သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗုဒ္ဓဂါယာ ဗုံးကွဲမှုနေရာ Sonia Gandhi သွားရောက်ကြည့်ရှု


ဗုဒ္ဓဂါယာကို ဆိုနီယာ ဂန္ဒီ သွားရောက်လည်ပတ်စဉ် (၁၀ ဇူလိုင် ၂၀၁၃)
ဗုဒ္ဓဂါယာကို ဆိုနီယာ ဂန္ဒီ သွားရောက်လည်ပတ်စဉ် (၁၀ ဇူလိုင် ၂၀၁၃)
အိန္ဒိယနိုင်ငံက ဗုဒ္ဓဘာသာဝင်တွေ အထွတ်အမြတ်ထားရာ ဗုဒ္ဓဂါယာမှာ ဗုံးပေါက်ကွဲမှုတွေ ဖြစ်သွားခဲ့တဲ့အတွက် စိတ်မကောင်း ဖြစ်မိကြောင်းနဲ့ အိန္ဒိယအစိုးရအနေနဲ့ ဒီနေရာတွေကို လုံခြုံရေးတွေ တိုးမြှင့် ချထားပေးဖို့ လိုအပ်ကြောင်း လက်ရှိ အာဏာရ ကွန်ဂရက်ပါတီ ဥက္ကဌ ဆိုနီယာ ဂန္ဒီ (Sonia Gandhi) က ပြောပါတယ်။

တခြား အစိုးရအရာရှိတွေနဲ့အတူ ဇူလိုင်လ ၇ ရက်နေ့က ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တဲ့ ဗုဒ္ဓဂါယာ မဟာဗောဓိစေတီကို ဒီကနေ့ သွားရောက် ကြည့်ရှုခဲ့တဲ့အပြင် မဟာဗောဓိစေတီ အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတွေနဲ့လည်း တွေ့ဆုံခဲ့တာပါ။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

ဗုဒ္ဓဂါယာ မဟာဗောဓိ စေတီတော်က ဗုံးပေါက်ကွဲခဲ့တဲ့ နေရာတွေကို ဒီကနေ့ နေ့လည်ပိုင်းမှာ ရောက်လာတဲ့ ကွန်ဂရက်ပါတီအကြီးအကဲ ဆိုနီယာ ဂန္ဓီနဲ့အတူ ပြည်ထဲရေးဝန်ကြီး Sushilkumar Shinde လည်း လိုက်ပါသွားတာပါ။

ဗုဒ္ဓဘာသာတွေ အထွတ်အမြတ်ထားရာ ဘာသာရေး နေရာတွေမှာ အခုလို ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တဲ့အတွက် စိတ်မကောင်းဖြစ်မိကြောင်း မဟာဗောဓိ စေတီအတွင်းမှာ ရှိနေစဉ် ဆိုနီယာ ဂန္ဓီက ပြောဆိုသွားတဲ့အကြောင်း မဇ္ဇျိမဖောင်ဒေးရှင်းက ဆရာတော် ဦးနန္ဒဝံသက မိန့်ပါတယ်။

“ဆိုနီယာ ဂန္ဒီက လာသွားတယ်။ အခုတော့ security ချဖို့ပဲ ဒီလိုပဲ ပြောသွားတယ်။ security တွေ ချပြီးတော့ ဗုဒ္ဓဘာသာတွေ ဒီလိုဖြစ်ပျက်တဲ့အပေါ်မှာ ဝမ်းနည်းကြောင်း သူပြောသွားတယ်လေ။ ဒီလောက်ပါပဲ။ အဲ လုံခြုံရေးတွေ ထပ်ဆင့်တိုးဖို့၊ နောက် ကျန်တဲ့ ဒီမှာ ဗုဒ္ဓဘာသာကျောင်းတွေကို ဒီလို လာဖျက်စီးတာလည်း ဝမ်းနည်းကြောင်း အဲ့ဒါပဲ ပြောကြားသွားပြီးတော့ သူ ပြန်သွားတယ်လေ။ လူကြီးတွေတော့ပါတယ်။ လူကြီးတွေ ပါတယ်ဆိုတာ သူနဲ့ပါတဲ့ လူကြီးတွေကတော့ ပြည်ထဲရေးတွေဘာတွေ အကုန်ပါတယ်။ အကုန်လုံးက ပြည့်ကျပ်ပြီးတော့ ဘုရားထဲပဲ ဝင်ပြီးရင် အခုလည်း အစည်းအဝေး လုပ်နေတယ်ဆိုတော့ သူတို့က အပြင်ကို ထွက်ခွင့်မရှိသေးဘူး။ အကြာကြီးတော့ မနေဘူး။ ညနေပြန်မယ်။ အစည်းအဝေးပြီးသွားရင်တော့ ပြီးသွားပြီပေ့ါလေ။ ဟုတ်တယ်။ ဟုတ်တယ်။ BMC ဆိုတာ ဦးဇင်းတို့ ဒီက Management Committee မှာပေါ့။ အဲ့မှာ အစည်းအဝေး လုပ်နေတယ်။ မဟာဗောဓိ Management Committee”

