယ်။ ဘာလဲတော့ မသိဘူးပေါ့။ ကျမတို့ ကိုယ့်ရွာပြန်နိုင် ဖို့တော့ မျှော်လင့်ပါတယ်။ ဒါပေမဲ့ ပြန်တဲ့အခါ လုံခြုံနိုင်တယ်ဆိုတဲ့ အခြေအနေထိ ကျမတို့ လိုချင်တာပေါ့။ လုံခြုံနိုင်မလား လုံခြုံမှ ပြန်မယ်ပေါ့။ KIO ကလည်း ဘုရားသခင်ရဲ့ လမ်းပြမှုနဲ့ အကောင်းဆုံး လုပ်ဆောင်နိုင်ပါစေ။ ဒီလိုပဲ တဘက်က မြန်မာအစိုးရဘက် ကလည်း တရားတဲ့ နည်းလမ်းတွေနဲ့ အားလုံး ငြိမ်းချမ်းလာအောင် လုပ်နိုင်ပါစေလို့ပဲ ဆုတောင်းရင်းနဲ့ မျှော်လင့် ရပါတယ်။”

KIO နဲ့ အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့တို့ဟာ လာမယ့် ဧပြီလ ၁၀ ရက်နေ့ မတိုင်ခင်မှာ နောက်ထပ်တကြိမ် ဆွေးနွေးဖို့ ရှိနေပါတယ်။ ပြီးခဲ့တဲ့ အပတ်အတွင်းက KIO နဲ့ အစိုးရ ကိုယ်စားလှယ်ရဲ့ ဆွေးနွေးပွဲမှာတော့ ခိုင်မာတဲ့ အပစ်အခတ်ရပ်စဲရေးအတွက် ဆက်လက် ဆောင်ရွက်ဖို့၊ တိုက်ပွဲတွေမဖြစ်အောင် နှစ်ဘက်စလုံးက အောက်ခြေအဆင့်ထိ ညွှန်ကြားချက်တွေ ထုတ်ပြန်ဖို့၊ တိုက်ပွဲဖြစ်နိုင်တဲ့ ဒေသတွေမှာ ကွင်းဆင်း လေ့လာစောင့် ကည့်ရေးရုံးတွေ ထားရှိဖို့ကိုလည်း သဘောတူထားတာဖြစ်ပါတယ်။
XS
SM
MD
LG