သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆိုမာလီယာ စစ်သွေးကြွခေါင်းဆောင်တဦး ဖမ်းမိ


ဆိုမာလီယာစစ်သားတွေကားဗုံးပေါက်ကွဲရာအနီးမှာ ကင်းလှည့်နေစဉ်။
ဆိုမာလီယာစစ်သားတွေကားဗုံးပေါက်ကွဲရာအနီးမှာ ကင်းလှည့်နေစဉ်။

ဆိုမာလီယာနိုင်ငံက အလိုအရှိဆုံး al-Shabab တပ်မှူးတွေထဲကတယောက်ကို ဖမ်းဆီးရမိပြီလို့ ဆိုမာလီယာအာဏာပိုင်တွေက ပြောပါတယ်။ ကင်ညာနယ်စပ်နားမှာရှိတဲ့ El Wak မြို့ကလေးကို စနေနေ့မနက်ခင်းက ဝင်ရောက်စီးနင်းရာမှာ al-Shabab တပ်မှူးတယောက်ဖြစ်တဲ့ ဇာကာရီ အစ္စမေးလ် ဟာစီ (Zakariye Ismail Hersi) ကို ဖမ်းဆီးရမိတာလို့ ပြောပါတယ်။

al-Shabab အဖွဲ့ကလို့သံသယဖြစ်ဖွယ်လူတွေ အိမ်တစ်လုံးမှာ ပုန်းအောင်းနေတယ်လို့ ဒေသခံတချို့ရဲ့သတင်းပေးချက်အရ သွားရောက်စီးနင်းရာကနေ အခုလို ဖမ်းဆီးရမိတာလို့ ဆိုမာလီယာတောင်ပိုင်း Gedo အရပ်မှာ တာဝန်ယူနေတဲ့ဆိုမာလီယာစစ်တပ်ရဲ့ တပ်မှူးဗိုလ်ချုပ်ကြီး Abbas Ibrahim Gurey ကVOA ကို ပြောပါတယ်။

Hersi ကို သူ့ရဲ့ အတွင်းရေးမှူးနဲ့အတူ ဖမ်းဆီးရမိတာဖြစ်ပြီး ပစ္စတိုသေနတ် လက်ဝယ်ရှိနေတဲ့ Hersi က စစ်တပ်ရဲ့စီးနင်းမှုကို ပြန်လည်ခုခံတာမျိုး မလုပ်ခဲ့ဘူးလို့လည်း ဗိုလ်ချုပ်ကြီးကပြောပါတယ်။ အခုလို Hersi ကိုဖမ်းမိတဲ့အတွက် ချီးကျူးကြောင်း ဆိုမာလီယာအစိုးရက စနေနေ့မှာပဲ ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပါတယ်။

Hersi ဟာ အယ်လ် ရှဘတ် ခေါင်းဆောင်ဟောင်း Ahmed Abdi Godane နဲ့ ရင်းနှီးသူတဦးဖြစ်ပြီး Hersi ကို ဖမ်းမိရင် ဆုငွေ ဒေါ်လာ ၃ သန်း ပေးမယ်လို့ အမေရိကန်အစိုးရက ၂၀၁၂ ခုနှစ် ဇွန်လထဲမှာ ကြေညာထားပါတယ်။

သူ့ကိုဖမ်းထားစဉ် စနေနေ့က VOA က လူတွေ့မေးမြန်းရာမှာတော့ Hersi က သူဟာ al-Shabab အဖွဲ့ဝင်တဦးဖြစ်ခဲ့ကြောင်း အတည်ပြု ပြောကြားခဲ့ ပေမယ့် လွန်ခဲ့တဲ့ ၁၈ လကတည်းက ခေါင်းဆောင်မှုဆိုင်ရာ သဘောထားကွဲခဲ့လို့ သူနုတ်ထွက်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သူ့ကို အမေရိကန်က ဆုငွေထုတ်ထားမှန်းလည်းမသိခဲ့ဘူးလို့ ပြောပါတယ်။ဆိုမာလီယာနဲ့ Eritrea ကို စောင့်ကြည့်တဲ့ ကုလသမဂ္ဂအဖွဲ့ ခေါင်းဆောင်ဟောင်းက Hersi ဟာ al-Shabab ထောက်လှန်းရေးအကြီးအကဲလို့ ပြောခဲ့ပေမယ့် သူကတော့ ဒါကို ငြင်းဆိုခဲ့ပြီး သူဟာ စစ်သွေးကြွအဖွဲ့ရဲ့ တပ်မှူးတဦးဖြစ်တယ်လို့ ဆိုပါတယ်။

XS
SM
MD
LG