သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန်နဲ့မန္တလေးမှာ ဗုံးတချို့ထပ်မံတွေ့ရှိ


ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်အတွင်း Western Park စားသောက်ဆိုင်မှ တွေ့ရသော မပေါက်ကွဲသေးသည့်ဗုံး။ (ဓာတ်ပုံကို ရန်ကုန်တိုင်းရဲတပ်ဖွဲ့ Facebook မှကူးယူပါသည်။)
ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်အတွင်း Western Park စားသောက်ဆိုင်မှ တွေ့ရသော မပေါက်ကွဲသေးသည့်ဗုံး။ (ဓာတ်ပုံကို ရန်ကုန်တိုင်းရဲတပ်ဖွဲ့ Facebook မှကူးယူပါသည်။)
ရန်ကုန်မြို့မှာ ဗုံးနှစ်လုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး နောက်တစ်နေ့ဖြစ်တဲ့ ဒီနေ့မှာလည်း မပေါက်ကွဲသေးတဲ့ဗုံးတချို့ကို ရန်ကုန်နဲ့ မန္တလေးမြို့ တွေမှာ တွေ့ရှိခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။ လူတချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့ ရန်ကုန်မှာတော့ အခုနောက်ဆုံး အာဏာ ပိုင်တွေက လုံခြုံရေးတွေကို တင်းတင်းကြပ်ကြပ် ချထားခဲ့တာပါ။ ဒီရက်ပိုင်းတွေအတွင်း အဓိကမြို့ကြီးတွေမှာ လုံခြုံရေးစိုးရိမ်ရတဲ့ အခြေအနေနဲ့ ကြုံနေရတာတွေကိုတော့ ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

အခုတလော မြန်မာနိုင်ငံမှာ ဗုံးရှာဖွေတွေ့ရှိတာတွေနဲ့ ပေါက်ကွဲမှုတွေ ဆက်တိုက်ဆိုသလို ဖြစ်လာခဲ့တာပါ။ ပြီးခဲ့တဲ့ရက်တွေက တောင်ငူမြို့ ဧည့်ရိပ်သာ တစ်ခုမှာ ဗုံးပေါက်ကွဲပြီး လူ နှစ်ဦးသေဆုံးခဲ့ပြီးတဲ့နောက် ရန်ကုန်မြို့သာကေတမြို့နယ်ဘက်မှာလည်း ကလေး နှစ်ဦး ဒဏ်ရာရ စေခဲ့တဲ့ အသေးစားဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ခဲ့ပါတယ်။ အဲဒီနောက် စော်ဘွားကြီး ကုန်းဘက်မှာလည်း ပေါက်ကွဲမှုတွေ ရှိခဲ့ပြီး အောက်တိုဘာ လ ၁၄ ရက်နေ့ မှာတော့ အလုံမြို့နယ်က စားသောက်ဆိုင်တစ်ခုအတွင်း ဗုံးတစ်လုံးတွေ့ရှိ ခဲ့ပါတယ်။ မန္တလေးမြို့မှာလည်း ဗုံးတွေ့ရှိခဲ့တဲ့ အတွက် စိစစ်မှုတွေ လုပ်နေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် အလုံမြို့နယ်က ရဲစခန်းကို ဆက်သွယ် မေးမြန်းကြည့်ခဲ့ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအလုံမြို့နယ်မှာတွေ့တဲ့ဗုံး။ (ရန်ကုန်တိုင်းရဲတပ်ဖွဲ့)
ရန်ကုန်တိုင်းဒေသကြီးအလုံမြို့နယ်မှာတွေ့တဲ့ဗုံး။ (ရန်ကုန်တိုင်းရဲတပ်ဖွဲ့)

“အလုံမြို့နယ်၊ ကမ်းနားလမ်း၊ Western Park”

မေး။ ။ လူတွေ ဘာတွေ ထိခိုက်တာမျိုးရော ရှိလားရှင့်။

“မရှိဘူး၊ မရှိဘူး။ လူလည်းမရှိဘူး၊ ပစ္စည်းလည်းမရှိဘူး၊ ဘာမှ မထိခိုက်ဘူး။”

