သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သတင်းထောက် Sotloff ခေါင်းဖြတ်သတ်ခံရဗွီဒီယို ISIS အစွန်းရောက်ထုတ်ပြန်


ဖမ်းဆီးထားတဲ့ အမေရိကန်သတင်းထောက် Steven Sotloff ဖြစ်ပုံရသူကို ခေါင်းဖြတ်သတ်တဲ့ ဗွီဒီယိုကို Islamic State အစ္စလာမ်စစ်သွေးကြွတွေက ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီ ဗွီဒီယိုရဲ့ စစ်မှန်မှုကို စစ်ဆေးနေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Jen Psaki က ပြောကြားခဲ့ပါတယ်။

တကယ်သာဖြစ်ခဲ့မယ်ဆိုရင် အော်ဂလီဆန်စရာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဗွီဒီယိုထဲမှာ မျက်နှာကို အဝတ်အမဲရောင်နဲ့ ဖုံးအုပ်ထားသူက Sotloff ကို သတ်ရတာဟာ အီရတ်မှာရှိနေတဲ့ Islamic State အဖွဲ့ဝင်တွေအပေါ် အမေရိကန်က လေကြောင်းကနေ တိုက်ခိုက်မှုအတွက် လက်တုံ့ပြန်တာ ဖြစ်တယ်ဆိုပြီး ဗြိတိန်မှာပြောကြတဲ့ အင်္ဂလိပ်အသံထွက်မျိုးနဲ့ သမ္မတ Barack Obama ကို တိုက်ရိုက် ပြောထားပါတယ်။

“ခင်ဗျားရဲ့ Missile လက်နက်တွေနဲ့ ကျုပ်တို့ရဲ့လူတွေအပေါ် ဆက်ပြီး တိုက်နေမယ်ဆိုရင် ကျုပ်တို့ရဲ့ ဓားနဲ့ ခင်ဗျားတို့လူတွေရဲ့ လည်တွေကို ဆက်လှီးသွားမှာ ဖြစ်တယ်” - လို့ အဲဒီစစ်သွေးကြွက ပြောပါတယ်။ သူတို့ဖမ်းဆီးထားတဲ့ ဗြိတိန်လူမျိုး ဓားစာခံ David Cawthorne Haines ကိုလည်း သတ်ပစ်မယ်လို့ ဗွီဒီယိုထဲမှာ ခြိမ်းခြောက်ထားပါတယ်။

သတင်းထောက် Sotloff ကို သတ်ဖြတ်သူတွေဟာ ရွံမုန်းစရာ၊ စက်ဆုပ်စရာ ကောင်းတယ်လို့ ဗြိတိန်ဝန်ကြီးချုပ် David Cameron က ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့လကပဲ နောက်ထပ် အမေရိကန် သတင်းထောက် James Foley ကို Islamic State စစ်သွေးကြွတွေက ခေါင်းဖြတ်သတ်ခဲ့ပြီး အဲဒီသတ်ဖြတ်တဲ့ ဗွီဒီယိုကိုလည်း Online မှာ တင်ခဲ့ပါတယ်။

XS
SM
MD
LG