အခင်းဖြစ်ပွားတဲ့ နေရာတွေကို ခေတ္တ ကြည့်ရှုစစ်ဆေးပြီး မဟာဗောဓိစေတီတော် အုပ်ချုပ်ရေးအဖွဲ့နဲ့ ဆိုနီယာ ဂန္ဓီနဲ့ လိုက်ပါလာကြတဲ့ အစိုးရအရာရှိတွေ တွေ့ဆုံ ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

“ဂါယာကိုလည်း သူ သွားကြည့်မယ်ပေါ့။ သူက အဲ့လိုတော့ ပြင်ထားတယ်။ အစည်းအဝေးကျင်းပနေတယ်။ ဘုရားထဲမှာ သူတို့ လည်ပတ်ပြီးတော့ အခု ဗုံးဖောက်ခွဲတဲ့နေရာတွေကို ပတ်ပြီးတော့ ကြည့်တယ်။ ကြည့်ပြီးတော့ ပြန်ပြီးတော့ အခု BMC မှာ အစည်းအဝေး ကျင်းပတယ်။ အဲ့ဒီအစည်းအဝေးမှာ သူ ခဏ နေနေတာပေါ့။ အဲ့ဒါပြီးမှာ သွားကြည့်မယ်ထင်တယ်။”

နောက်ပိုင်းမှာတော့ ဂါယာမြို့ ဆေးရုံမှာ ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက် ဒဏ်ရာရခဲ့ကြတဲ့ သံဃာတော်တွေကို ဆိုနီယာ ဂန္ဓီ သွားကြည့်ဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။

ဆိုနီယာ ဂန္ဓီဟာ အိန္ဒိယနိုင်ငံမှာ အစိုးရရာထူး အတိအကျယူမထားပေမယ့်လည်း လက်ရှိအာဏာရ ကွန်ဂရက်ပါတီရဲ့ ဥက္ကဌတာဝန်ကို ယူထားတာကြောင့် နိုင်ငံရေးအရ သြဇာရှိတဲ့သူ တဦးဖြစ်ပါတယ်။

ဆိုနီယာ ဂန္ဓီနဲ့အတူ လိုက်ပါလာတဲ့ ပြည်ထဲရေးဝန်ကြီးကတော့ ဒီဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး အမျိုးသားထောက်လှမ်းရေးဌာနက စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်နေပြီလို့ ပြောပါတယ်။ ဒီဖောက်ခွဲမှုမှာ လူ ၃ ယောက်ကနေ ၄ ယောက်အထိ ပါဝင် ပတ်သက်နိုင်တယ်လို့ ပြည်ထဲရေးဝန်ကြီး Sushilkumar Shide က ပြောပေမဲ့ ဘယ်သူ့လက်ချက် ဖြစ်တယ်ဆိုတာတော့ ထုတ်ဖော် ပြောဆိုခြင်း မရှိသေးပါဘူး။

ဒီဖောက်ခွဲမှုမှာ ပါဝင်ပတ်သက်လို့ သံသယရှိသူ ၄ ဦးကို အိန္ဒိယအစိုးရ အရာရှိတွေက အင်္ဂါနေ့မှာ ဖမ်းဆီး ထိန်းသိမ်းခဲ့ပေမယ့်လည်း နောက်ပိုင်း သူတို့နဲ့ ပတ်သက်ခြင်း မရှိတာကို စုံစမ်း သိရှိရတဲ့အတွက် ဒီကနေ့မှာပဲ အားလုံးကို ပြန်လွှတ်ပေးလိုက်တယ်လို့ အိန္ဒိယနိုင်ငံအခြေစိုက် မြန်မာ့အရေးလှုပ်ရှားသူ ဒေါက်တာ တင့်ဆွေက ပြောပါတယ်။