မေး။ ။ ဟုတ်ကဲ့၊ ဟုတ်ကဲ့။ တွေ့တဲ့ပုံစံက ဘယ်လိုပုံစံမျိုးတွေ တွေ့ရလဲရှင့်။

“တွေ့တာက သန့်ရှင်းရေးဝန်ထမ်းပေါ့။ စားပွဲအောက်မှာ သန့်ရှင်းရေးလုပ်ရင်းနဲ့တွေ့တာဗျ။ Western Park စားသောက်ဆိုင်။”

မေး။ ။ …ဆိုတော့ ဒီဟာနဲ့ပတ်သက်ပြီးတော့ မသင်္ကာဖွယ်ရာတွေများ တွေ့သေးလားရှင့်။

“အော် - သူတို့ အဲဒီလို တွေ့တယ်လို့ ကျနော်တို့ကို လာအကြောင်းကြားတော့ သွားတယ်။ သွားပြီးတော့ ကျွမ်းကျင်သူတွေက စစ်ဆေးတယ်ပေါ့နော်။”

မေး။ ။ အဲဒီဗုံးက အန္တရာယ်အများကြီး ရှိနိုင်တဲ့ဗုံးမျိုးလားရှင့်။

“အဲဒါကတော့ ကျွမ်းကျင်သူတွေက အဖြေမပေးသေးဘူးဗျ။”

မေး။ ။ အခုလက်ရှိအခြေအနေမှာ ရန်ကုန်လုံခြုံရေးကရော ဘယ်လို အခြေအနေများရှိပါသလဲရှင့်။

“ရန်ကုန်လုံခြုံရေးကတော့ အရင်ကထက် နှစ်ဆ၊ သုံးဆလောက်ပိုပြီးတော့ တင်းတင်းကြပ်ကြပ် ပိုလုပ်တာပေါ့နော်။”

မေး။ ။ အခု ဒီရက်ပိုင်းတွေအတွင်းမှာ ဒီလိုမျိုး ဗုံးတွေတွေ့တာတွေက အမျိုးအစားတူတာမျိုးတွေ တွေ့နေတာမျိုးလား၊ ဒါမှမဟုတ် အမျိုးအစားကွဲလားရှင့်။

“အဲဒါတော့ ကျနော်တို့က မသိရဘူးဗျ။ မသိရဘူးဆိုတာက ကျွမ်းကျင်သူက ကျနော်တို့ကို ပြောပြမှ သိရမှာလေ။ သူတို့က မပြောပြတော့ ကျနော်တို့က မသိရဘူး။ တွေ့တယ်ဆိုလို့ရှိရင် ကျွမ်းကျင်သူတွေကို အကြောင်းကြားလိုက်ရတယ်။ အဲဒီလိုဆိုရင် သူတို့က လာရောက်စစ်ဆေးတယ်။ အဲဒီလိုမျိုးပေါ့နော်။”

မေး။ ။ အဲဒီစားသောက်ဆိုင်ကရော လက်ရှိအခြေအနေမှာ ပိတ်ထားလား။
“မပိတ်ထားဘူး ခင်ဗျ။ တွေ့တာက မနက် ၁၀ နာရီ၊ ၁၀ မိနစ်မှာ ဆိုင်က ဝန်ထမ်းလေးက တွေ့တယ်။ ၁၁ နာရီ ၄၅ မှာ ရဲစခန်းကို လာရောက်အကြောင်းကြားတယ်။”
မန္တလေးမြို့မှာတွေ့ရတဲ့ဗုံး (ဓာတ်ပုံ ကိုကျော်စွာမြင့်ရဲ့ Facebook)
မန္တလေးမြို့မှာတွေ့ရတဲ့ဗုံး (ဓာတ်ပုံ ကိုကျော်စွာမြင့်ရဲ့ Facebook)


အလုံမြို့နယ်မှာ မနက်ပိုင်းဗုံးတွေ့ရှိပြီးတဲ့နောက် မန္တလေးဘက်မှာ နေ့လည်ပိုင်းမှာ ဗုံးတွေ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့တာပါ။ မန္တလေးမြို့မှာ နေ့လည်ပိုင်းမှာဗုံးတွေ့တယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်ခဲ့ကြောင်း မြို့ခံတစ်ဦးက ပြောပြပါတယ်။

“အောင်မြေသာဇံဘက်မယ်၊ ၁၆ လမ်း၊ လမ်း ၈၀ - လာစားသောက်တဲ့ အမျိုးသားနဲ့အမျိုးသမီးနှစ်ယောက် နေရာကနေပြီးတော့ တွေ့တာခင်ဗျ။ စနက်တံက ဖြုတ်လို့မရတဲ့အတွက် သက်ဆိုင်ရာ ဗုံးရှင်းရေးအဖွဲ့ကနေလာပြီး သဲအိတ်တွေ ဘာတွေ ကာပြီးတော့ ညနေ သုံးနာရီမှာပဲ ဖြုတ်ပစ်လိုက်တယ်။”

မန္တလေးမြို့က အမှတ်(၁) ရဲစခန်းကို ဆက်သွယ်မေးမြန်းကြည့်တဲ့အခါမှာတော့ ဗုံးတွေ့ရှိတာမှန်ကန်ကြောင်း အတည်ပြု ပြောကြားပါတယ်။

“လမ်း ၈၀၊ ၁၆ လမ်းဘက်မှာတော့ ကြားတယ်ခင်ဗျ။ အဲဒီဘက်- သူတို့တွေ စီစစ်နေတုန်းရှိပါသေးတယ်။ အမှတ် (၅) နယ်မြေတာဝန်ခံတွေနဲ့၊ မြို့နယ်မှူးတွေနဲ့ စီစစ်နေတယ်ဗျ။”

လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းတွေနဲ့ မငြိမ်မသက်ဖြစ်နေရတဲ့ မြန်မာနိုင်ငံသားတွေအဖို့ကတော့ ဗုံးပေါက်ကွဲနေတာတွေအတွက် စိုးရိမ်ထိတ်လန့်မှုတွေ ရှိနေတဲ့အကြောင်း ရန်ကုန်မြို့ခံတစ်ဦးက ပြောပါတယ်။

“သူများတော့ မသိဘူးပေါ့။ အန်တီကတော့ စိုးရိမ်တာပေါ့နော်။ အခုလို ဖြစ်တာ စိတ်တော့ မကောင်းဘူးပေါ့နော်။ တိုင်းပြည်မှာ ဒါ အနှောင့်အယှက်တစ်ခုပဲ-လို့၊ အန်တီက အဲလို ထင်တာပေါ့နော်။ အခုက အခြေအနေတွေက အမျိုးမျိုး ဖြစ်ဖြစ်နေတော့လေ။”

မြန်မာအစိုးရဘက်ကတော့ ပေါက်ကွဲမှုတွေနဲ့ပတ်သက်လို့ သတင်းထုတ်ပြန် ခဲ့ပေမဲ့ ဘယ်သူဘယ်ဝါ လက်ချက်ဆိုပြီး ပြောဆိုတာမျိုးတော့ မရှိသေးပါဘူး။ မြန်မာအစိုးရရဲ့ ပြန်ကြားရေးဝန်ကြီးဌာနကတော့ မတည်မငြိမ်ဖြစ်မှုတွေ ပျံ့နှံ့အောင် လုပ်ဆောင်လိုသူတွေ ရှိနေပုံရတယ် ဆိုပြီး ရန်ကုန်အရှေ့ပိုင်းခရိုင် ရဲမှူးကြီးမြင့်အေးကို ကိုးကားပြီး ဖော်ပြခဲ့တပါ။ ဗုံးပေါက်ကွဲမှုတွေနဲ့ပတ်သက်လို့ လူထုအနေနဲ့ သတိထားကြဖို့၊ မသင်္ကာစရာတွေ့ရရင် သက်ဆိုင်ရာကို အကြောင်းကြားဖို့ကိုလည်း တိုက်တွန်းထားပါတယ်ရှင်။
XS
SM
MD
LG