သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မှော်ဘီအမြောက်တပ် လက်နက်နဲ့ကျည်တချို့အခိုးခံရ


ဇန်နဝါရီ ၂၁ ရက်နေ့ညက မှော်ဘီမြို့မှာရှိတဲ့ အမှတ် (၅၀၁၀) တင့်ကားတပ်၊ လက်နက်တိုက်အဖောက်ခံရမှုကို သက်ဆိုင်ရာ မှော်ဘီမြို့နယ် ရဲစခန်းက စုံစမ်းစစ်ဆေးနေကြောင်း စခန်းမှူးက ပြောပါတယ်။ လက်နက်တိုက်ဖောက်ထွင်းမှုမှာ သေနတ် ၂ လက်နဲ့ ကျည်တောင့် အတော်များများ ပျောက်ဆုံးနေတာကို တွေ့ရတယ်လို့ တာဝန်မှူးက ပြောပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေ သတင်းထောက်ကိုအောင်ရဲမောင်မောင်က တင်ပြပေးထားပါတယ်။

မှော်ဘီမြို့မှာရှိတဲ့ အမှတ် (၅၀၁၀) တင့်ကားတပ်ရဲ လက်နက်တွေ ပျောက်ဆုံးနေကြောင်း သက်ဆိုင်ရာစစ်တပ်က အမှုဖွင့်တိုင်ကြားလာတဲ့ အတွက် ဒီရက်ပိုင်းမှာ မှော်ဘီ မြို့နယ်ရဲစခန်းက စုံစမ်းစစ်ဆေးမှုတွေ တောက်လျှောက်လုပ်နေတယ်လို့ မှော်ဘီ မြို့နယ် စခန်းမှူး၊ ဒုရဲမှူး နိုင်နိုင်ငြိမ်းက ဗွီအိုအေကို အတည်ပြုပြောကြားပါတယ်။

အခုလို အမှတ် (၅၀၁၀) တင့်ကားတပ်လက်နက်တိုက်ထဲက MA 13 အမျိုးအစား သေနတ် ၂ လက်နက်၊ ၉ မမ ကျည် အတောင့် ၅၀၀ နဲ့ ကျည်ကပ် ၂ ကပ်၊ ပျောက်ဆုံးနေတာကို တွေ့ရတယ်လို့ မှော်ဘီမြို့နယ် ရဲစခန်း တာဝန်မှူးက ဗီအိုအေရဲ ဆက်သွယ်မေးမြန်းမှုကို ပြန်လည် ဖြေကြားခဲ့ပါတယ်။

“၂၁ ရက်နေ့ မနက် ၇ နာရီမှာ လက်နက်တိုက် သော့ တခါးကြီးပွင့်နေတာတွေ့ရတယ်ပေါ့။ အမှတ် (၅၀၁၀) တင့်ကားတပ်၊ တခါးပွင့်နေတာကို တွေ့တော့ တာဝန်ရှိတဲ့သူတွေနဲ့ခေါ်ပြီးကြည့်လိုက်တော့ အဲဒီလက်နက်တိုက် တာဝန်ခံကို ခေါ်ပြီးကြည့်လိုက်တော့ အထဲက MA 13 သေနတ် ၂ လက်ရယ်၊ ၉ မမ ကျည် အတောင့် ၅၀၀ ရယ်၊ ကျည်ကပ် ၂ ခုရယ် အဲဒါ ပျောက်ဆုံးနေတာကို သိရတယ်။ အဲဒါကြောင့် စုံစမ်းဖော်ထုတ်ပေးပါရန်-ဆိုပြီးတော့ ဒီမှာ အမှုလာဖွင့်ပါတယ်-ပေါ့။”

အခုလို လက်နက်တိုက်က လက်နက်တွေ ပျောက်ဆုံးမှုနဲ့ ပတ်သက်တဲ့ စုံစမ်း ဖော်ထုတ်မှုတွေကို မှော်ဘီရဲစခန်းက ဖော်ထုတ်နေဆဲ ဖြစ်ပြီးတော့ လက်ရှိ အချိန်မှာ တရားခံ ဖော်ထုတ်နိုင်ခြင်းတော့ မရှိသေးဘူးလို့ ပြောပါတယ်။
အခုဖြစ်စဉ်နဲ့ ပတ်သက်ပြီး အမှတ် (၅၀၁၀) တင့်ကားတပ်ရဲ လက်နက်တိုက် တာဝန်ရှိသူတွေနဲ့ အခြား စစ်တပ်ဘက်က ခေါင်းဆောင်တွေကပါ အမှုမှန်ပေါ်ပေါက်ရေးအတွက် မှော်ဘီမြို့နယ်ရဲစခန်းနဲ့ ပူးပေါင်း ဆောင်ရွက်နေတယ်လို့ မှော်ဘီမြို့နယ် ရဲစခန်း တာဝန်မှူးက ပြောပါတယ်။

မှော်ဘီ မြို့နယ်၊ ဒုရဲမှူး နိုင်နိုင်ငြိမ်းကတော့ အမှုဖြစ်စဉ် အသေးစိတ်နဲ့ ပတ်သက်ပြီးတော့ လက်ရှိအချိန်မှာ ပြောပြလို့ မရသေးဘူးလို့ ပြောခဲ့ပြီးတော့ အမှုမှန်ပေါ်ပေါက်ပြီးရင်တော့ ပြောဆိုနိုင်မယ်လို့ ဆိုပါတယ်။
အခု လက်နက်တိုက် ဖောက်ခံရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး မှော်ဘီမြို့နယ် ရဲစခန်းက ၁၉၄၉ ခုနှစ် လက်နက် အရေးပေါ် ပြစ်ဒဏ်စီရင်မှု ယာယီ အက်ဥပဒေ ပုဒ်မ ၂/ ၁ (က) နဲ့ အမှုဖွင့်ထားတယ်လို့ ပြောပါတယ်။

“၄၉ ခုနှစ် လက်နက်အရေးပေါ် ပြစ်ဒဏ်စီရင်မှု ယာယီအက်ဥပဒေပုဒ်မ ၂/၁ (က) -ဟုတ်ကဲ့။”

ပျောက်ဆုံးသွားတဲ့ MA 13 သေနတ်တွေဟာ ရိုင်ဖယ် အမျိုးအစားသေနတ်တွေ ဖြစ်ပြီး သူရဲ့အရွယ်အစားဟာ လက်နက်ကြီးမဟုတ်ဘဲ အလတ်စားသေနတ်တွေ ဖြစ်ပြီးတော့ စစ်ပွဲတွေမှာအသုံးပြုတဲ့သေနတ်တွေ ဖြစ်တယ်လို့ မှော်ဘီ မြို့နယ်ရဲစခန်းက ပြောပါတယ်ခင်ဗျာ။
XS
SM
MD
LG