ဆိုနီရုပ်ရှင်က ပြဿနာဖြစ်နေတဲ့ အငြင်းပွားဖွယ် The Interview ဟာသကားကို ခရစ္စမတ်နေ့မှာ ရုပ်ရှင်ရုံပေါင်း ၂၀၀ မှာ ရုံတင်ပြသမယ်လို့ ကြေညာခဲ့ပြီး နောက် တနေ့မှာပဲ ဇာတ်ကားကို စတင် ဖြန့်ဖြူးလိုက်ပြီဖြစ်ပါတယ်။ ဒီရုပ်ရှင်ကို YouTube-Google Play နဲ့ Microsoft Xbox တို့လို Digital နည်းပညာသုံး နေရာအများအပြား ကနေလည်း ကြည့်ရှုနိုင်ပြီ ဖြစ်ပါတယ်။
လွတ်လပ်စွာ ပြောဆိုလုပ်ဆောင်ခွင့် မရစေချင်သူတွေက ဆိုနီရဲ့ စီးပွားရေးလုပ်ငန်းတွေကိုပါ လာပြီး စော်ကားတဲ့လုပ်ရပ်ကို ဆန့်ကျင်တဲ့အနေနဲ့ ဒီရုပ်ရှင်ကို ပြသဖြစ်ဖို့က အရေးကြီးတယ်လို့ ဆိုနီရုပ်ရှင်ထုတ်လုပ်ရေးက ပြောပါတယ်။
ဒီရုပ်ရှင်ကိုပြရင် အကြမ်းဖက်မှု ရှိနိုင်တယ်လို့ ခြိမ်းခြောက်မှုတွေ ရှိနေတာမို့ အမေရိကန် ရုပ်ရှင်ရုံလုပ်ငန်းရှင် အများအပြားက ပြသဖို့ ငြင်းပယ်ခဲ့တာကြောင့် ဒီကားကို မပြဖို့ ပြီးခဲ့တဲ့ သီတင်းပတ်ကပဲ ဆိုနီက ရုပ်သိမ်းခဲ့ရတာပါ။
ရုပ်ရှင်ထဲမှာ အမေရိကန် ထောက်လှမ်းရေးက အသစ်ခန့်ထားခဲ့တဲ့ သတင်းထောက် ၂ ယောက်က မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းကို လုပ်ကြံတဲ့ ဟာသကား ဖြစ်ပါတယ်။
မြောက်ကိုရီးယားက ဒီရုပ်ရှင်အတွက် ဝေဖန်ရှုတ်ချခဲ့သလို ဆိုနီရုပ်ရှင်ကုမ္ပဏီရဲ့ ကွန်ပြူတာတွေလည်း ဒီလအစောပိုင်းမှာပဲ ဖောက်ထွင်းတာခံခဲ့ရပြီး အဖိုးတန် သတင်းအချက်အလက်တွေနဲ့အတူ လျှို့ဝှက်အချက်အလက်တွေပါ ခိုးယူတာခံခဲ့ရတာပါ။ ဒီဆိုဒ်ဘာ တိုက်ခိုက်မှုကို မြောက်ကိုရီးယားက လုပ်ဆောင်တယ်လို့ အမေရိကန် အစိုးရက စွပ်စွဲပေမဲ့ မြောက်ကိုရီးယားက ဒါကို ငြင်းဆိုပါတယ်။
အမေရိကန် သမ္မတ Barack Obama ကလည်း ဆိုနီက ဒီကားကို ရုံတင်မပြဘူးလို့ ပြောခဲ့တာဟာ အမှားတရပ်လို့ ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ ပြောကြားခဲ့ပါတယ်။ အခု အကန့်အသတ်ထားပေမဲ့ ရုံတင်ပြဖို့လုပ်ပြီး အများကြည့်ရအောင် စီစဉ်ပေးတာမို့ မစ္စတာ အိုဘားမားက ကြိုဆိုကြောင်း သမ္မတအိမ်ဖြူပြောခွင့်ရ Eric Schultz က ဗုဒ္ဓဟူးနေ့မှာ ပြောကြားခဲ့ပါတယ်။