သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်အာဖရိက ANC ပါတီ ရာပြည့်အခမ်းအနား ဆင်နွှဲ


တောင်အာဖရိက ANC ပါတီ ရာပြည့်အခမ်းအနား ဆင်နွှဲ

တောင်အာဖရိကနိုင်ငံက လက်ရှိအာဏာရ အာဖရိကအမျိုးသားကွန်ဂရက် (ANC) ဖွဲ့စည်း တည်ထောင်တာ နှစ်တစ်ရာပြည့်တဲ့ အထိမ်းအမှတ်ပွဲတော်တွေကို အခု စနေနဲ့ တနင်္ဂနွေနေ့တွေမှာ ကျင်းပခဲ့ကြပါတယ်။ အဲဒီရာပြည့်ပွဲတော် အခမ်းအနားတွေကို တောင်အာဖရိကသမ္မတ ဂျက်ကော့ဖ်ဇူးမား (Jacob Zuma) ကဦးဆောင်ပြီး ကျင်းပခဲ့တာပါ။ အာဖရိကတိုက်အတွင်းမှာ သက်တမ်းအရင့်ဆုံး လွတ်မြောက်ရေး လှုပ်ရှားမှုရဲ့ ရာပြည့်ပွဲ ဖြစ်တာကြောင့် တခြား အာဖရိကနိုင်ငံ ခေါင်းဆောင်တွေကလည်း အဲဒီပွဲကို တက်ရောက်ခဲ့ကြ ပါတယ်။

နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် နယ်ဆင်မန်ဒဲလား ခေါင်းဆောင်တဲ့ လူထုလှုပ်ရှားမှုတွေကြောင့် တောင်အာဖရိကမှာ အသားအရောင်ခွဲခြားရေး ပျောက်ကွယ်ခဲ့ရပါတယ်။ အခုကျင်းပတဲ့ ရာပြည့်ပွဲ အခမ်းအနားတွေကိုတော့ မစ္စတာ မန်ဒဲလား အားနည်းနေလို့ ကျန်းမာရေးအရ မတက်ရောက်နိုင်ခဲ့ပါဘူး။ ရိုးရာအစဉ်အလာအတိုင်း အဓိကကျင်းပတဲ့ အခမ်းအနားတွေကိုတော့ ANC အဖွဲ့ ဖြစ်ထွန်းခဲ့တဲ့ Bloemfontein မြို့မှာလုပ်ပါတယ်။

လူမည်း ပညာတတ်တွေနဲ့ တက်ကြွ လှုပ်ရှားသူတွေက ၁၉၁၂ ခုနှစ် ဇန်န၀ါရီလ ၈ ရက်နေ့ကစပြီး ထူထောင်ခဲ့တဲ့ ANC ရာပြည့်ပွဲ အခမ်းအနားမှာ တောင်အာဖရိက သမ္မတ ဂျက်ကော့ဖ်ဇူးမားက အာဖရိက အမျိုးသားကွန်ဂရက် (ANC) ကို ထူထောင်သူတွေကို ဂုဏ်ပြုတဲ့အနေနဲ့ Bloemfontein မြို့က ဘုရားရှိခိုးကျောင်းမှာ မနေ့က ညက မီးတိုင်ထွန်းညှိခဲ့ပါတယ်။

ANC အဖွဲ့ဟာ ခွဲခြားဆက်ဆံမှုတွေကို တိုက်ဖျက်လိုတဲ့ ဆန္ဒတွေအရ ပေါ်ပေါက်ခဲ့တာဖြစ်ပြီး ဒီအဖွဲ့ရဲ့ ဦးဆောင် ရုန်းကန်မှုတွေကြောင့် တောင်အာဖရိကမှာ လူနည်းစုဖြစ်တဲ့ လူဖြူတွေ အုပ်ချုပ်ကြီးစိုးတာကို ၁၉၉၄ ခုနှစ်မှာ အဆုံးသတ်စေခဲ့ပါတယ်။ နယ်ဆင်မန်ဒဲလားဟာ တောင်အာဖရိကနိုင်ငံရဲ့ ပထမဆုံး လူမည်းသမ္မတ ဖြစ်လာခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG