[[Zawgyi/Unicode]]
အမေရိကန်သမ္မတ Joe Biden ဟာ ဝါရှင်တန် ဒီစီ စံတော်ချိန် အင်္ဂါနေ့ညဘက် ကပြောတဲ့ နိုင်ငံတော်အခြေပြမိန့်ခွန်းထဲမှာ ယူကရိန်းအရေးနဲ့ နိုင်ငံတွင်း ကိုဗစ်ကပ်ရောဂါအရေး၊ ကုန်ဈေးနှုန်းကြီးမြင့်နေတာနဲ့ နိုင်ငံရေးမှာ အပြင်းအထန် ကွဲပြားနေတာ တွေကို အဓိကပြောသွားပါတယ်။
သူ့မိန့်ခွန်းတခုလုံးမှာ တောက်လျှောက်လိုပြောသွားတာကတော့ သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပွဲတုန်းက ပြောခဲ့ဖူးတဲ့ ညီညွတ်ရေးဆိုတာပါပဲ။
“ကျနော်တို့ဟာ ကြုံလာသမျှအကျပ်အတည်းတိုင်းကို အခွင့်အလန်းအဖြစ် ပြောင်း ပစ်လိုက်နိုင်တဲ့ ကမ္ဘာပေါ်က တခုတည်းသော တိုင်းပြည်ပဲဖြစ်ပါတယ်” လို့ တနာရီနီးပါးကြာ မိန့်ခွန်းမှာ သမ္မတဘိုင်ဒန်က ပြောသွားပါတယ်။
“လွန်ခဲ့တဲ့တနှစ်ကထက် ကျနော်တို့ ပိုပြီး ခိုင်မာအားကောင်းလာပါတယ်။ ဒီကနေ့ ကနေ နောင်တနှစ်ကြာတဲ့အခါ အခုထက်ပိုပြီး ခိုင်မာအားကောင်းလာပါမယ်။ လက်ရှိအချိန်ဟာ ကျနော်တို့ခေတ်မှာ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ရင်ဆိုင်ကျော်လွှားရ မယ့် အချိန်ကာလပဲဖြစ်ပါတယ်” လို့ သမ္မတဘိုင်ဒန်က ပြောပါတယ်။
ယူကရိန်းကို ရုရှားက ကျူးကျော်တိုက်ခိုက်တာနဲ့ပတ်သက်ပြီး သမ္မတဘိုင်ဒန်က အပြင်းအထန် ပြစ်တင်ရှုတ်ချပြီးတော့ လက်ရှိ အရေးယူ လုပ်ဆောင်ထားတာတွေအပြင် ရုရှားလေယာဉ်တွေ အမေရိကန်လေပိုင်နက်ထဲ ဖြတ်ပြီးပျံသန်းခွင့် ပိတ်ပင်လိုက်တဲ့ အကြောင်းကိုလည်း ကြေညာသွားပါတယ်။ ဒီအပေါ် ပါတီနှစ်ရပ်လုံးက လွှတ်တော်အမတ်တွေ လက်ခုပ်တီး အားပေးခဲ့ကြပေ မယ့် သူ့ရဲ့ ပြည်တွင်း လုပ်ငန်းစီမံကိန်းတွေနဲ့ ပတ်သက်လို့တော့ ရီပတ်ဘလီကန်ပါတီဘက်က ဝေဖန် တုံ့ပြန်ခဲ့ပါတယ်။
=============
[[Unicode]]