တောင်ကိုရီးယား ရေတပ်သင်္ဘော နစ်မြုပ်သွားတဲ့ ကိစ္စကို လုံခြုံရေးကောင်စီတင်ပြီး သည်းမခံနိုင်လောက်အောင် တောင်ကိုရီးယားနိုင်ငံက ဆော်သြ စည်းရုံးနေတဲ့အတွက် လက်တုံ့ပြန်မယ်လို့ မြောက်ကိုရီးယားက သတိပေးလိုက်ပါတယ်။
တောင်ကိုရီးယားက သံတမန်ရေးအရ ဆောင်ရွက်နေတာတွေကို ပြင်းပြင်းထန်ထန် အပြစ်ပေးတာနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ ကြေညာချက် ထုတ်ပြန်ခဲ့တာကို မြောက်ကိုရီးယား နိုင်ငံတော်ပိုင် ရုပ်မြင်သံကြားက တနင်္ဂနွေနေ့က ကြေညာသွားခဲ့ပါတယ်။
ချိုနန်း (Cheonan) သင်္ဘော နစ်မြုပ်သွားခဲ့တာဟာ မြောက်ကိုရီးယား ရေငုပ်သင်္ဘောက တိုက်ခိုက်တာကြောင့် ဖြစ်တယ်လို့ တောင်ကိုရီးယားနိုင်ငံက ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ သောကြာနေ့က တိုင်တန်းခဲ့ပါတယ်။
မြောက်ကိုရီးယားက နောက်ထပ် ရန်စလာမှာတွေကို တားပေးနိုင်မယ့် နည်းလမ်းမျိုးနဲ့ လုံခြုံရေးကောင်စီက တုံ့ပြန်သင့်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ တောင်ကိုရီးယား သံအမတ်ကြီးက ပြောပါတယ်။
ရေတပ်သား ၄၆ ယောက် သေဆုံးခဲ့ရတဲ့ မတ်လအတွင်းက အဲဒီ တိုက်ခိုက်မှုဟာ သူနဲ့ ဘာမှမဆိုင်ဘူးလို့ မြောက်ကိုရီးယားက ပြင်းပြင်းထန်ထန် ငြင်းဆိုထားပါတယ်။