“မနေ့က ဖမ်းတဲ့ ၄ ယောက် လွှတ်လိုက်တယ်။ သူတို့ ဖမ်းတဲ့အကြောင်းရင်းက သူတို့က အဲ့ဒီ CCTV Footage မှာ ပါတယ်။ ပါပြီးတော့ နောက် အဲ့ဒီကို သူတို့က ၃ နာရီခွဲလောက် ရောက်တယ်။ နောက်ပြီးတော့ ဟိုတယ်ကို check in လုပ်တယ် ၄ နာရီမှာ။ နောက် ဗုံးပေါက်တာ ၅ နာရီခွဲဆို သူတို့က ဟိုတယ်ကနေ check out ၆ နာရီခွဲမှာ လုပ်သွားတယ်။ အဲ့ဒါနဲ့ သူတို့က ဖမ်းတာ။ အဲ စစ်လိုက်တော့ သူတို့က ဘုရားကို မရောက်ဖူးလို့ လာတဲ့ လူငယ်တွေဖြစ်နေတယ်။”

“ဘာမှမဆိုင်ဘူး။ သူတို့က ဗုံးပေါက်တာနဲ့ ကြောက်ကြောက်လန့်လန့်နဲ့ ထွက်ပြေးတဲ့သဘော ဆိုတာကို သိသွားလို့ ၄ ယောက်လုံးကို ပြန်လွှတ်ပေးလိုက်တယ်။ အမျိုးသမီး ၁ ယောက်နဲ့ အမျိုးသား ၃ ယောက်။ နောက်ထပ်ဖမ်းတာ ဘာမှ မရှိသေးဘူး။ Suspect ပဲ ကြေညာထားတာရှိတယ်။ ဓာတ်ပုံ ၃ ပုံပဲရှိတယ်။ အဖမ်းအဆီး လုံး၀ မရှိသေးဘူး။ ဘယ်အဖွဲ့ဆိုတာလည်း အတိအကျ မပြောနိုင်သေးဘူး။ အဲ့ဒါလည်း ဗွီဒီယို footage သူတို့ရဲ့ clue က နှစ်ခုပဲရှိတယ်။ အဲ့ဒီ CCTV Footage နဲ့ ဒီ မပေါက်ကွဲတဲ့ ဂတ်စ်နဲ့ ဒါ အသေးစား ၃ လုံး ဒီဟာပဲရှိတယ်။ ကျန်တဲ့ clue ဘာမှမရှိဘူး။ ဒါကြောင့် သူတို့ ခက်နေတာ။”

အခုချိန်ထိ ဗုံးဖောက်ခွဲမှုနဲ့ ပတ်သက်ပြီး ဖမ်းဆီး အရေးယူနိုင်ခြင်း မရှိသေးတဲ့အတွက် သတင်းအချက်အလက် ပေးနိုင်သူကို ရှုပီး တသန်း ဆုချမယ်လို့ အိန္ဒိယ အမျိုးသား လုံခြုံရေးအေဂျင်စီက ကြေညာချက် ထုတ်ပြန်ထားပါတယ်။

ဗုံးပေါက်ကွဲမှုအတွင်း ထိခိုက်ဒဏ်ရာရခဲ့တဲ့ မြန်မာ ရဟန်းတော် အရှင် ဝိလာသ သဂ္ဂ ကတော့ ဒီကနေ့မှာ ကျန်းမာရေးအခြေအနေ တိုးတက်ကောင်းမွန်နေပြီး ထူထူထောင်ထောင် ရှိတယ်လို့ သူ့ကို သွားကြည်ခဲ့တဲ့ မြန်မာ ရဟန်းတော် ဦးတေဇိန္ဒက ပြောပါတယ်။ ဒါ့အပြင် အရှင် ဝလာသ သဂ္ဂအတွက် နိုင်ငံတကာက ပေးပို့ကြတဲ့ လှူဖွယ်ပစ္စည်းတွေကို စင်္ကာပူမှာ နေထိုင်နေတဲ့ အကိုဖြစ်သူက ဒီကနေ့ပဲ ဗုဒ္ဓဂါယာကို သယ်လာပေးတယ်လို့ သိရပါတယ်။
XS
SM
MD
LG